Tuesday, 27 December 2011

တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာက
သဘာဝပါခင် ။ ။
အလှကြည့်ခံချင်လို့
ပန်ဆင်စေရည်စူးပြီး
ဖူးပွင့်မဆင်။ ။

ခင်ကြိုက်ရင်အညှာကိုချိုး
ခင်မြတ်နိုးတော့ပန်ချင်ပန်
ခင်မပန် ခင်မကြိုက်တော့လဲ
ပစ်လိုက်ပေါ့ နော် ခင်...
ဆင်ချင်မှ ဆင်ပါတော့။ ။

ခင်ရယ် ...
မကြင်လို့ဘဲဖြစ်ဖြစ် မမြင်လို့ဘဲဖြစ်ဖြစ်ပေါ့၊
သစ်ရွက်ကြိုသစ်ရွက်ကြားက
ခင်သွားရင်ရနံ့ပေး
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင်ကျေနပ်ပါရဲ့
ရွက်ချပ်စိုကြိုအကြားမှာဘဲ
ပွင့်သွားတာပေါ့ ....။ ။

မောင်စိန်ဝင်း ( ပုတီးကုန်း )

နေဆယ်ဆင်း လမင်းဆယ်ဆူ

တစ်ခါတစ်လေ
နေဆယ်စင်းလို၊ ပူပြင်းတယ်ခင် ...

တစ်ခါတစ်ခါ
ရင်မှာရွင်ပျ ၊ လဆယ်ဆူနှယ်
ကြည်နူးတယ်ခင် ... ။

မောင့်ရင်တွင်းမှာ
နေမင်းလမင်း၊ ဆယ်စင်းပြိုင်တူ
ပူကြသာကြ ၊ ခံစားရအောင်
လွမ်းရဆွေးရ ၊ ကြည်နူးရအောင်
နှောင်တွယ်ကျွမ်းရစ် ၊ သောကဖြစ်သည်
အချစ်ဆိုတာ ဒါလားခင် ...။

မောင်စိန်ဝင်း (ပုတီးကုန်း)

ချစ်သူသိလေ

ပန်းပွင့်ရှိမှ ရနံ့ရတာ
မဟုတ်ပါဘူး ဖူးသည့်တငုံ
ထုံသည့်တပွင့် နမ်းခွင့်တရှိုက်
ရရှိခိုက်မှထာဝရတည်
ကာလရှည်လျား နှလုံးသားမှာ
စွဲမြဲစွာဖြစ် ထုံနံ့ယစ်ဝေ
ပံျ့ဆွတ်စေ ချစ်သူသိလေ။ ။

မျက်နှာတွေ့မှ မြင်ခွင့်ရတာ
မဟုတ်ပါကွယ် ဘယ်ကိုရောက်ရောက်
ဘယ်လောက်ဝေးဝေး အတွေးမှာရှိ
အကြည့်မှာမြင် သူဘဲထင်တယ်
ကောင်းကင်လိုဘဲ မော့ကြည့်ဆဲမှာ
တွေ့နိုင်ပါ ချစ်သူသိလေ။ ။

အသံကြားမှ နားမှာဆတ်ဆတ်
ကြားလာတတ်တာ မဟုတ်ပါလေ
စမ်းရေသံကြား သူ့စကားရှိ
ငှက်တေးမှာ သူ့သံသာတွေ
နှုတ်ချွေစကား နားမှာတီးတိုး
ဟိုးအရင်လို ရွှင်ချိုကြည်မြ
ကြားနေရ ချစ်သူသိလေ။ ။

ချစ်သူသိလေ
သတိရလျှင် ဒေသအကွာ
နေရတာကွဲ ဘယ်လိုကွဲကွာ
ဘယ်လောက်ကွာမလဲ ဘယ်မှာဖြစ်ဖြစ်
တွယ်တာရစ်ငင် ထာဝရထင်သော
ရင်ထဲအရိပ် စွဲလန်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာရှိနေသူ။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

နေ့စွဲမရှိတဲ့ အချစ်

မမေ့ရဲပေမယ့်
တစ်နေ့ ခွဲရမှာတော့
သိတယ်ခင်။

နေ့စွဲမဲ့အချစ်
မမေ့ရဲတဲ့ အဖြစ်တွေမို့
ယနေ့လည်း သစ်ဆဲ သစ်မြဲလို့ထင်။

'ဘာသံမှ မကြားချင်ဘူးနော်' တဲ့
အမိန့်တော်လို အမှာစကားတွေနဲ့
အခါတစ်ပါးက သူ့သံစဉ်
အခုပြန်မြင်ရဲ့ သူ့အမူအနွဲ့။

