Monday, 26 December 2011

နံရံမှာ ငါရေးထွင်း

တဂျစ်ဂျစ်မြည်အောင်နံရံမှာ
နှစ်တွေကို ငါရေးထွင်း
ဟိုးတုန်းက ဂူနံရံတွေပေါ်၊ သမိုင်းတစ်ခု
မှတ်တမ်းတင်သလို၊ သဘာဝအလျောက်
စိတ်ဆာသလို သဘာဝကျကျ ငါရေးထွင်း

ဒီနေရာ နေရောင်မရှိ ကလေကချေ၊ မုဒိမ်းကောင်များနဲ့
ဆိုက်ဘေးရီးယား ဟစ်ဟော့တွေ နေသွားဖူးမှာပဲ

ကြောင်မထွက်သွားအောင် ဒီနံရံမှာ အသံတိတ်
သိပ်အရေးကြီးတယ် ငါရေးချင်တဲ့အမှာတွေ ငါချရေး
ငါရေးသမျှ ငါအလွတ်ရဖို့ ငါအသည်းအသန်ကျက်မှတ်
ကြောင်ထွက်မသွားအောင် ငါကြောင်တွေအကြောင်းစဉ်းစား
ကြောင်တွေဟာ ကျက်သရေမဲ့စွာ ကျားယောင်ဆောင်ခဲ့ကြ
ကျင်လည်စွာ ကျောက်ဆောင်တွေအနား ငါးကိုဖမ်းခဲ့ကြ
ကြောင်တွေဟာ ကြယ်တွေနဲ့ လှမ်းလှမ်းပြီး
အချက်ပြမီးကို ဖျက်ဆီးကြ

ဒီလိုရှေ့ဆက်ပြီး ကြောင်မသွားအောင် ငါဟာဆက်ဆက်ပြီးစဉ်းစား
ရှေးဟောင်းလူယဉ်ကျေးများနဲ့ ခေတ်သစ်လူရိုင်းများအကြောင်းစဉ်းစား
ဒီလိုပဲ သူတို့ကျောက်တောင်များကို တွန်းဖွင့်
သူတို့ ဒီလိုပဲ ကျောက်ဂူအထဲအောင်းကာ
ခေါင်းကွဲ ခေါင်းလွဲနေခဲ့မယ်။
ငါစဉ်းစား၊ စဉ်းစားရင်း နံရံမှာ ငါရေးထွင်း
ကျောက်တုံးတွေ တစ်တုံးပြီးတစ်တုံး ချနေသလို
နေ့တွေ တစ်နေ့ပြီးတစ်နေ့ ငါပစ်ချ
ဥုံဂါထာမရွတ်ပဲ၊ ဥစ္စာဓနများအကြောင်း ငါမတွေးပဲ
စိတ်တွေ တစ်ဆုံးပြီး တစ်ဆုံးချ

နံရံရဲ့ ချောင်းကြည့်ပေါက်အဖျားမှာ
ငှက်တွေ ဖွားကနဲဖွားကနဲ လွင့်တက်လာပုံ ငါရေးထွင်း
နံရံမှာ ငါ့အကြောင်းသရုပ်ဖော်ပုံနဲ့ သူ့အကြောင်းကဗျာစာသားများ
ငါရေးထွင်း၊ ငါ့အရိုးငါထုတ် ငါ့သွေးငါစုပ်ပြီး
နံရံမှာ ကမ္ဘာကြီးအကြောင်း ငါရေးထွင်း

ငါရေးထွင်းနေတုန်း ငါ့အခန်းထဲခိုးဝင်လာတဲ့လရောင်
မြို့နဲ့ မိသားစုအကြောင်း သူအောင်မြင်စွာမပြောကြားနိုင်ဘူး

အပြင်မှာ မီးတွေတအားလင်းနေသလား
အပြင်မှာ လမ်းတွေတအားစီးနေသလား
အပြင်မှာ ကျောက်ကျောတုံးရွေ့သလို အမှောင်ဟာ
မတရားရွေ့နေသလား

ကိုယ့်အသားကိုယ်ဖဲ့ဖဲ့စားမိမယောင်
အမှောင်ဟာ တဂျစ်ဂျစ်မြည်လို့၊ တိတ်ဆိတ်
တိတ်ဆိတ်လေ တဂျစ်ဂျစ်မြည်လေ
အမှောင်မှာ အရောင်ဟာ တဖွဲဖွဲလွင့်ကျလာလေပဲ
ငါမြို့နဲ့ ပိုနီးလာနေသလား
ငါအခု ခေါင်းထဲက ထစကားပြောနေသလား
နံရံကိုငါကုတ်ခြစ် စီးကျနေတာ ဘယ်သူမှ မသိဘူးလား။ ။

ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို

စစ်ဆိုတာ
ကမ္ဘာမြေပေါ့ပါးလာအောင် စစ်ထုတ်လိုက်တဲ့ရေစစ်လား
ငြိမ်းချမ်းရေးဆိုတာ
သေခြင်းမှာ လူတွေငြိမ်းချမ်း
ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။
သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ
အစဉ်အဆက် ဒါဆို
နှင်းဆီတွေ ရဲနေတာ သွေးသောက်ထားလို့ပေါ့
ညနေညနေ နေလုံးကြီးနီရဲနေတာ
သေနတ်မှန်ထားလို့ပေါ့
သေချာပြီ ငါတို့နှလုံးသားများနီရဲနေတာ
သေချာပြီ ငါတို့သံသယဟာ မြဲခဲ့ပြီ
ကြည့်လေ … ရွှေဒင်္ဂါးပြားလေး
တစ်ဖပ်မှာ ပန်းဥယျာဉ်
တစ်ဖက်မှာ ခေါင်းပြတ်
နောက်ထပ်ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ
သွေးလန့်နေတဲ့ အဘိုးအိုနဲ့ယုန်တစ်ကောင်
ဟေ့ … လူတွေ
ကိုယ့်ဒဏ်ရာ ကိုယ်မေ့
ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို့
စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို့
အိုးနဲ့အိမ်နဲ့
ကမ္ဘာအနှံ့အပြား
ခင်ဗျားတို့ အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို့။ ။

၁၁ နာရီ ၅၉ မိနစ်နဲ့ ၅၉ စက္ကန့်

ဆွဲငင်ကမ္ဘာကို
သစ်သီးတစ်လုံး နှုတ်ခမ်းတစ်ပြား ဘာသာတစ်ခုနဲ့
ဆွဲငင် ဆင်တွေသစ်တုံးကို ဆွဲငင်သလို
ကြိုးစင်ကကြိုး ရာဇ၀တ်သားကို ဆွဲငင်လိုက်သလိုပေါ့

ဂင်တိုတို ပုကွကွ ဟာသကောင်က
ဥရောပတိုက်ကြီးကို ဆွဲငင်လိုက်သလို
ဆွဲငင်ကြ၊ ကျွန်တွေ အခြွေအရံ အသင်းအပင်းတွေနဲ့
နတ်တွေ အစိမ်းတွေ အ၀ါရောင်သဲကန္တာရတွေနဲ့
ဆွဲငင်၊ ၀င်ပြီးရင် ပြန်မထွက်နဲ့ ဆွဲငင်
ဒါဟာ တောကြီးမျက်မည်း သတ်ရင်လဲသေပေါ့
အမျက်မကြီးဘူး နင်းသာနင်း
မင်းနင်းထားတဲ့ မြေကြီးဟာ စိတ်ကောင်းရှိတဲ့ မိခင်ကြီးပါ
ဗုံတွေ ဒရမ်တွေ အူသံတွေနဲ့ မီးကိုနင်းနေသလို
၎-တန်းမီးနင်းစာအုပ်ထဲက
ကမ္ဘာကြီးရဲ့အဓိပ္ပာယ် လူတွေဆွဲထုတ်နေသလို
စက်ဘီးကို စက်တွေ ကွန်ပျူတာတွေ ဂြိုလ်တွေနဲ့
blackhole တွင်းနက်ကြီးတွေဆီ နင်းကြ
ဘေ့စ်သံများလွန်းနေတဲ့ လမ်းမ
ကီးဘုတ်ကို စုပ်စုပ်ပြီး နယ်နေသလို ဘ၀ကို
စုပ်စုပ်ပြီး ဆွဲငင်ကြ။
ဘယ့်နှယ် သုညရဲ့အသားထဲ ရိုက်ထည့်နေတဲ့သံတွေ
ဆွဲငင်၊ ဆွဲငင်မှုဟာ အစိမ်းကြော်တစ်ပွဲ ၀ီစကီတစ်ပြားနဲ့
မင်းဆွဲထားတဲ့လူပုံဟာ အီဂျစ်ပိရမစ်ပုံပေါက်လို့
ပေါက်လိုက်ရင် စိုက်နေတော့မှာပဲ
ဆလင်ဒါ လေးထောင့်စတုရန်းလည်းဆန်လို့

လူဟာ လေးထောင့်လား အ၀ိုင်းလား တြိဂံလား
လူဟာ သဘာဝကို ပါးပါးလှီး ခုပလူတိုကို ဖဲ့ထုတ်လိုက်ပြန်ပြီ။

ဘယ်လိုလဲ လေထီးပွင့်အောင် မစောင့်တော့ဘူးလား
ခုန်ချလိုက်၊ ခုံကို လွှတ်ချလိုက်
ခက်လိုက်တာဆိုပြီး ခွက်ဆွဲထွက်သွားဖို့ မင်းရဲသလား

ဒီဆွဲငင်မှုများ
ဆူနေတဲ့ရေနွေးအိုးထဲက ဆူနေတဲ့ဘ၀ကို ဆွဲတင်၊ မိန်းကလေးက
ဆူနေတဲ့ အမေကို စူနေတဲ့ နှုတ်ခမ်းနဲ့ ဆန့်ကျင်
ဆွဲငင် – ဆွဲငင်ခြင်းကိုဆွဲငင်

မေတ္တာတရားဟာ
ကားအသွားအလာများတဲ့ ကမ္ဘာကြီးရဲ့ သွားကြိုသွားကြားမှာ
လူကိုဆွဲငင် လူကိုဆွဲတင် လူကိုစွဲချက်တင်ဖို့
လာနေပြီ တနင်္ဂနွေည ၁၁ နာရီ ၅၉ မိနစ်နဲ့ ၅၉ စက္ကန့်မှာ … ။


