Sunday, 25 December 2011

သူငယ်ချင်းရေ

မင်းကတော့ပြောနိုင်မှာပေါ့ကွာ
ငါ့အဖြစ်က.......
ကိုယ့်ကိုယ်ကြိုးမိန့်အပေးခံရတဲ့အခါ
ကိုယ်ကိုယ်တိုင်
ကြိုးစင်ကိုလုပ်ပေးနေရသလိုအဖြစ်မျိုးလေကွာ
ဒီလောက်ဆိုနားလည်မှာပါကွာ...
ငါက ဆုပ်လဲစူး..
စားလဲရူးဖြစ်နေတာလေကွာ..
ဟုတ်လားသူငယ်ချင်း.......................
ငါ့အဖြစ်ကို
ဘယ်သူမှနားလည်နိုင်မှာမဟုတ်ပါဘူးကွာ

အချစ်လားဟေ့ ၀င်ခဲ့လေကွယ်

သော့ခတ်ထားတဲ့
သံမဏိတံခါးကို
လာခေါက်တယ်။

သွယ်လျတဲ့ လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။

သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
“မင်း”ရယ် “အမုန်းရယ်”
နှစ်ယောက်ပဲရှိတယ်။
ခု-
“အမုန်း” ဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။
“အချစ်လားဟေ့ ၀င်ခဲ့လေကွယ်”။ ။
( မင်းလူ)

ချစ်သူ၏စွန့်စားခန်းများ

ချစ်သူတစ်ယောက် ထားရတာ
စွန်စားခန်းတစ်ရပ်ပါပဲ......တဲ့ ။

ခဏခဏ စွန့်စားနေသူလေးရယ်...
စွန့်စားတာကိုမှ ၀ါသနာထုံရော့သလားကွယ် ။

အိပ်မက်

အိပ်မက်ကောင်းစဉ်
လန့်နိုးလျှင်မူ
စိတ်တွင်ညစ်ညူးရလေသည်။

အိပ်မက်ဆိုးပင်
မက်လိုက်ချင်သည်
နိုးလျှင်ဝမ်းသာရမည်တည်း။

သံယောဇဉ်

အမျှင်သေးသေး
အမြင်ဆွေးလည်း
ရှောင်ပြေးမလွတ် သာတကား။

ရေခဲချောင်းသည်လေး

ထမင်းတစ်လုတ်
စာတစ်အုပ်
ကျွန်ုပ်ဘာကိုရွေးရမယ်။

စာမေးပွဲ

မီးရောင်တွေမှိတ်
လူခြေတိတ်လည်း
အိပ်ရွေ့မပျော်နိုင်တကား။

အိပ်ပါသော်လည်း
အိပ်မက်ထဲမှာ
သူပဲစိုးမိုးနိုင်တကား။

အိပ်မက်ပြန်လည်ပေးအပ်ပွဲ

ဒီအိပ်မက်ကို လက်မခံလို
မီးဖိုသို့ဝင်
ထမင်းကြမ်းတစ်ဆုပ် ပြာတစ်ဆုပ်နှင့်
သစ်ငုတ်မှာတင် ဝေးသို့နှင်ပြီ
အသင်
အသင့်အိပ်မက် ပြန်ယူပါ၊

အမည်ပြောင်းခြင်း

ခေါင်းငုံ့နေတာ
ဦးညွှတ်ချင်လို့မဟုတ်ပါ။

ငြိမ်နေတာ ကြောက်ရွံ့နေလို့
မဟုတ်ပါ။

အရှုံးပေးတာ
မနိုင်လို့ မဟုတ်ပါ။

သင်၏ အောက်သို့ကွေးညွှတ်၍
တရွရွလှုပ်နေသော
နှုတ်ခမ်းလေးကြောင့်လည်းကောင်း...

စိုးရိမ်နေသော
မျက်ဝန်းများကြောင့်လည်းကောင်း...

တစ်ကုဗစင်တီမီတာခန့်ရှိသော
မျက်ရည်တစ်စက်ကြောင့်လည်းကောင်း...

အရာရာတို့၌
ခံပြင်းစွာ
နာကျည်းစွာ
ဒေါသဖြစ်စွာ
အရှုံးပေးလိုက်ပါသည်

ထို့ကြောင့်
ကျွန်တော်မောင်မင်းလူ
(W/RGN 002587) အား
ယနေ့မှစ၍
နွားကြီးဟုခေါ်ပါရန်။