တရံခါဆီက
ဒဏ္ဍာရီလို အဖြစ်တစ်ခုလို့
ချစ်သူ့အတွေးမှာ ပုံပြင်မှတ်ပါသလား ...
စိမ်းပြတ်နာ မာနအငွေ့တွေနဲ့
တိမ်းဖြတ်ကာ ထာဝရမေ့ချင်လို့
မတွေ့သာအောင် သခင်ခွဲတော့မှ
ရင်ထဲမှာ ဝေဒနာကျွမ်းကာ
အချစ်ရယ် ...လွမ်းလို့ ကျန်ရဲ့။

မောင်စိန်ဝင်း (ပုတီးကုန်း)

ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

လွမ်းရဲတယ်

သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။

မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်

မာယာမိုး

ပြိုမယောင်
ဟိုတောင်ကမိုး..................။

လေအဝှေ့မှာတော့
ရေငွေ့တွေ ဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်.....................
သူမေ့မှာစိုး......................။

နွေဝေဒနာ

သရက်ကင်းတွေလည်း
မြက်ခင်းမှာ ကြွေပြီခင်။

နွေလေပူ တစ်ချက်သုတ်လေတော့
အရွက်ပြုတ်သရက်ပင်။

ချစ်သူမေ့ပြီလား
ငယ်ဓလေ့ အရွယ်နုစဉ်က
မောင့်ဥယျာဉ် သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလည်း
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ ။

သရက်ကင်းနဲ့မှ
ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့
နေ့တိုင်းပင် ဘိုစာမက်ပါလို့

အနောက်ဟန်ဖောက်ပြန်ဖျက်လေတော့
မောင့်သရက် သူမမင်
မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလည်း
အချစ်ရယ်----------
မေ့လောက်ပြီပေါ့။ ။

လွမ်းစံပယ်

တကယ်မဝေးပေမယ့်
စံပယ်လေးတွေခြောက်ပြီလေ..........
မခေါ်သာအတွေ့ခက်
နေ့ရက်တာရှည်...............
ပွင့်သစ်တို့ တဝေေ၀
ပွင့်ကြွေတို့တဖွေးဖွေး........
အသက်တမျှချစ်ပါရဲ့
လက္ခဏာ အဖြစ်လိုပွဲမ၀င်ထိုက်သူမို့
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့
အမှတ်တရကွယ် ခြေရာချန်သလား
ဝေဒနာကျန်၊ တမြည့်မြည့်အဆွေးတွေနဲ့
မရေရာပြန် ၊ တစေ့စေ့တွေးတောမှ
(အချစ်ရယ်) တစ်နေ့ထက် တစ်နေ့ဝေး။ ။

ကြောင်ဝံ့တဲ့သူ

သူပြောင်လျှင် ခေါင်ကွန့်လို့
ကြောင်ဝံ့တဲ့လူပါ၊
ရှောင်မတွန့် ကျောက်သော်မာလျှင်၊ နောက်တော်ပါသံချောင်း
ပျော့မယ်ပ ညီလွယ်လျှင်
ရွှေဆီဝယ် ချက်သည့်ဖယောင်း
အိုးတော်က ပဲ့ပိန်ပိန်၊ ရွဲ့လိမ်လိမ်စလောင်း
သူချိုလျှင် ကြံချောင်းပ
ဥာဏ်တစောင်းခါးမူ
တမာပင်ထိပ်ဖျားက ကြက်ဟင်းခါးသီးနိုင်တဲ့လူ
သူမဲက မှောင်ကူမယ်၊သူဖြူလျှင် ဖြူချင်းပ
ကြင်ချင်းကြင်မယ်ဆို၊ ကိုးဆလောက်ပို
ဆိုးကြစို့ တကယ်ဆိုလျှင်
ဓါးပြဗိုလ် လုပ်နိုင်ငဲ့လေး။ ။