ခရမ်းပြာထက်လူ။

မမေ့သေးတဲ့ အမေ့အကြောင်းကဗျာ

ငါတို့အမျိုးက သေတာတောင်
ငါးပြေမလို ဆူးတောင်ကားပြီးသေမယ်
အချိုးမပြေရင် အဲဒီဖဲထုပ်ကို
ငှက်တောင်ပံခတ်သလို တဖျပ်ဖျပ်ကလဖန်ထိုး
အမေ့လက်ထံမှာ
ကင်းရော ကုလားရော စပိတ်တစ်တွေရော
တဖြန်းဖြန်းပါးအရိုက်ခံရ
သတိရမှုဟာ
မီးပလပ်ပေါက်ထဲ
မီးရထားတစ်စင်း ထိုးဝင်သွားသလိုပါပဲ
ဟိုတုန်းက နှင်းတွေကျနေတုန်း
ကျွန်တော်ကျဆုံးမှာကြောက်လို့
စက်ရုံထဲဝင်လိုက်ထွက်လိုက်နဲ့
ကျွန်တော့်လွယ်အိတ်ကို သိုင်းလွယ်ရင်း
အမေပါ ကျောင်းထဲကို ၀င်လိုက်ထွက်လိုက်
နှင်းထဲမှာ
တကယ့်ဂေါ်ကီရဲ့ Mother အမေ
စာတစ်လုံးမှ မတတ်ပေမယ့်
တာဗိုအင်ဂျင်တစ်လုံးလို လည်ပတ်
ကျွန်တော့်ရှေ့မှာ
အမေဟာ နိုင်ငံတော်အလံတစ်ခုလို မားမားမတ်မတ်ရပ်
ရေဒါတစ်ခုလို
တောကြီးမျက်မည်းထဲရောက် သံလိုက်အိမ်မြှောင်တစ်လုံး
ခပ်စွာစွာ
ကျွန်တော်ဆာနေတဲ့ လမ်းတွေကို ၀ယ်ကျွေးမွေးခဲ့တာ
သူများတွေချစ်တာ
ငါဆဲနေသလောက်ပဲရှိတယ်
ပြန်ဖြေလို့မရအောင် ဆံပင်တွေဖြူလာသလို
မေတ္တာတရားရဲ့ ပျားရည်ထဲ ပြေးမရအောင်နစ်လို့
လောကဓံ-၈စိတ်ကို ချွေးခံအင်္ကျီအိတ်ကလေးထဲထည့်
သားတွေကို တစ်ယောက်ချင်း
လောကအတွင်း မောင်းသွင့်ခဲ့တာ
အမေဘာလိုချင်လို့လဲ
မြောက်ဘက်က နှင်းတွေကို သပ်ချရင်းလာတဲ့အမေ
ကျွန်တော်တို့ စုန်နေတုန်းမှာပဲ
ဆန်တက်ကောင်းနေတဲ့ အမေ
အမေလေ
ဂြိုလ်တုကနေလှမ်းကြည့်ရင်
စီးဆင်းခြင်းနဲ့ဆန်တက်ခြင်း
ကမ္ဘာကြီးရဲ့သွားကြားမှာ (မေတ္တာတရားရဲ့)
အလျှိုးရာကြီးတစ်ခုအဖြစ် ဖြတ်ပြေးနေတာတွေ့ရမယ်။ ။