မင်းလူ

ဘ၀ကား

အို . . ခရီးသွား
ဘ၀ကား
အားထားလို့သာ စီးကြပါ။

အချင်းချင်းပဲ
ကြပ်ကြပ်တည်း
နည်းနည်းလေးတော့ သီးခံပါ။

ဂီယာတုတ်ထောက်
ဆီမီးပျောက်
ကတ်တောက်ကလည်း လွန်ချူချာ။

မော်တာတွက်ကပ်
တွန်းစတပ်
အရပ်ကူပါ လူဝိုင်းပါ။

ပလပ်တစ်လုံး
ဆီတစ်ပုံး
ကုန်ရုန်းလို့သာ ဆွဲဦးမှာ။

ဟွန်းကမမြည်
ဘက်ထရီ
မိုးရည်နည်းနည်းများလို့ပါ။

တာယာနှစ်လုံး
ကွန်ပေါင်းသုံး
နှစ်လုံးကျန်တာ ဗားကရာ။

ဆံသဆိုင်နား
သတိထား
ပါးပါးလေးမို့ ကွဲတတ်တာ။

တိုင်ကီထုထား
ဘောဒီသား
သံပြားချည်းပဲ ယုံလိုက်ပါ။

ယပ်တောင်လေးများ
ဆောင်လို့ထား
အဲယားကွန်းတောင်ပျင်းတယ်ဗျာ။

ပါဝါ၀င်းဒိုး
လက်အားကိုး
မိုးလေးရွာတော့ပျော်စရာ။

ထိုင်ခုံရွှဲစို
မိုးကယို
ပရိုကိုးသာ ဆောင်ထားပါ။

အိုဗာဝိတ်တိုး
လေးလည်းကျိုး
လမ်းဆိုးတာက ပြဿနာ။

စည်းကမ်းဖောက်ပြန်
ခရာသံ
ချလံလေးတော့ ကြောက်တယ်ကွာ။

ချက်ဆီလည်းပျက်
ဖရိမ်အက်
သက်တမ်းတိုးတော့ ခက်တယ်ဗျာ။

ချွေးတလုံးလုံး
အားသွန်ရုန်း
ဂတ်ဆုံးရောက်မှ နားရမှာ။

အို . .မိတ်ဆွေများ
ဘ၀ကား
သနားသဖြင့် ညှာတာပါ။


မင်းလူ

လှေခါးသုံးထစ်

ငွေဆိုတာ
အိပ်ကပ်မှာကြပ်၊ အထပ်လိုက်ပေါ့
ကြိုက်တာဝယ်စမ်း၊ လမ်းမတလျှောက်
ခေါက်တုံ့ခေါက်ပြန်၊ စာအုပ်လှန်ကြည့်
ဆာဆာရှိလား၊ သွားစမ်းစားစမ်း
ဆယ့်ကိုးလမ်းမှာ၊ ဆီချက်ဆာတေး
ကြေးအိုး ၀က်သား
ဟာ … သူငယ်ချင်း
မင်းတစ်ယောက်တည်းလား
စားသာစားပါ၊ အားမနာနဲ့
ဘာလီ စပတ်ကလင်၊ ခံတွင်းချဉ်သလေ
အာသာပြေအောင်၊ ဘူးလိုက်ဆောင်ထား
လက်ကြားဇယ်ဆက်၊ ညှပ်လျက်ကြွားကြွား
ဒူးယားစီးကရက်၊ လဆန်းရက်။

နာရီပြန်ချက်
ရုံးသက်သာဆိုင်၊ ထောင့်မှာထိုင်ရင်း
ငိုင်တွေစဉ်းစား၊ မုန့်ဟင်းခါး လက်ဘက်ရည်
ရှိငွေတစ်ကျပ်၊ မတတ်သာပြီ
ချက်နို့ဆီဖြင့်၊ ချိုအီပြည့်ကယ်
ပြားရှစ်ဆယ် တဲ့
သူငယ်ချင်းတောင်၊ မမြင်ယောင်ဆောင်
ကြောင်တောင်ကန်းနေ၊ မီးခိုးေ၀၀ါး
လက်ကြားပွယောင်း
ခပေါင်းစီးကရက်၊ လလယ်ရက်။

လက်ဖက်ရည်သမား
အမှားကြီးမှားပေါ့၊ ပြားရှစ်ဆယ်တောင်
ယောင်လို့မရှိ၊ အသိမိတ်ဆွေ
တန်ဖိုးတွေတက်၊ သက်သာဆိုင်မှာ
လူတကာကို၊ မျက်နှာချိုသွေး
ဘေးကကပ်ထိုင်၊ မလိုင်အပြုံး
သိက္ခာဆုံးပြီ၊ လက်ဖက်ရည်တစ်ခွက်
အိပ်မက်မက်နေ၊ သက်ပြင်းမီးခိုး
တိုးတိုးတိတ်တိတ်၊ ဆေးပေါ့လိပ်တို
အစီခံစိုလျက်၊ လကုန်ရက်။ ။


မင်းလူ

ဦးမင်းလူ နှုတ်ထွက်သွားခြင်း

ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။

ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။

ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။

ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။

အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။

မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။


မင်းလူ

ဆွေးနွေးခန်း

မေး။ ။ အကျယ်ဝန်းဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ အစာအိမ် ဖြစ်ပါတယ်။

မေး။ ။ အရှည်ဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ လျှာ ဖြစ်ပါတယ်။

မေး။ ။ အဝေးဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ နားရွက် ဖြစ်ပါတယ်။