မင်းဆိုသမျှ ကွင်းရှောင်မယ်

လက္ခဏာဟန်မကျချင်တော့၊ အနန္တခက်ထွေ
ကံမမှအသက်ရှည်မယ်၊ ကျမျက်ရေယိုဆင်း
တွေးမိတိုင်းစိတ်နာတယ်၊ မအိပ်တာလေးညအလင်း
ကာလကိုထောင်းချင်သည်၊ ကြောင်းအင်နော်မရှင်း
ကောင်းချင်သော်နုံဖျင်းလို့၊ ဒုံရင်းသို့လှည့်မယ်
မချိလို့ပေါ်တဲ့သွားတောင်၊ ရယ်သလားမေးကြလေတယ်၊
စကားကြောင့် တရားကွယ်၊ အလားဝယ်ကုန်ခမ်းလို့
ဘုံနန်းမြင့် အဆောင်ဆောင်၊ ကင်းရလေအောင်
မင်းဆိုသမျှ ကွင်းရှောင်မယ်
ထမင်းတောင်စားချင်ဘုလေး။ ။

ကိုရုပ်ဆိုး

ထိတ်စရာ လိပ်ပြာလှုပ်၊ ပြိတ္တာရုပ်သဖွယ်
မဲချက်က ကဲတက်ကြွယ်၊ ကျွဲနက်ဝယ်မခြား
ချေးသူဌေး မီးသွေးငိုသည်
ကျီးမွေးကို ရှုံးရတကား
ညစ်ထွေးလို့ ပြစ်ထွေးမှောင်တယ်
သစ်စေးရောင်အလား၊
အနက်တွင် မက်လင်သားပါပဲ၊
မျက်မြင်အားအမှန်၊
အမူမှာ ငါးခူရှုံ့ရ၊ လဒူမုန့်ကျွမ်းသည့်သဏ္ဍာန်၊
သပိတ်နှင့် ငချိတ်ဆန်လို၊ မနိပ်ဟန်ဆင်ကွဲပ၊
မင်ခဲနှင့် ပုလင်းဖင်လို၊ မဲမှောင်လို့ညို၊
မီးလောင်သည့် တုံးငုတ်တိုမှာ၊
ပုံးစုတ်ကို စွပ်ထားသို့လေး။ ။

မဆိုလျှင်

ဆယ့်လေးနှစ် ဖူးစတောင်၊ ဘီလူးမထင်တယ်၊
တစ်ဦးမှခင်တွယ်ပေါင်၊ စင်ကြယ်တဲ့ စိတ်ဇော၊
မိန်းမက လက်ကုတ်လာတောင်၊
စက်ဆုပ်တာ များတဲ့သဘော၊
ပုဂ္ဂိုလ်မြတ်တောင်ဖီလာလို၊
ချောင်မှီကာ စုံတော၊
မောင်သည်ခါးပုံလျှောလို့၊ တုံဏှိဘောနေချင်
နတ်ကညာလာ၍ စီးသော်လည်း၊
သဘက်ကြီး မောင့်စိတ်ကထင်၊
မ တလို့ဘ၀ကိုခင်ပေါင်၊
မ ဆိုလျင် ရွှေဓါးမနှင့်၊ ခြေမလက်မကိုပယ်၊
သိမ်းဖြတ်တော့မယ်၊ ပိန်းကောမ လှေငယ်ငယ်တောင်
ဖေတကယ် စီးချင်ဘူးလေး။ ။

ဓူဝံကြယ်မြေခစေ

ကြယ်ဓူဝံမြေခလို့၊ နေပတော့ကောင်းကင်
ရွှေလမှာဒေါင်းမြင်စေ၊ ပေါင်းမိလျှင်ခွာဘူး။
နိဗ္ဗာန်မှမရခင်၊ ဘ၀တွင်မုန်းစိတ်မကူး။
လူသားနဲ့ နတ်ကညာငယ်၊ သတ္တာဘာနှံဦး။
မြကျောက်ဖျာရေမှာ ကူးစေတော့
မသွေဘူးတကယ်။
ယုံစရာ စိန္တေပေါင်းမှာ၊ ကြိမ်ရေလောင်းခံဝင့်ပါတော့တယ်။
မှန်သစ္စာကတိရွယ်တယ်၊ ပရိယာယ် ဥာဏ်မဖက်ပါဘူး၊
သေကွက်လို့ သေတိုင်အောင်၊
စွဲလိမ့်နောက်နောင်။
မသွေတမ်းပ ဗွေနန်းဆောင်မှာ၊
ရွှေကျမ်းဆောင်ဆောင် ကြိမ်ဝံ့ပါရဲ့လေး။ ။