ညငှက်လား ရှင်တို့ပြောပြောနေတဲ့ကမ္ဘာလား

တစ်ယောက်လာတစ်ခါမေးတယ်
အဆင်ပြေသလား အဆက်အသွယ်ရပြီလား
ပရိဘောဂစော်နံနေတဲ့ အခန်း ဆေးပြင်းလိပ်စော် အနံ့တွေ မွှန်ထူနေတဲ့အခန်း
ကြွက်သိုက်လိုလဲ ဖဲရိုက်သံတွေ ဆူညံနေတဲ့အခန်း
ဘယ်သန်တဲ့အခန်း ညာသန်နဲ့အခန်း
စိန်တွေရွှေတွေ လှန်းထားတဲ့အခန်း ဖုန်တွေကုန်တွေ ထမ်းထားတဲ့အခန်း
မေးကြတယ်၊ မေးရိုးတွေ ခိုင်သလားပေါ့
မေးရိုးမေးစဉ်တွေ လှိုင်းလုံးကြီးကြွလာသလို
လက်မောင်းသားကြီးနဲ့ဖိချ ဖားပြုတ်တစ်ကောင် အသက်ရှူသလို
မေးကြ မေးခွန်းက ချွေးသီးချွေးပေါက်နဲ့ မီးစနဲ့ထိုးသလို
နာကျင်မှုဟာ ထမင်းနင်သလို၊ အိမ်ပေါ်
ရေတွေကားတွေပြေးတက်လာသလို မေးကြတယ်
အဖိအဖော့နဲ့ စုတ်တံလေးကစားသလို
ရေဆေးနဲ့ပဲ ရေးနေသလို ဆီဆေးနဲ့ပဲ ဖျက်နေသလို
ဖဲချပ်များ ပွတ်ဆွဲနေသလိုလို ဓါးဝိဇ္ဖာတစ်ယောက် ဓါးနဲ့ပေါက်နေသလိုလို
ဟိုမေးဒီမေး ဟိုကြွေးဒီကြွေးကျမရဲ့
အခါခါ အလီလီ ဒီကင်းဗတ်စပေါ် တစ်ပုံဖျက်တစ်ပုံရေး
ကျမကတော့ ဟိုငေးဒီငေး ဟိုတွေးဒီတွေးပါပဲ
ကဗျာဆရာတဲ့
အရက်စက်ဆုံး လက်မရွံ့ဖောက်ခွဲရေးသမား
သွေးသားအပြင် ကဗျာပါ ထွင်းထုတ်သွား
သူ့အသား ပဲ့ကျလာသလို၊ ပြီးတော့မှ
ကျမရင်ဘတ်ကို ဆောင့်တွန်းပစ်လိုက်တယ်
ပြီးတော့မှ အင်တာနက်ထဲဝင် ကမ္ဘာပေါ်တင်ရောင်းလိုက်ကြတယ်
အရှက်အကြောက်မရှိတဲ့ မသမာမှု
ကျမဟာ တန်ဆာခံလား
ဘာသာစကား ရွေ့လျားမှုမှာ ကျမဟာ
ကမ္ဘာကိုထိတ်လန့်ဖွယ် ထိန်းချုပ်နိုင်သူလား
တကယ်တော့ နုန်းတင်မြေနုကျွန်းလေးလို
ကျမနဲ့ ညက လှပါတယ်
အတက်ကြမ်းတဲ့ တက်ကျမ်းလို မျက်နှာပြင်တွေ
မြေကြီးက ညတိုင်း ရွှေမသီးပါဘူး
မြေကြွက်တွေ လင်းနို့တွေ ဇီးကွက်တွေနဲ့
ကားတာယာတွေကြား ကျမ၀င်အိပ်လိုအိပ်
သရဲခြောက်သည်ဆိုသော အိမ်ကြီးထဲမှာ ကျမရောက်လိုရောက်
မုဆိုးခြေထောက် ဆူးမကြောက်ဖူး မဟုတ်လား
ဒူးမထောက်ပဲ အမူးသောက်ခဲ့တယ်
ခပ်ရမ်းရမ်း
ကျမတကိုယ်လုံး ကားမီးထိုးပြီး ဖွင့်ကြည့်ကြတဲ့အခါ
ကျမဟာ နယူးယောက်လမ်းမကြီးပေါ် ရောက်နေသလို
ကျမကို တူနဲ့ထိုးဆွ ခရင်းနဲ့ပေါက်ပြီး စားကြတယ်၊ စားပေါ့
ရမလား ကျမကလည်း ကျမပဲ
အရွယ်နဲ့ အစွယ်နဲ့ တကယ်ပဲမြွေလို ခွေပတ်သိုင်းဖွဲ့
ကျမပေါက်ချလိုက်လို့ ပျောက်သွားတဲ့ ကြယ်တွေမနည်းပဲ
‘အေ့စ်’
ကျမလည်း ဒီလိုမှမလုပ်ရင် ရမှမရတော့ပဲ
ကျမတစ်ကိုယ်လုံး ဂြိုလ်တုက လှမ်းကြည့်လိုက်ရင် မြင်ရသလို
အဆိပ်ကြောင့် ပြာနှမ်းနေပြီပဲ
ကျမက ရှင်တို့ပြောပြောနေတဲ့ ရှင်တို့ရဲ့ ကမ္ဘာဆိုတာလေ။ ။