မေး။ ။ အခြေခံအကျဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ဖိနပ် ဖြစ်ပါတယ်။

မေး။ ။ အမှန်ဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ သမာဓိ ချိန်ခွင် ဖြစ်ပါတယ်။

မေး။ ။ သစ္စာအရှိဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ မှန် ဖြစ်ပါတယ်။

မေး။ ။ တန်ဖိုးအကြီးမားဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ချက်လက်မှတ် ဖြစ်ပါသည်။

မေး။ ။ အသန့်အရှင်းဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ဆပ်ပြာ ဖြစ်ပါသည်။

မေး။ ။ စိတ်အချရဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ မသေချာခြင်း ဖြစ်ပါသည်။

မေး။ ။ အလျင်မြန်ဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ရပ်တန့်ခြင်း ဖြစ်ပါသည်။

မေး။ ။ လိမ်ညာမှု အများဆုံးနေရာကား အဘယ်နည်။
ဖြေ။ ။ သူမ၏ နှုတ်ခမ်းတစ်စုံ ဖြစ်ပါသည်။


မင်းလူ

ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ

``မျက်နှာတောင် မကြည့်ချင်ဘူး´´ တဲ့ …
သြော် … မျက်နှာမြင် ချစ်ခင်မိမှာ စိုးလို့လား။

``အသံတောင် မကြားချင်ဘူးတဲ့´´ တဲ့ …
သြော် … အသံကြား သနားမိမှာ စိုးလို့လား။

``ဘာမှ လာမပြောပါနဲ့´´ တဲ့ …
သြော် … မေးပါများ စကားရမှာ စိုးလို့လား။

``ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့´´ တဲ့ …
သြော် … မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား။

``အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့´´ တဲ့ …
သြော် … ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား။

``ဘာမှ ပြောစရာမရှိဘူး´´ တဲ့ …
သြော် စကားထဲက ဇာတိပြမှာ စိုးလို့လား။

``… …´´
သြော် … ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။


မင်းလူ

အယုံအကြည်မရှိ အဆိုတင်သွင်းခြင်း

မျက်ရည် စို့နေပေမယ့်
ဝမ်းမြောက်နေကြောင်း
သိပါတယ်။

မင်းမှာ မျက်စိမရှိဘူး
စိန်ကဲဖြတ်တဲ့
မှန်ဘီလူးတစ်စုံပဲ ရှိတယ်။

ပြုံးနေပေမယ့်
ကောက်ကျစ်တတ်ကြောင်း
သိပါတယ်။

မင်းမှာ သွားတက်ကလေးမရှိဘူး။
အစွယ်တစ်စုံပဲ ရှိတယ်

ဆံပင်ဖားလျားချထားပေမယ့်
ဦးခေါင်းခွံထဲကို မြင်ပါတယ်။

မင်းမှာ ဦးနှောက်မရှိဘူး။
ချိန်ခွင်တစ်ခုပဲ ရှိတယ်။

အင်္ကျီဝတ်ထားပေမယ့်
ရင်ခေါင်းထဲကို မြင်ပါတယ်။

မင်းမှာ နှလုံးသားမရှိဘူး။
မျက်ရည်ယိုဗုံးတစ်လုံးပဲ ရှိတယ်။

မင်းကို
ငါ ကြောက်တယ်ကွယ်။


မင်းလူ

အိပ်မက်တိတံ္ထု

ဗေဒင်ဆရာတစ်ယောက်ကို
လိမ်လည်မှုနဲ့ တရားစွဲလို့ ရပါ့မလား။

ထီလက်မှတ်တစ်စောင်ဟာ
မပေါက်ရင် ပြန်လျော်ပါ့မယ်လို့
အာမခံချက် ရှိလို့လား။

စိတ်ကူးတွေကို
ဆင်ဆာဖြတ်ရင်
သင့်တော်ပါ့မလား။

မျှော်လင့်ချက်တွေကို
ယုတ္တိမရှိဘူးလို့ ဝေဖန်ရင်
တရားမျှတပါ့မလား။

ကျွန်တော့် နှလုံးသားဟာ
ဗေဒင်ဟောစာတမ်းလဲ မဟုတ်
ထီပေါက်စဉ်လဲ မဟုတ်
ကြော်ငြာသင်ပုန်းလဲ မဟုတ်
အိပ်မက်ပေါင်းချုပ်
စာတစ်အုပ်မျှသာ ဖြစ်ပါတယ်။


မင်းလူ

တိုက်ဆိုင်မှု မရှိလျှင်

ကဗျာဆိုတာ
တစ်ခါတစ်ခါ ပန်းတစ်ပွင့်
ပွင့်ချိန်တန်မှ ပွင့်လိမ့်မယ်။

ကဗျာဆိုတာ
တစ်ခါတစ်ခါ သစ်သီးတစ်လုံး
ကြွေချိန်တန်ရင် ကြွေမှာပဲ။

ကဗျာဆိုတာ
တစ်ခါတစ်ခါ ချိန်ကိုက်ဗုံးတစ်လုံး
အချိန်စေ့ရင် ကွဲတတ်တယ်။

ကဗျာဆိုတာ
တစ်ခါတစ်ခါ ကြေးနန်းတစ်စောင်
ကျွန်တော့်နှလုံးသား သင်္ကေတတွေ
ခင်ဗျားထံ
အမြန်ပို့လိုက်တယ်။