ပျိုမေတွေအတွက်စလေ တေးထပ်တပုဒ်

မျက်နှာကို ခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော်
လင်ငါးယောက်ပေါ်စေ ကျွန်တော်ကမလွဲ
တစ်သက်လုံး လင်ငယ်နေပါ
သည်မေကို ရိုးပြာကျစွဲ
ချစ်လှလို့ သည်းညည်းခံသည်
ဆဲရေးသံကိုလည်း
အငြိမ့်သံသည်ပွဲလို့ စိတ်ထဲကထင်တယ်၊
ကွာမည်ကိုမဆိုလိုက်ပါနှင့်
မယ်ရိုက်လျှင် ကုန်းခံပါ့မယ်၊
ဖိနပ်နှင့်အရပ်လယ်မှာ
မပြတ်ကွယ် မယ်ရိုက်တော့
နာလိုက်တာ စိတ်ကယ်နော်
ရွေးမျှမပေါ်
ခင်လေးက ကြင်ရေးမျှော်လျှင်
ထဘီလျှော်ခိုင်းတော့လေး။
(စလေဦးပုည)

သိကြားလိမ် (ဘုရားကိုနှစ်ရစ်လိမ်)

နန်းမေရုပြာသာဒ်၊‎
လမ်းဖြတ်တဲ့ ဣန္ဒာ၊‎
ကမ်းသတ်လို့ နှိမ်ရှာတယ်၊‎
အလိမ္မာလွန်သား၊‎
ထောက်လှမ်းချက် သုဓမ္မာဝယ်၊‎
ခုအခါ လစ်ကြသလား။‎

ဘုရားက သိကြားကို မှာတယ်၊‎
ဌကထာ ရှိသား၊‎
သာသနာ ငါထားငဲ့၊‎
မမှားအောင် စေ့ဆော်၊‎
မကောင်းသူ့ ကောင်းသူတို့ကို၊‎
ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။‎

‎ဝိမလနန်းသစ်ပေါ်မှာ၊‎
သန်းရှစ်ဖော် ရွေများနှင့်၊‎
ဘုရားကို နှစ်ရစ်လိမ်၊‎
ညစ်တဲ့မာဃိန်၊‎
ပစ်ရှာမယ့် ဝရဇိန်ငယ်၊‎
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။‎

စလေဦးပုည
‎(သိကြားလိမ်ဖွဲ့ – သာမညတေးထပ်)‎

ကာလဆိုး‎

ကာလနှယ် ဆိုးပါဘိ၊‎
သူခိုးက လူလူ၊‎
တောလေ့ပေါက် နန်းမူ၊‎
အိမ်သူကို ဧည့်စောင်း၊‎
သူကောင်းကို အပြစ်တင်၊‎
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။ ‎

လေးတရာ့ဆီမှန်လျှင်၊‎
ရေနံလောက်မကောင်း၊‎
စိတ်အနေ ရုပ်ပြောင်းလို့၊‎
ချောင်းကိုပ မြစ်ထင်၊‎
တူရိယာ နတ်စည်စောင်း၊‎
သူဖုန်းတောင်းချင်းကတဲ့သွင်။‎

‎ဝါးလုံးခေါင်း လသာချင်တယ်၊‎
အိမ်ထဲတွင် ကင်းဝပ်လို့၊‎
မုန်းဇာတ်ကြံကြပြီ၊‎
ဘုန်းရို့ဝသီ၊‎
ခုများဖြင့် မုသားညီတယ်၊‎
အပလီ ဗိုလ်မင်းပလေး။ ။‎

စလေဦးပုည
(ကလိယုဂ်ဖွဲ့ – သာမညတေးထပ်)

အကြမ်းတေးထပ်

သူပြောင်ရင် ခေါင်ကွန့်လို့၊
ကြောင်ဝံ့တဲ့လူပါ၊
ရှောင်မတွန့် ကျောက်သော်မာရင်၊
နောက်တော်ပါ သံချောင်း၊
ပြော့ကြစို့ ညီလွယ်ရင်၊
ရွှေဆီဝယ် ချက်တဲ့ ဖယောင်း။

အိုးတော်က ပဲ့ပိန်ရင်၊
ရွဲ့လိမ်လိမ် စလောင်း၊
သူချိုရင် ကြံချောင်းပ၊
ဉာဏ်စောင်း၍ ခါးမူ၊
တမာပင်ထိပ်ဖျားက၊
ကြက်ဟင်းခါး သီးနိုင်တဲ့လူ။