သော့တွေဟာ သန်းချီတန်ခဲ့

အဖွင့်အပိတ်တိုင်း ငွေကြေးနဲ့ခေါင်းချင်းဆိုင်
နေ့ကိုဖွင့်ပြီး ညကိုပိတ်မယ် ဘယ်မလဲဒီသော့
ဒီသော့က ဒီအစာအိမ် ဒီဆေးရုံတံခါး ဒီအဝေးပြေးလမ်းမကြီး
ဒီအရေးပေါ်လမ်းဘေး ရေအိမ်အဆုံး ဒီသော့ဟာအရေးကြီး
ဒီသော့ဟာ မြားတစ်စင်း ကျည်တစ်တောင့်လို အပြေးတိုးထွက်ဖို့
ကျည်ဆံရထားလို ကမ္ဘာထဲ ဒုံးပျံတစ်စင်းလို အာကာသထဲ
အဆင်သင့် အဆင့်တွေ သေချာဖို့ ပေးကမ်းရ လှူဒါန်းရ ဒီသော့နဲ့အလံထူရ
တံတားတွေပေါ်မှာ လိပ်ပြာလွင့်မတတ်
လေတဟူးဟူးညနေခင်း ထမင်းဝိုင်းတွေပေါ်မှာ ငါအော်နေတယ်၊
ငါအော်နေတဲ့ ပန်းချီကားကို လှမ်းမြင်တော့ သူပါလိုက်အော်နေတယ်
သော့တစ်ချောင်းကို သောင်းနဲ့ချီ၊ သိန်းနဲ့ချီ၊ သန်းနဲ့ချီ
လိုက်လုနေ ၀ယ်နေတယ် အရေးပေါ်သော့တွေဟာ သန်းချီတန်ခဲ့
လူတွေဟာ လည်ပင်းမှာ ခါးကြားမှာ ပိုက်ဆံအိတ်ထဲမှာ
သော့တွေကို သေသေချာချာ သာသာယာယာ ထုပ်ပိုးသိမ်းဆည်းထားကြ
ဝက်ရူးပြန်တတ်လို့ သော့တစ်ချောင်းစီ ဆောင်ထားသလား
ဒီသော့တွေဟာ ပါးစပ်ကို ခတ်ထားတယ်
ရုရှားမှာ သွားတွေကို နှုတ်ခေါင်းက နှုတ်တယ်ဆိုတဲ့ Joke တစ်ခု
ငါကြားဘူးတယ် ဒီသော့တွေက
block တွေကို ဖွင့်တယ်ပိတ်တယ်
ဒီသော့တွေက နယ်ခြားမျဉ်းတွေကိုဖွင့်တယ်
ကောင်းကင်နဲ့ ငရဲတံခါးကိုဖွင့်တယ်
ဒီသော့က နှင်းဆီပန်းကလေးရဲ့ ရနံ့ကိုဖွင့်တယ်
ဒီသော့က ခရမ်းလွန်ရောင်ခြည်တွေနဲ့ လေထီးဖွင့်ခုန်ချဖို့ကို ဖွင့်တယ်
ဒီသော့က ဒီလှိုင်းတွေနဲ့ ဒီဇိုင်းတွေကိုဖွင့်တယ်
သင်ကြားခဲ့ ကြောက်စိတ်ကို ကျင်လည်စွာ လွှတ်ချဖို့
သင်ကြားခဲ့ ပျော်ရွှင်မှုရဲ့ တောကစားထွက်လာတဲ့ အသံတွေကို
သင်ကြားခဲ့ ကျားနဲ့ဆင်လယ်ပြင်မှာတွေ့ဖို့ ဒီသော့နဲ့
သင်ကြားရင်း သော့တွေဟာသန်းနဲ့ချီတန်ခဲ့
ဝါရင့်ဘတ်ဖတ်(ဖ်)က Brand name ပါတဲ့
အ၀တ်အစားတွေ မ၀တ်ဖို့
ဒီသော့တွေကရတဲ့ ဒီသော့တွေနဲ့ ဒီလွတ်လပ်ချောင်ချိ
ပေါ့ပါးခြင်းတွေကို မဖွင့်မိဖို့ ဒီသော့တွေအကြောင်းပြောခဲ့
တစ်အိမ်ထဲနေရင်း အသားလေး ရှပ်လှီးလိုက်
ဆံပင်လေး ခုတ်ဖြတ်လိုက် လက်ကလေးချိုးဖဲ့ကာ
ခြေသည်းကလေး ညှပ်ထုတ်လိုက်နဲ့ သူက၀ဖိုင်းလို့
ကိုယ်က ချိုင့်ဝင်လို့
ဒီသော့ရဲ့ မှန်မှန်လည်နေတဲ့ မှည့်ဝင်းနေတဲ့ကင်ဆာ
ဒီသော့နဲ့ တောမီးထဲတိုးဝင်သွားတဲ့လေလို သဝေထိုးခဲ့
သော့ဟာ သော့မပါပဲ ဘယ်မှမသွား ငါတို့သာ သွားခဲ့တယ်
သော့ဟာ သင်္ချာနည်းနဲ့ မိန်းမပါးစပ်နဲ့ မြေတူးသမားလက်နဲ့
ဆေးထိုးအပ်တွေ ပေကြိုးတွေ စာအုပ်တွေမလို
သော့ဟာ မိုးထဲလေထဲနာရီထဲမှာ သော့ဟာ
ရေခဲတောင်တွေ အရည်ပျော်ကျ မြို့ရွာတွေပျောက်ကွယ်သွားတာတောင်
ကမ္ဘာမြေက ဟုတ်ကနဲထ
သန်းနဲ့ချီနေဆီ ပျံပြေးတက်ကောင်းနေတုန်း။ ။

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၁၀)

ဘာသာစကားမတူ ခင်ဗျားဘာသားနဲ့ထုထု
ဂရုမစိုက်ဘူး
ကျုပ်စိုက်သမျှ ဓားဟာ အနီရောင်ပဲပွင့်တယ်
ပခုံးပေါက်မှာ စိုက်ထားတဲ့ ဦးခေါင်း
နေကြာပန်းလို နေကိုပဲစိုက်ကြည့်
ထစ်ခနဲဆို
မှားသလား၊ မှန်သလား၊ အချိန်မရ၊ နာရီမကြည့်
စပြီးဦးဆောင် စပြီးဖြိုခွဲ
“ရွှေ”ဆိုရင် “ရှဲ”ကြတဲ့အရပ်က ငါပြန်လာခဲ့ပြီ