မခံစားတတ်ရင်
ကျွန်တော့်ရင်ခုန်သံတွေ
ပြန်ပို့ ပေးလိုက်ပါ။ ။


 မင်းလူ

ကဗျာဆရာ၏ ဖြောင့်ချက်များ

ချစ်သူလက်ပေါ်
မျက်လုံးစုံမှိတ်၊ ငါ အိပ်တော့မည်
ရီဝေမွှေးသင်း၊ မိုးမလင်းခင်
နှင်းဆီအိပ်မက် မက်ပရစေ။

မအိပ်သေးခင်
ဆွေးဆွေးနွဲ့လျ၊ ငါ့ဘဝအား
ညဖြတ်သန်းသွား၊ အလွမ်းများနှင့်
စကားပြောခွင့်ပေးပါလေ။

နှောင်းခဲ့ပြီလား
ရာသီညှိုးပြယ်၊ အရွယ်လွန်မှ
ရင်မွန်ဦးက၊ ကိုယ်တမ်းတပြီ
အလှသစ်ဖူး၊ အချစ်ဦးရေ
မူးယစ်ဝေရပါလားကွယ်။

တစ်ရံရောတွေ
မောလျလိုက်တာ၊ ညပြာဝေသည်း
ငွေလရောင်ရိပ်၊ ဆိတ်ဖလူးကြွေ
မေထားရစ်ခဲ့ဖူးတယ်နော်။
တို့အချစ်ဖြင့်
မြစ်တစ်စင်းကား၊ သီချင်းများနှင့်
တအားတအား၊ ပန်းခင်ကြားမှာ
မ်ြငးများ စီးစေချင်သေးတယ်။

ကာလရထား
နှလုံးသားလည်း၊ ထွက်သွားပါဦး
ငါနှင့်ဝေးရာ၊ ဟင်းလင်းပြာအောက်
မြေချာမိုးခုံး၊ ဆုံးစမ်းပါစေ
နေစကြဝဠာ အနန္တ။

ဒဂုန်တာရ မှသည်
ကြည်အေး ..ဗန်းမော်တင်အောင်
လွမ်းအောင်ချစ်ခဲ့
ခေတ်ပြိုင်ထဲမှာ ၊ ငါ့ကာရန်တွေ
ပြန်လာပါဦး ကဗျာရယ်။

ချစ်သူလက်ပေါ်
အိပ်ပျော်တော့မည်၊ နှင်းဆီပွင့်များ
ရင်ဖြင့်ရင်းနှီး ကျဆင်းစီးသော
လောကကမ်းပါး၊ ပန်းတံတား
ငါကား လျှောက်သွားပါတော့အံ့။ ။

အောင်ဝေး
ရှု့မဝ ၊ ၁၉၈၃ ၊ မေ

ချစ်သူမြင်းသည်တော်

ခင်ရေ
အရှေ့ဘက်မိုးကောင်းကင်မှာ
ရောင်နီဆင်တော့မယ်။
ရင်တစ်ချက်ခုန်
ယုံကြည်ချက် တစ်ရစ်တင်း
ကဗျာမြင်းရိုင်း၊ဒိုင်းစိုင်းစမ်းကွယ်
လာလမ်းပြန်မလှည့်နဲ့နော်။
မနက်မလင်းခင်၊တောင်တွေကို
အများကြီးကျော်ရဦးမယ်။
ရှည်သွယ်ချွန်မြတဲ့
မိုးမခပင်တွေ၊နွေဦးကိုကြိုနေကြပြီ။
ပိုင်းပင်တွေက
ဝေဝေမှိုင်းမှိုင်းနဲ့
မုန်တိုင်းကို ကြံ့ကြံ့ခံလို့ပေါ့။
မိုးမခပင်မှာ
ပျော့ပျောင်းမှုရှိတယ်။
ပိုင်းပင်မှာမူရှိတယ်။
ပြည်သူတွေဟာ
ရာဇဝင်အလွမ်းဇာတ်
တစ်ခန်းရပ်စေနိုင်တယ်လေ။
လျှိုမြောင်တွေကိုဖြတ်တဲ့အခါ
အနာဂတ်သီချင်းကို
မင်းဆိုပါ။
နှင်ဆီအလောင်း၊စမ်းချောင်းဘေးမှာ
ဆွေးဖွဲ့ရင်ဖို၊မငိုပါနဲ့။
တောအလုံးတောင်အလုံး
မီးဟုန်းဟုန်းတောက်
ပျောက်နေတဲ့လမ်း၊စမ်းတဝါးမှာ
ပန်းတစ်ပွင့်ညှိုး၊ကိစ္စဆိုးမဟုတ်။
တောင်တန်းတွေက၊မြွေလိုတွန့်ထပ်
သူတို့ရဲ့ ရင်ဘတ်တွေနဲ့
တို့ကို မရပ်တန့်စေနိုင်ဘူး။
ရွ့က်ကြွေတောကိုရောက်ရင်
တောက်ပဝိညာဉ်၊အမြင်သစ်ဖွဲ့
မြစ်ကမ်းပါးမှာလည်း
တအားတအား၊ဒုန်းစိုင်းသွားပါကွယ်။
ရှေ့မှာကြည့်စမ်း
ငန်းရိုင်းပျံတဲ့ည
ဆီးနှင်းကျလရိပ်မွဲ၊အေးခဲလို့နေပြီ။
အနက်ထည်ည၊မျက်စိမှိတ်လင်း
ကြယ်အချင်းချင်းတောင်
ရန်သူလိုပဲ။
ဆို၊ဆို
အနာဂတ်သီချင်းတွေ၊မင်းဆိုလေ။
တောတွေ၊တောင်တွေ
လျှိုတွေ၊မြောင်တွေ
မြစ်တွေ၊ချောင်းတွေ
အဖြစ်ဟောင်းတွေ၊ပြောင်းလဲပစ်ရမယ်လေ။
နှင်းခွဲလက်တို့
အိပ်မက်မနေကြပါနဲ့။
ဇာပန်းကွက်မှာ
ပန်းဆက်ထိုးချင်သူတွေ
နေရစ်ခဲ့ကြတော့။
ကြယ်တွေက၊ညမှာကြွေပြီး
နေရောင်က ညကိုအောင်နိုင်ရမယ်။
နှင်စမ်း၊နှင်စမ်း
ရင်ကိုကော့လို့။ခေါင်းမော့ချီ
အရှေ့ဆီမှာ၊ရောင်နီဆင်တော့မယ်။
ခင်ရေ
ရင်တစ်ချက်ခုန်
ယုံကြည်ချက်တစ်ရစ်တင်း
ကဗျာမြင်းရိုင်း၊ဒုန်းစိုင်းစမ်းကွယ်
လာလမ်းပြန်မလှည့်တော့နဲ့နော်။ ။

အောင်ဝေး
မိုးဝေ၊၁၉၈၉၊မတ်။

မိကွန်ထောဖတ်ဖို့ကဗျာတစ်ပုဒ်

ငှက်… မြေကြီးကို ဘယ်သူဖွင့်ကြည့်ရဲသလဲ… ငှက်

ငှက်… ငါသည် အာလဖဖြစ်၍ ငါသည် သြမေဂလည်း ဖြစ်သည် တဲ့… ငှက်

ငှက်… အိမ်မက်ထဲ၌ အသက်ရှင်သူ အိပ်မက်၌ပင် အသက်စွန့်၏… ငှက်

ငှက်… သားကောင်ရဲ့နောက်သို့ မုဆိုးသည် ထက်ကြပ်လိုက်သကဲ့သို့… ငှက်

ငှက်… သေခြင်းတရားသည် ရှင်ခြင်း၏ နောက်ပါးက လိုက်နေဆဲ… ငှက်

ငှက်… ကောင်းကင်က တဖြည်းဖြည်း နိမ့်နိမ့်လာပြီ… ငှက်

ငှက်… နွေဦး ကောက်ရိတ်ပွဲတော်က ရောက်မလာသေး … ငှက်

ငှက်… ဒီအချိန်မှာ ကျွန်တော် ကတာ ယဉ်ရဲ့လား မမေးနဲ့… ငှက်

ငှက်… ဓားတို့ရဲ့အောက်က ကမ္ဘာမြေ သတိရပစေ… ငှက်

ငှက်… နှောင်ကြိုးမှအပ ဆုံးရှုံးစရာ အခြားဘာမှမရှိ… ငှက်

ငှက်… သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်… ငှက်

ငှက်… ကျွန်ုပ် အိမ်ပြန်ရောက်မည် မဟုတ်ပါ… ငှက်

ငှက်… ကမ္ဘာကြီးက လက်တွန်းလှည်းကလေးတွန်းပြီး … ငှက်

ငှက်… ငရဲပြည်သွား တောလားက မဆုံးသေးဘူးလား … ငှက်

ငှက်… ဒွေး သေသွားပြီ… ငှက်

ငှက်… ဒွေး မသေသေးဘူး … ငှက်

ငှက်… နွားရိုင်းသွင်းချိန် လွန်သွားပြီ… ငှက်

ငှက်… ကမ္ဘာပေါ်၌ ငြိမ်သက်ခြင်းသည် ရှိပါစေသတည်း… ငှက်

ငှက်… မနက်ဖြန် အိုးထရက်ဖို့ဒ်မှာ တွေ့မယ်… ငှက်

ငှက်… ဓနိတန်းထိပ်က ကောင်မလေးလည်း လင်ရသွားပြီ… ငှက်

ငှက်… ဒေါနတောင်တန်းကြီးက မေးနေတယ်… ငှက်

ငှက်… သောင်ရင်းမြစ်ကို သွားငေးရဦးမယ်… ငှက်

ငှက်… ဒီနေ့ လိုနေတာက… ငှက်

ငှက်… ထရမ်းပက်တစ်ထောင် ပြိုင်တူမှုတ်ဖို့ပဲ… ငှက်

ငှက်… တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်… ငှက်

ငှက်… ကြွေခြင်းဆိုတာ ပွင့်ခြင်းပဲ… ငှက်

ငှက်… ဗဟုဝါဒဆိုတာ… ငှက်

ငှက်… ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာပါပဲ… ငှက်

ငှက်… လေနုအေးက တနွဲ့နွဲ့နော့နေဆဲ… ငှက်

ငှက်… အကောင်းကို ရှာ၏… ငှက်

ငှက်… အကောင်းကား မရှိ… ငှက်

ငှက်… တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားကြပြီ… ငှက်

ငှက်… အသက်တစ်ရာ မနေရပေမဲ့… ငှက်

ငှက်… အမှုတစ်ခုမှ မတွေ့ရင် အကောင်းဆုံး … ငှက်

ငှက်… ဒီအကြောင်းတွေကို… ငှက်

ငှက်… မိုးရွာထဲမှာ ထီးဆောင်းပြီးပြော… ငှက်

ငှက်… တင်ဇာဝင်းပြည့်လည်း ကလေးတစ်ယောက်ရပြီ… ငှက်

ငှက်… ပုသိမ်မှာ ကော်ရည်သွားသောက်ရအောင်… ငှက်

ငှက်… အစ်မ ခင်ပန်နှင်းကလည်း ငိုငိုနေတယ်… ငှက်

ငှက်… ပိုင်သနဲ့ တွေ့သေးလား … ငှက်

ငှက်… ဆော့ခရတ္တိက မသေခင် အကြွေးဆပ်ခဲ့တယ်… ငှက်

ငှက်… သမိုင်းကြွေးကို ဘယ်လိုဆပ်မလဲ… ငှက်

ငှက်… ပျက်စီးတယ်ဆိုတာ ဖျက်ဆီးခံရလို့ပဲ… ငှက်

ငှက်… ရုပ်ရှင်ရိုက်မလား … ငှက်

ငှက်… တောင်ကိုရီးယား ဓားစာခံတွေ အမြန်လွတ်ပါစေ… ငှက်

ငှက်… အီရတ်က ငြိမ်းချမ်းရေးမရဘဲ… ငှက်

ငှက်… အာရှဖလားရသွားတယ်… ငှက်

ငှက်… ငယ်ငယ်တုန်းကလည်း ဂန္ဒီကို ကြိုက်တယ်… ငှက်

ငှက်… ကြီးလာတော့လည်း ဂန္ဒီကို ကြိုက်ဆဲ… ငှက်

ငှက်… မွန်ရိုးကို သတိမရဘူးလား … ငှက်

ငှက်… သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့… ငှက်

ငှက်… တစ်ခါတစ်ရံ နည်းပရိယာယ်ရေး အရှုံးပေးရတယ်… ငှက်

ငှက်… ကြွက်နီကို ဘာမှာဦးမလဲ… ငှက်

ငှက်… အသက်ဉာဏ်စောင့်သတဲ့… ငှက်

ငှက်… ဘီယာနှစ်ခွက်လောက်ကတော့ ဘာမှ မဖြစ်ပါဘူး … ငှက်

ငှက်… တင်ဇာမော် ယောက်ျားယူသွားပြီ… ငှက်

ငှက်… မန်ယူကို ၀ယ်ရင်ကောင်းမလား… ငှက်

ငှက်… ဒေါ်မေကြည်ကတော့ စာကောင်းကောင်းမရေးလို့ … ငှက်

ငှက်… စိတ်ဆိုးတော့မှာပဲ… ငှက်

ငှက်… ဘယ်လိုမှ မအောက်မေ့နဲ့… ငှက်

ငှက်… မော်လမြိုင်မှာ ဆရာကြီး ဒေါက်တာလှဘေ ဆုံးရှာပြီ… ငှက်

ငှက်… ပါရီဟာ အမြဲတမ်း ပါရီပဲ… ငှက်

ငှက်… ဒုက္ခဟာ အမြဲတမ်း ဒုက္ခပဲ… ငှက်

ငှက်… ဆန္ဒရှိရင်… ငှက်

ငှက်… ကောင်းကင်ကို ငုံ့ကြည့်လိုက်… ငှက်

ငှက်… ကံကောင်းရင် မြင်ရလိမ့်မယ်… ငှက်

ငှက်…

ငှက်…

ငှက်…

မိုးရေမျက်ရည် တဖွေးဖွေး

” ရွာငယ်ဇနပုဒ်
မီးလေးမှိတ်တုတ် ”
ရင်ခလုပ်နှိပ် တေးသံတိတ်ပြီ
ဒိတ်…ဒိတ်
ဒိတ်…ဒိတ်
စိတ်နှင့်ရင်ခုန် မှုန်ရီေ၀၀ါး
ငါးရှာသလား ဖားပါသလား
လယ်ကွင်းရိုးများ ကန်သင်းကြား
မြွေပါးကင်းပါးမကြောက်
လမ်းပျောက်နေတဲ့ ကလေးငယ် ။

ဒီဇယ်မီးခွက်
တဲအိုထက်
စာရွက်ပေါ်က
ထမင်းကျနိုး ဟင်းကျနိုး
” ပညာရွှေအိုး
လူမခိုး “
တိုးတိုးဖတ်ပါသားရယ်..တဲ့
အမေနိုးနေတယ် ။
မနက်ကည
ဝမ်းခါးမလှ
နေ့တဓူဝ ရုန်းကန်ရ
မုဆိုးမအမေ
လယ်ထွန်မြေဆွ ပင်ပန်းလှ
လမဲ့တစ်ည အိပ်မရတော့
ဘ၀လယ်သူကူပါ့မယ်
အိပ်မက်ငယ်တို့ ပျက်ပြယ်သွား
ပင်လယ်ဝေပေါ့ ဒုက္ခများ ။
မနက်လင်းတော့
ဆင်းရဲတဲ့သား ငါးရောင်းပြီးမှ
ကျောင်းကိုသွား
နွမ်းပါးချို့ ငဲ့
ဆင်းရဲတဲ့အမေ
သေသူကိုလွမ်း သားကိုလွမ်း
အလွမ်းများနဲ့
စပါးခင်းဝင် ကောက်ငန်းပြင်
ထိုစဉ်…
ပါးပြင်စိုသွား မြေစိုသွား
မျက်ရည်ပေလား မိုးရေလား
မိုးရေပေလား မျက်ရည်လား ..။

ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက ဂလိုဘယ်တော့ ဆန်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက မုန့်လုံးတော့ စက္ကူကပ်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက ဂျင်ဆန်းမီနဲ့တော့ လမ်းလျှေက်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That’s why we call it ” White Raibow “

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
မိဘမေတ္တာ ငတ်နေတဲ့ ကလေးတွေပေါ့

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
အကြင်နာ ဂရုနာ လိုအပ်နေတဲ့ ကလေးတွေပေါ့

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
အပြစ်မဲ့တဲ့ ဓားစာခံလေးတွေပေါ့

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That’s why we call it ” White Raibow “

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက လမ်းပြမြေပုံအတိုင်း သွားဖို့ပြောနေတယ်
ကလေးတွေခမျာ ပန်းတိုင်ပျောက်နေရပြီ

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက ဘော့လုံးပွဲကြည့်ပြီး ငြိမ့်နေတယ်
ကလေးတွေခဗျာ ချောက်အိမ်မက်ထဲ ကျနေရပြီ

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက AIDS တိုက်ဖျက်ရေး ဆွေးနွေးနေတယ်
ကလေးတွေခမျာ HIV ပိုးကူးစက်ခံနေရပြီ

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That’s why we call it ” White Raibow “

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတို့လေးတွေ အသက်ရှင်ရပ်တည်ဖို့
ကျွန်တော်တို့ရဲ့ အသက်ရှင်ခြင်းကို ဖဲ့ဝေပေးရမယ်

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတို့လေးတွေ ပျော်ရွှင်ချမ်းမြေ့သွားဖို့
ကျွန်တော်တို့ရဲ့ ပျော်ရွှင်ခြင်းကို မျှဝေပေးရမယ်

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတိုလေးတွေအိပ်ရေးမပျက်စေဖို့
ကျွန်တော်တို့ရဲ့ ညတွေကို လုံခြုံပေးရမယ်

အို…….. မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ် ။

လှောင်အိမ်

စိတ်ကို ပန်းချီကားထဲ ထည့်ထားတာပါ။
စိတ်က လွမ်းနေတော့
အရောင်တွေလည်း လွမ်းတာပေါ့။
စိတ်က မှိုင်းနေတော့
အရောင်တွေလည်း မှိုင်းတာပေါ့။
စိတ်က ဆွေးနေတော့
အရောင်တွေလည်း ဆွေးတာပေါ့။
စိတ်က အုံ့နေတော့
အရောင်တွေလည်း အုံ့တာပေါ့။
စိတ်က နာနေတော့
အရောင်တွေလည်း နာတာပေါ့။
စိတ်က ငိုနေတော့
အရောင်တွေလည်း ငိုတာပေါ့။
စိတ်က လွင့်နေတော့
အရောင်တွေလည်း လွင့်တာပေါ့။
စိတ်ကို ပန်းချီကားထဲ ထည့်ထားခဲ့တာပါ။
ဒါပေမဲ့
စိတ်က ပန်းချီကားထဲက ထွက်ပြေးသွားတယ်လေ။
နောင်ဆိုရင်
အရောင်တွေကို
လှောင်ပိတ်ထားလို့ရမှာ မဟုတ်တော့ပါဘူး။ ။
(ပိပိသို့ . . .)

ခြင်္သေ့

တောသုံးတောင်သို့အ၀င်မှာ
ခြင်္သေ့ဟာ
သမင်မမျက်လုံးကို
ပခုံးပေါ်ပစ်တင်လိုက်တယ်။
ဒီကောင်လွမ်းခဲ့ပါတယ်
ညီမလေးရယ်။
ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါ။
ကန္တာရမဆန်ပါဘူး
ငါ ဒဏ်ရာရခဲ့တာပါ။
ညညတွေမှာ
မျက်ရည်နဲ့ငါ့ကိုသိပ်လေ
မြေ၀သုန်ရေ…
လင်းယုန်ငှက်တွေ
ငါဂုဏ်ပြုပါရဲ့။
ကောင်းကင်အိပ်ယာမှာ
ငါမအိပ်ချင်ပါဘူး။
လရောင်တွေကို
ငါမမေ့ချင်ပါဘူး။
ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ခေါ်သံ
ငါကြားနေရဦးမယ်။
ကွဲကြေတဲ့အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ဟုတ်ပေလိမ့်မယ်။
ရာဇ၀င်အုတ်ဂူမှာ
မြှုပ်ကူသူမရှိ
လွမ်းသူ့ပန်းခွေချမယ့်လူမရှိ
ညီမလေးရယ်…
မရှိခြင်းတွေပဲ
ဒီကောင့်ဘ၀လေ။
ဗျာပါဒနှင်းဆီရေ
နေရစ်ပေတော့။
ပြီးပါပြီ -
ဆည်းဆာရီမှောင်
အနောက်တောင်မှာ
ဒီကောင်
ခြင်္သေ့ယောင်ဆောင်တဲ့တိမ်တွေ
တညနေလုံးထိုင်ကြည့်ခဲ့တယ်။

နာမည်

ကျနော့်သားက မေးတယ်။
‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။
အေး-မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
… … … …
… … … … ။
အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ ။
ဖေဖေ…ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။
ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။
သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။
ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။
ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။



လောကအလှဆင်နေ၏

ကြည့်စမ်း အဆွေ

ငွေပိုးကောင်ငယ်၊ အားမာန်ကြွယ်၍

သွယ်သွယ်ယှက်လိမ်၊ ပိုးမျှင်အိမ်ကို

တည်တငြိမ် တည်ဆောက်နေဘိ၏ ။


ဝတ်ရည်စုပ်စား၊ ပျားအများလည်း

မနားမနေ၊ တည်ဆောက်နေသည်

ရွှေရည်ပျို့ပျို့ ပျားလပို့ ။


ကျာကျာကျည်ကျည်၊ အော်ကာမြည်လျက်

ညီညာကြိုးစား၊ ငှက်အများလည်း

ပျံလွှားလေထဲ၊ တသဲသဲနှင့်

တွဲလီတွဲလောင်း၊ စားဘူးတောင်းကို

စုပေါင်းဆောက်တည် စီရရီ ။


သည်မှာလူသား၊ အလုပ်သမားလည်း

တံတားလမ်းတာ၊ အိမ်ခန်းဝါနှင့်

တိုက်တာစက်ရုံ၊ အစုံစုံကို

စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်

တည်ကြဆောက်ကြ၊ ထူထောင်ကြသည်

လောကအလှဆင်နေ၏..။



အလွမ်း

အခါတစ်ပါးမှာလ

တိုင်းခြားကိုရောက်ခဲ့တယ် ..။

ကိုယ့်ဝတ်စုံ အသာချွတ်ကာပ..

သူ့ ဝတ်စုံ အသာစွပ်လို့ ရယ်..

ဝတ်ဆင်ရတယ်..။

သူ့ စကားကိုလည်း

နှုတ်ဖျား တလှိုင်လှိုင်နဲ့ 

မမောနိုင် စာဆိုပြောကာပ

ရောနှောလို့  ဟန်ရေးကြွယ်

သူတို့ နှယ် ထင်ယောင်မှား ..။

သို့ ပေမယ့်လျှင်

သူ့ အသွင် အစာစားပြန်တော့

သူ့ အစား ဘယ်လိုမြိုင်လည်း

မမြိန်နိုင် လျှာမတွေ့ လေဘု

ကိုယ့်ဓလေ့ ကိုယ့်ဘာသာထင့်

တို့ စရာ ဆန်ထမင်းရယ်နဲ့ 

ငပိကြော် ချဉ်ပေါင်းဟင်းကိုလ

ချက်ချင်းပင် စားလိုက်ချင်ရဲ့ 

စာဆိုရှင် မျှော်ယောင်တပါလို့ 

အမိမြေ ကိုယ့်ဒေသကိုကွယ်

လွမ်းရသည် တကား …။