သူမဲက မှောင်ကူမယ်၊
သူဖြူရင် ဖြူချင်းပ၊
ကြင်ခြင်း ကြင်မယ်ဆို၊
ကိုးဆလောက်ပို၊
ဆိုးကြစို့ တကယ်ဆိုရင်၊
ဓါးပြဗိုလ် လုပ်နိုင်ငဲ့လေး။ ။

(ဦးပုည)

မယ်ဖွဲ့တေးထပ်

မြယုဂန် ဗွေစွန်းက၊
ငွေဝန်းပွင့် မူရာ၊
ရွှေကွန်းမြင့် ကျွန်းမာလာငယ်၊
ယုဇနာ တခန့် နှစ်ခန့်၊
ကြာကုမုဒ် ဝတ်ရည်ရည်၊
ဆွတ်ကြည်ကြည် သင်းပျံ့သင်းပျံ့။

နုကြန့်ကြန့် ငုံစြွီမာ၊
ပဒုံနီတျာ မဖန့်တဖန့်၊
ဖလ်ရောင်ချည် အချပ်အချပ်၊
အထပ်အထပ် စိန်ဆင့်လို့စီ။

ကမလ မြေကေသီငယ်၊
နတ်ဒေဝီ ပုံနှိုင်းတော့၊
ဘုံတိုင်းမှာ မမြင်မမြင်၊
လေးခင်ခင့်ပြင်၊
တနေ့ထက် တနေ့ယဉ်သည်၊
တဆင့်နှစ်ဆင် ဆန်းပါဘိလေး။ ။

(ဦးပုည)

တေးထပ်ရေးနည်း

တေးထပ် တေးထပ် ရယ်နှင့်၊
ရေးစပ်ကြ သူငါ၊
တွေးကပ်လှ နမူနာ၊
ချူအချာ လွန်ပေါ၊
ယခုခေတ် ပြုသစ်စာ မှာ၊
ရှုချစ်စရာ ရွေးမျှမနှော။

သို့မို့ကြောင့် ကျွန်ုပ်ညီငယ်၊
မဟုတ်သည် နယော၊
နှုတ်ဝသီ သဘောမှာ၊
အဟောသိ ပယ်ပါ၊
သပြေမှာ စလေနည်း ကိုမှ၊
ဆွေမှီး၍ ပြုသင့်သည်သာ။

စပ်မူနည်း ရေးလိုပါလျှင်၊
တေးကိုသာ ရအောင်ကျက် ပါတော့၊
ခက်လှဘူး မျိုးသိင်္ဂါ၊
စိုးရိမ်နှင့်ဗျာ၊
ဖြိုးထိန်တဲ့ ကိုးစိန်လွှာမှာ၊
ခိုးရှိန်ဝါ တောက်ပါလိမ့်လေး။ ။

(ဦးပုည)
(တေးထပ်)

သံဝေဂ တေးထပ်

ဆယ့်လေးနှစ် ဖူးစတောင်၊
ဘီလူးမ ထင်တယ်၊
တဦးမှ မခင်တွယ်ပေါင်၊
စင်ကြယ်တဲ့စိတ်ဇော၊
မိန်းမက လက်ကုတ်လာတောင်၊
စက်ဆုပ်တာ များတဲ့သဘော။

ပုဂ္ဂိုလ်မြတ် တောင်ဖီလာလို၊
ချောင်မှီကာ စုံတော၊
မောင်သည်ခါ ဘုံလျှောလို့၊
တုံဏှဘော နေချင်၊
နတ်ကညာ လာ၍စီးသော်လည်း၊
သဘက်ကြီး မောင့်စိတ်ကထင်။

မ တလို့ ဘဝကိုခင်ပေါင်၊
မ ဆိုလျှင် ရွှေဓါးမနှင့်၊
ခြေမ လက်မ ကိုပယ်၊
သိမ်းဖြတ်တော့မယ်၊
ပိန်းကောမ လှေငယ်ကိုတောင်
ဖေတကယ် စီးချင်ဘူးပလေး။ ။

(ဦးပုည)

အတိုက်အခိုက်တေးထပ်

ဂျပ်ကောင်နှယ် ပန်းကြားက၊
သန်းစကားသုဝါ၊
ရမ်းကားလို့ တုလာလျှင်၊
ဥပမာဆိုစို့၊
ချေးပုံနှင့်မြင်းမိုရ်တောင်၊
ခင်းဆိုရောင် နှိုင်းကြပါစို့။

သေးကွက်နှင့်ပင်လယ်၊
နင်တကယ်ထင်လို့၊
သဘင်ဝယ် ယှဉ်မတို့လေနဲ့၊
သခင်တို့ ဦးချီ၊
အုန်းမှုတ်လိုအနေစားတွေက၊
ရွှေဖလား မနှိုင်းသင့်ပြီ။

ဥတုနှင့်ပုစွန်ဆီ၊
ဒွန်ပီပီ ယှဉ်တွဲလို့၊
စပ်ဖဲ အတွင်းခံ၊
ရိုင်းမိုက်တဲ့ဉာဏ်၊
မိုးကြိုးနှင့် အီးသံလို၊
ခရီးမှန်ကွာလွန်းလှလေး။ ။

(ဦးပုည)

သံဝေဂဖွဲ့

ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။

ကိုင်ပုတီး၊
သစ်သီး ညှာအြွေကနှင့်၊
မေဓာဝေ သူတို့ထုံးလို၊
ဘုန်း မွေ့တော့မယ်။

ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊
စက်ဆုပ်လို့ မငြိတွယ်၊
ဖြတ်မယ်ပ ခင်လေး။

ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တဝါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ်၊
မင်းသာဓု ပေး။ ။

ဦးပုည
(လေးဆစ်)

သစ္စာတိုင် (တြိချိုး)

ကြက်ညီနောင် ရေဝယ်မျောစေတော့၊
မြကြော မင်းဝံရွှေတောင်၊
လဲတော့မရှောင်။

အာကာဘောင်၊
ကြယ်ပြောင်ကွဲ့ မြေလူး။

ပြည်ဇေယျာ၊
လေလာလျှင် မြေပါရွေ့စေတော့၊
ခင်လေ့ကို မောင်မမုန်းတယ်၊
သုံးဘဝကူး။ ။

ဦးပုည
(တြိချိုး)

သရော်စာ

တောထွက်ချင်စိတ်ကယ်နှင့်၊
သပိတ်ကိုလွယ်၊
သားရေနွယ်ကွဲ့ရှာတုန်း။

ချောင်အနီးမှာပေ၊
မောင်ကြီးကိုတစ္ဆေကိုက်လိမ့်မယ်၊
မင်းလိုက်ခဲ့အုန်း။ ။

ဦးပုည

သစ္စာတိုင်

ထုံးမတိမ်၊
ငုံး အိမ် ကျူ လ သို့၊
တူမျှစံနှိုင်း။

ထပ်တညီ၊
ကပ္ပဋ္ဌီတင်ထိုက်တဲ့၊
ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
ငါးဆင့်သမိုင်း။ ။

ဦးပုည
(ဒွေးချိုး)

သစ္စာပျက်မှာတမ်း

သနစ်စုံ၊
ဖြစ်ပုံဖြင့်ခက်သား။

မလေးခင် ပေလွှာရေးတယ်၊
ဝေးတရပ်ခြား။ ။

ဦးပုည
(ဒွေးချိုး)

ရှုလေယဉ်လေ (သိကြားမှိုင်)

နန်းရံတရာ ပဏ္ဏာခ
မန်းမန္တလ ဗွေရိပ်စံ။
စန်းစန္ဒရ ငွေဗိမာန်လို
ပင်ရွှေထိပ်ပန် ယဉ်မျာ့းပန်း။
ဂုဏ်ထူးကေလျော့ တကြော့မှန်ငယ်
မဟော့်သက်နှံ တော်လေးအမရာ့ငြမ်း။
ကပိုကရို့ သူ့အမူငယ်
ဇမ္ဗု့မတူ ပြိုင်သူလျှမ်း။
အမူ့အယူ လှိုင်ကြူပန်းသို့
ဆန်းဆိုသမျှ ခေါင်ထက်ခေါင်။
ရှုလေယဉ်လေ မြင်သူငေး
ခင်လေးခင်ခင့် ယဉ်လေးယဉ်ယဥ့်
ယဉ်တတ်ပါတဲ့နောင်။
ပန်းချီရှုံးတဲ့ တော့်ဘုန်းခေါင်ငယ်
တကျော့ထုံးနှောင် ကေသီလျော့နှင့်
သုံးထောင်ထွာကြော့ လျော့ရွှေကေခိုင်
ပိတုန်းမင်ညွန့်ဆိုင်။
စံပုံရှားတဲ့ သိကြားမှိုင်ငယ်
သနားပိုင်ပိုင် ခံစမ်းချင်လှလေး။

ဦးပုည
(ရှစ်ဆယ်ပေါ် တေးထပ်၊ အမြှောက်ဖွဲ့)