အသက်ကို စက်ထဲပစ်ထည့်
ကိုယ့်ကိုယ်ကို နံရံထဲမြှုပ်ပစ်ခဲ့ရာ
သေဘေးနဲ့ အကြိမ်ကြိမ်ဝင့်ဆောင့်
ဆောက်တည်ရာမရ
မြေအောက်စတိုခန်းထဲမှာ
ဒီကောင် ကျွန်တော့်သွေးကိုစုပ်တယ်
ဒီကောင် ကျွန်တော့်လျှော့ပစ်တယ်
ငါးလူးငါးပျံ ငန်းဖမ်းသလို တစ္ဆေပူးသလို
ဒုစရိုက်အငိုက်မိ
ငါ့သူငယ်ချင်းက ငါ့စိတ်ကိုဖြုတ်ထုတ် ဆွဲနှုတ်ခဲ့ရာ
အရုပ်ကြိုးပြတ်နေရာက ငါပြန်လာခဲ့ပြီ
တချက်ငေး တချက်ထိမြို့ကြီးမှာ
မြို့ပတ်ရထားတွေပေါ် မတ်တပ်အိပ်ငိုက်လိုက်ပါ
ရထားအတွင်း
အဲယားကွန်းနဲ့အေးတော့ ပါလာတဲ့
ငါ့ကျောပိုးအိတ်ထောင့်တွေက
ကြမ်းပိုးတွေ တရွရွတက်လာတာကို ငါဖိချ
ကြမ်းပိုးတစ်ကောင်မှန်းမသိအောင် ကာကွယ်ရ
အဲဒီလိုနေရင်း
၉၆ပါးရောဂါနဲ့ ငါ့ရှေ့မှာလူတစ်ယောက် ရှော့ခ်ရ
ဘိုင်းခနဲ ရထားကြမ်းပြင်ပေါ်လဲကျ
အရေးပေါ် ရထားလည်းရပ်၊ ရဲတွေရောက်လာတော့
မယောင်မလည် ဘူတာထဲက ထိုးထွက်
အန္တရာယ်ကို မျက်ခြေဖြတ်ရတယ်
အဲဒီလို ကျီးလန့်စာစား
ကြက်အိပ်ကြက်နိုး ရိုးလို့
ငါဟာအိပ်ခဲ့ ငါ့မျက်လုံးထဲငါဝင်ကာ
ငါဟာအိပ်ခဲ့ နှစ်၂ဝကျော် အိမ်မှာအိပ်ခဲ့သမျှ
ဘူတာ၂ဝကိုဖြတ်ဖို့ ငါဟာ အလုပ်ကို
ညနေ ၅နာရီမှာ အိမ်ကစထွက် ဘူတာ ၂ဝ အဖျားမှာ
စက်ရုံဆီ ၄၅မိနစ် ဘတ်စ်ကားဆက်စီး
ည ၈နာရီမှာ အလုပ်ထဲဝင် အလုပ်ကိုစ
နှစ်ယောက်သုံးယောက်စာအလုပ်ကို တစ်ယောက်တည်းနဲ့စ
ည ၁၂နာရီ ၁ချက်မှာ Red Bull အချိုရည်တစ်ဘူးနဲ့
မျက်လုံးကိုတွန်းကန် ဒီလို မတန်တဆ
မတန်တဆမရတဲ့ အလုပ်မျိုး
(ဘယ်လုမျိုးမှ ၃၊၄ရက်ပိုမခံ)
ငါဟာ တစ်လခံသတ္တိနဲ့ဆက်လုပ်
မနက် ၈နာရီ ဂျူတီချိန်း
ငါပြန်တော့ ငါ့အိမ်မှာ ၁ဝနာရီ ဘယ်သူမှမရှိ
မရှိတဲ့အခန်းမှာ စားစရာလည်းအဆင်သင့်မရှိ
ယိုင်တိယိုင်ထိုး ရေမိုးချိုး
ကော်ဖီတစ်ခွက် ကြက်ဥကြော် ခေါက်ဆွဲခြောက်ပြုတ်
တစ်ခုခုနဲ့ လည်ချောင်းထဲတွန်းချ အိပ်ရာဝင်
မနက် ၁၁နာရီကျော်မှာ ငါဟာအိပ်ရာကိုဝင်
ပျော်သလား မပျော်သလား ငါမသိ ညနေ ၅နာရီမှာ
ငါ့သူငယ်ချင်းတွေနဲ့ ငါတေ့လွဲလွဲ
စက်တွေက
ငါ့အိပ်ရာနဲ့ ငါ့မိတ်ဆွေတွေကို လုယူသွားကြတယ်
ညမှာ
စက်ရုံရဲ့ တဒီးဒီး အော်မြည်သံတွေ အစားခံလို့
ငါတစ်ယောက်တည်း တွင်းနက်ကြီးထဲ ဝင်ခဲ့ရ
ငါတစ်ယောက်တည်း နေ့ခင်းတစ္ဆေအခြောက်ခံခဲ့ရ
စိန် ကျောက် နီလာ ပတ္တမြား
မြို့ကြီးရဲ့လမ်းမကြီးပေါ် ငါမတက်နိုင်အား
ငါ့ကိုယ်ငါ ခုတ်လှဲထားရတယ်
အခုတော့ အဲဒီခုတ်သားစတွေ ငါပြန်ယူ
ငါ့ကိုယ်ငါစုပြီး ငါပြန်လာခဲ့ပြီ
ခန်ဓါမှ ဆားပွင့်တွေတလက်လက်
ပင်လယ်က ပက်ထုတ်လိုက်တဲ့ငါး
ကန္တရပါးစပ်ထဲ ထိုးကျသွားသလို
ငါပြန်လာခဲ့ပြီ။
အတောင်ပံတွေ တောင်တွေနဲ့ငြိစွန်း
သွေးများသွန်ဆင်းရာ
အသက်ထက်အရေးကြီးတာ အသက်ပဲရှိ
ရှိတဲ့အသက်လေး ဖက်နဲ့ထုပ် ငါပြန်လာခဲ့ပြီ

ကျောက်ဆောင် ပင်လယ်ဓားပြ
မုန်တိုင်းနဲ့ မိုင်းတွင်းများထွန်းကားရာ
ကိုယ်လေးလက်ဝန် စက်လှေတစ်စီးရဲ့ မီးနေခန်း
ယောက်ျားဖောင်စီး ငါပြန်လာခဲ့ပြီ
ငါပြန်လာတော့ ငါ့အမေဟာ ငါ့အသံကိုမမှတ်မိ
“ပျောက်သွားလိုက်တာ” အမေဟာ မျက်ရည်ဒဏ်ရာတွေနဲ့
“အမေ ကျွန်တော် ဘာတစ်ခုမှ….”
အမေဟာ ကျွန်တော့်ပါးစပ်ဖျားကို သူ့လက်ဝါးနဲ့ပိတ်
“ငါ့သားကို ငါပြန်ရတဲ့အောင်ပွဲ
အမေဘာနဲ့လဲရမလဲ….တဲ့”
တကယ်တော့
ဒါဟာ တကယ့်ကြောက်စရာ
ကြောက်တွင်းကြီးတစ်ခုပါပဲ
ဆင်ခြေများ ဆက်ရာများ
အချက်အလက်ဒေတာများ ပေးစရာမရှိ
ကျွန်တော် လေယာဉ်ပျံကြီးစီးကာသွား
ရေကူးပြီးပြန်ခဲ့ကြောင်း
ကျွန်တော့်သူငယ်ချင်းတွေကို ခေါင်းလောင်းထိုး
နှိုးလိုက်ရုံပါပဲ ။ ။

ခရမ်းပြာထက်လူ
ပိတောက်ပွင့်သစ်၊ ၂ဝဝ၈။

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၉)

ငါတို့အိမ်မှာ ငါတို့ဟာသခင် ငါတို့ဟာ ဘုရင်
ငါတို့ဟာ ဘဝင်နဲ့
သင်ယူစရာ၊ သတ်သေစရာမရှိပေမဲ့
ငါတို့ဟာ အရှင်ပဲ
ဘာအတွက် ဘာတွေ တွက်ချက်ပြီး
ဘာတွေ မက် ဘာတွေ ဖက်လို့
ဘာတွေ ဘယ်သူ့ဆက်ဖို့ ရောက်လာသလဲ
ဒီနေရာ ငါပြန်ကြည့်
ငါပြန်ကြည့်လိုက်တော့ ငါနေရာ ငါမရှိ
မရှိတဲ့ငါ့နေရာ ငါ့မိသားစုလည်းမရှိ
ငါ့ကိုယ်ငါဈေးကွက်ထဲထိုးသွင်း
ကျွန်လို ကျွန်တံဆိပ်ရင်ဘတ်ထဲရိုက်သွင်း
ဒါမင့်ကြောင့်
မင်းအချစ် မင်းမေတ္တာတရား မင်းခန်ဓါကိုယ်တရားဆီက
ဘာတစ်ခုမှ စီးဆင်းမလာတဲ့အခါ
ငါအသွေးအသားနဲ့ ငါ့အနာဂတ်ကိုဖောက်ချ
မင်းဦးနှောက်ယိုစီးမှုကို
ငါက အရူးလိုတုန့်ပြန်
ပတ်ဝန်းကျင်နဲ့ မြို့တစ်မြို့က ရိုက်ထုတ်လိုက်တဲ့လွင့်စဉ်မှု
ကလေကချေလို ဂျစ်ပစီလို
ပင်လယ်ဓားပြလို ကိုလံဘတ်စ်လို
ဂျက်လေယာဉ် နောက်ကျောကျန်ခဲ့တဲ့ မီးခိုးတန်းလို
ငါတို့ဟာ ထွက်သွားခဲ့ရ

ခုတော့ ငါပြန်လာပြီ
ခဲလည်းမှန်၊ ဗုံးလည်းမှန်၊ အမှန်တရားကိုလည်း ထိမှန်
လစာမပေးလို့
စိတ်ခေါ်ရာ မှန်ချက်တွေ အထပ်လိုက်ရိုက်ခွဲပစ်ခဲ့ရာ
စိတ်ခေါ်ရာ ကြမ်းပြင်ပေါ်ဆေးပုံးတွေသွန်ချပစ်ခဲ့ရာ
စိတ်ခေါ်ရာ တွေ့သမျှဝါယာတွေလှီးဖြတ်
စိတ်ခေါ်ရာ တရားမဝင်အလုပ်သမားတွေရှိနေပါတယ်
တရားမဝင် အလုပ်သမားတစ်ယောက်ရဲ့
တရားမရှိ အလုပ်ရှင်တစ်ယောက်ကိုတိုင်တန်းရာ
ငါ့ကြွက်သား ငါ့ကုပ်သွေးတို့ တစ်စက်စက်ထွက်ကျရာ
ငါ့ဂုဏ်သိက္ခာ ငါ့လည်ဆံမွေးတို့ တဖွားဖွားလွင့်ကျရာ
ငါကျဆုံးရာ ငါ့သင်္ချိုင်း ငါ့စစ်မြေပြင်က ငါကုန်းထ
အခု ငါပြန်လာပေါ့
ငါ့မြေ ငါ့ဇာတိ ငါ့အမေ ငါ့နှမ ငါ့ဘဝကို ငါပြန်သိမ်းဖို့
ငါ့ကိုယ်ငါနဲ့ ငါ့တိုင်းပြည် ငါပြန်ရွေးဖို့ ငါပြန်လာခဲ့ပြီ
ငါပြန်လာခဲ့

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၈)

မကြာခဏ
မိုက်ကယ်ဂျက်ဆင်လာတယ်
ရော့ခ်စတီးဝပ်လာတယ်
မက်ဒေါနား၊ ခုဆို
ဘရစ်တနီစပီးယားနဲ့
အင်ဂျလီနာဂျိုလီတို့တောင် ရောက်နေလောက်ပြီ
တောင်နဲ့မြောက်ဝင်ရိုးစွန်းမှာ ခုနကဘာဖြစ်သွားသလဲ
ခု၊ ဒီမှာ ရပြီ
သူတို့လက်ထဲမှာ လက်ကိုင်ဖုန်းတွေကိုယ်စီနဲ့
ဘဝကို ဘဝနဲ့ ညီညွတ်အောင်
Bus Stand တွေမှာ
အစိုးရအဆောက်အအုံတွေမှာ
အဘိုးအဘွားတွေက တံမြက်စည်းလှည်း အမှိုက်တွေသိမ်း
သူတို့ရဲ့နေဝင်ချိန်တွေကို ထိန်းသိမ်းထားတယ်
ငါတို့ရပ်ကွက်ထဲ ဇိမ်ခံသူဌေးတွေ
ရွှေတွေညွှတ်နေသလို
သူတို့လည်ပင်း သူတို့လက်အတွင်းမှာ
ရွှေတွေညွှတ် လွတ်မြောက်လို့၊
ငါတို့သာ ငါတို့ပညာတွေ အကုန်ရပ်ထား
အတောင်ပံမဲ့ မိုးသားထဲပျံသန်း
ပြဿနာတွေ ရှင်းဖို့
၇၃ ထပ် ခေါင်းမိုးအထိ တက်ရတယ်
အဲဒီကတစ်ဆင့် သံမဏိကြိုးလက်သန်းလောက်နဲ့တွယ်ဆင်း
အလျား ၁ဝ ပေ၊ အနံ ၃ ပေခြင်းထဲမှာ
ဘဝကိုသိပ်ထည့်၊ လေထဲငှက်စာကျွေးသလို
ဘဝကိုထိုးကျွေး၊ ကိုယ့်အသက်ကိုယ်ပြန်ရွေးနေသလို
ကားတွေ လူတွေ
ငါတို့အောက်ကဖြတ်သွားဖြတ်လာတွေ ငုံ့ကြည့်ရင်း
ငါ့အတွက် ညနေခင်းတွေကျန်ပါတော့မလား စဉ်းစား
စဉ်းစားရင်း ငါပြုတ်ကျတော့မလို ငါ သေတော့မလို
ငါဟာ ငါနဲ့ ငါ့ကမ္ဘာထဲက လွတ်ထွက်သွားတော့မလို
အကြိမ်ကြိမ်ဖြစ်ပွား
အင်ဒိုနီးရှားတောမီးတွေလောင်တော့
မြို့ထဲ မီးခိုးတွေလှိမ့်ဝင်လာ အထပ် ၇ဝကျော်မှာ
ငါနဲ့ ငါ့သူငယ်ချင်းတွေ
ဘေးဘီဝဲယာ ဘာတစ်ခုမမြင်ရ
ဝေဝါးနေတဲ့ အနာဂတ်ဟာ ပိုပြီး ထူပိန်းသွားတယ်
ငါတို့ရှေ့မှာနံရံ အသက်နဲ့ရင်း ထမင်းအတွက်
အဲဒီနံရံကို သန့်ရှင်းလှပအောင် ပြင်ဆင်ရတဲ့ဘဝ
ခင်ဗျား ရဖူးပါရဲ့လား။

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၇)

သွားရင်းလာရင်း လမ်းဘေးမှာ၊ လူငယ်
၂ ယောက်တည်း UNPLUGGED
ခင်ဗျား ကျွန်တော် အားလုံးဝင်ဆို UNPLUGGED
ဂီတ၊ ယဉ်ကျေးမှု၊ လူငယ်နဲ့ မြို့တစ်မြို့
ဘယ်လောက်လှသလဲ
မြူးဇစ်နဲ့ယိမ်းထိုးထွက်လာတဲ့ ရေပန်းအက၊ ဟိုးအဝေး
ငါးခန်ဓါကိုယ်နဲ့ ခြင်္သေ့မျက်လုံးထဲက
ပြေးထွက်ပုံဖော်လာတဲ့ နိုင်ငံတစ်ခုရဲ့ စာတန်း
ရေပန်းမှာလာစိုက်တော့ ငါပါးစပ်ဟမိ
ငါ့ပါးစပ်ဟာ ကမ္ဘာကြီးကို မိတော့တယ်။
ကြယ်တွေကုန်အောင် ငါအံ့သြ
သေငယ်ဇောနဲ့ မျောရတယ်
ကမ္ဘာကြီးထဲက ဒီလိုကမ္ဘာတွေ
ဒီလိုကမ္ဘာထဲက ