Friday, 27 January 2012

သူယောင်နေ့များ

ဘာအာမခံချက်တွေမှပေးမထားဘဲ
မနက်ဖြန်တွေကိုပဲ ကျုပ်တို့မျှော်လင့်
အခွင့်အရေးတစ်ခုတလေများ
မျက်စိလည်လမ်းမှား…ပါလာလေမလားလို့…။

မျှော်လင့်ချက်အသစ်စက်စက်တွေနဲ့
စိစိညက်ညက်ကြေနေတဲ့ရင်ခွင်
ဘဝင်များတောင်မြင့်နေသေး
မရောက်လာသေးတဲ့ မနက်ဖြန်ဟာ…
မဟာအခွင့်အရေးသစ်တွေကိုပဲ
ချစ်မြတ်ခွင့်ပေးတော့မယောင်နဲ့…။

တည်းတည်းမျှင်မျှင်ကျန်နေတဲ့
ရှင်သန်နေထိုင်မှုကို
အင်မတန်ထုထည်ကြီးသယောင်ဖန်ဆင်း
ခပ်တင်းတင်းနဲ့…
မနက်ဖြန်တွေကို လိုက်လံခူးဆွတ်နေလိုက်တာ
အရူးအမူးပါပဲ။

မနော်ဟရီ

နှင်းစက်ရက်လွန်

ရှုံးနိမ့်ခဲ့ရတဲ့ တောင်ကုန်းလေးရဲ့ခံတပ်စောင့်ဟာ… ငါပါ
ငါ့ရဲ့မြစ်ပြင်ကျယ်ကလေးကတော့… ဟိုးအဝေးမှာ
ဗေဒါတချို့ မြစ်ကျဉ်းတချို့နဲ့… ခပ်တိုးတိုးလေးစီးဆင်းလို့
တကယ်တော့…
လွင်ပြင်တွေဘယ်လောက်ပဲ ကာဆီးကာဆီး
ငါတို့ရဲ့ကောင်းကင်ပြာကတော့… တစ်ခုတည်းပါပဲ။
လရောင်ဖြာကျနေပုံကအစ အထီးကျန်ဆန်လှတဲ့ညတွေ
…….
အများကြီးပါ
တကယ်ဆိုရင်…
ပန်းရနံ့လေးပဲဖြစ်ဖြစ် သာသာယာယာကြားချင်မိတာပေါ့
အာရုံတွေကန်းနေတဲ့လူတစ်ယောက်ဖြစ်ခဲ့ရင်တော့ အကောင်းသား
ခုတော့လည်း…
လောကရဲ့ဆွံ့အမှုတွေကိုအဓိပ္ပာယ်ရှာ… သည်းခံတတ်ခဲ့ပါပြီ။
ငှက်ကလေးရေ…
နာကျင်နေတဲ့တေးတွေကို အလိုမကျစွာ သီဆိုနေတုန်းလား
သံစဉ်တစ်ခုရဲ့ ဂီတကို စည်းဝါးကျကျ မခံစားတတ်သူရယ်လို့ မရှိပါဘူး
တစ်ခါတစ်ခါတော့လည်း…
ကံကြမ္မာပတ်မသံဟာရင်ကွဲမတတ် ကျယ်လောင်လွန်းလှပါတယ်
ငါကတော့… ဆောင်းခိုငှက်ကလေးတစ်ကောင်ရဲ့ ဘဝဂီတကို
ဟိုအဝေးကနေစိတ်နဲ့
ကြားနာချင်နေမိတာတစ်ခုပါပဲ။
ပန်းချီကားတစ်ချပ်ရဲ့ သက်ဝင်မှုမျိုးလောက်နဲ့တော့
ငါ့ကိုမဖြားယောင်းပါနဲ့တော့…
ငြိမ်းအေးခြင်းတွေ ခုန်ဆင်းထွက်ကျမလာမယ့်အတူတူ
အဖြူရောင်တွေ အိပ်စက်နေပါစေလေ…
(မေမေ…အိပ်ရာဝင်ပုံပြင်တွေထဲက နတ်ဆိုးတစ်ပါးပါးများ
ခရီးထွက်ခဲ့သေးသလား… )
သံယောဇဉ် ဆိုတာ
တကယ်တော့ ရာသီဥတုလေးတစ်ခုသက်သက်ပါ
ဘုရားသခင်က တိတ်တဆိတ်ဖန်ဆင်းခဲ့တဲ့အရာပေါ့…
အရာရာအစစ မိုင်ပေါင်း(၅၀ဝ)မက ဝေးကွာသွားကြတဲ့အခါ
မရိတ်သိမ်းလိုက်ရတဲ့ ပျိုးခင်းဝါဝါတွေ…
ငါတို့ရဲ့တစ်ခုတည်း ကောင်းကင်ပြင်ကြီးအောက်မှာ…
ဒဏ္ဍာရီဂီတတွေနဲ့
ပင့်သက်လွင့်ဝေနေဦးမလား… ။
ညရေ…
အမှောင်ကဝေတွေ သေဆုံးသွားတော့မှာလား…
ဆောင်းညတွေရဲ့အမှားတွေ…
ငါ့ခံတပ်ကလေးမှာ… ကဗျာမဆန်စွာ… အတုံးအရုံးစုပုံလို့
ငါတို့…
ဘာလို့… နှင်းကျခဲ့ကြတာပါလိမ့်… ။

မနော်ဟရီ

လက်တမ်းပုံပြင်

ရင်ကိုတောက်စားတတ်တဲ့ဖဲပွင့်တွေအကြောင်းကစ ရအောင်
“ချစ်တယ်”ဆိုတာတကယ်တော့“သေဆုံးခြင်း”တဲ့..
နားလည်သူတွေရဲ့ ခေါင်းတညိတ် ကိုပဲ လက်ခံမှာပါ..
အနာဂါတ်ဟာ ဘာအကြောင်း အရာမှရေးထိုး မထားတဲ့ စာရွက်တစ်ရွက် မှ မဟုတ်ပဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ…
“မသေချာဘူး”ဆိုတဲ့ လူတွေကို ပြုံးကြည့်ရင်း
မျက်နှာကြော တွေ တောင် တင်းလာ လိုက်တာ
ကမ္ဘာဦးကျမ်းကြီး တောင် မြွေတစ်ကောင်နဲ့  အကြီးအကျယ် ပြဿနာတက်လို့ ..
“ငါတို့ နောက်ဆုတ် ကြပါတော့လား”
ကိုယ့်ကိုကိုယ် ပြောတာတောင် ကြားအောင် မပြောရဲတဲ့ နောက်
ချောက်ကမ်းပါး ဆိုတာလည်း ဂန္ထ၀င် ဂီတတစ်ပါး ပဲပေါ့
တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။

မနော်ဟရီ
၂၀၀၃၊ ရွှေဖူးစာ မဂ္ဂဇင်း၊ အချစ်ဂျာနယ်

Good Night (ကောင်းသောညပါ)

‘ ကောင်းသောညပါ … ‘
ငါတို့ရဲ့ ဇာတ်လမ်းဟာ
မနက်ဖြန်ခါမှာ အဆုံးသတ်ရတော့မယ် … ။

ခုတော့ …
အပြာရောင် အလင်းတောင်ပံနဲ့ နတ်သမီးလေးတွေဟာ
မင်းရဲ့ နှလုံးသားက
မျက်ရည်နဲ့ ဝမ်းနည်းမှုပုံရိပ်တွေကို
ဖယ်ရှားပစ်လိမ့်မယ် …
ပြီးတော့ …
မင်းကို ‘ ငြိမ်းချမ်းခြင်း ‘ ပေးလိမ့်မယ် …
‘ ကောင်းသောညပါ … ‘

‘ ကောင်းသောညပါ … ‘
မင်းရဲ့ နားထဲမှာ …
ချစ်စရာကောင်းတဲ့ တီးတိုးသံတို့ရဲ့
နူးညံ့တဲ့ ပဲ့တင်ရိုက်ချက်တွေ …
တုန်ခါရိုက်ခတ်နေပါစေ …
ပြီးတော့ …
အိပ်စက်ခြင်းရဲ့ သဏ္ဌန်မဲ့စိတ်ကူးရိပ်တွေကနေ
မင်းရဲ့ အိပ်မက်တွေကို ဖြတ်သန်းလို့
ငါ့ရဲ့ အပြုံးရိပ်တွေ ဖြစ်တည်လာလိမ့်မယ်

] ကောင်းသောညပါ }
မင်းရဲ့ နှုတ်ခမ်းပါးတွေကို
ငါစောင့်စားနေတဲ့အခါ
မင်းရဲ့ မျက်ဝန်းတွေကို ဖွင့်ထားပေးပါ …
မင်းရဲ့ အခြွေအရံတွေကိုလည်း
မခေါ်လိုက်ပါနဲ့ဦး …
မင်းရဲ့ ရင်ခွင်ကို နမ်းရှိုက်မလို့
နောက်တစ်ကြိမ်တည်းရယ်ပါ … ။

‘ ကောင်းသောညပါ … ‘
ဒါဟာ သိပ်ကိုနောက်ကျနေခဲ့ပြီးလား …

‘ ကောင်းသောညပါ … ‘
တံခါးကိုပိတ်လို့ မင်းလှည့်ထွက်သွားတ်ယ

‘ ကောင်းသောညပါ ‘
… ဟုတ်တယ် …
မင်း …
ငါ့ရဲ့ ‘ ကောင်းသောည ‘ နှုတ်ဆက်သံကို
မစောင့်ဘဲ
ဘယ်တော့မှ
အိပ်ရာဝင်မှာ မဟုတ်ပါဘူး။

မနော်ဟရီ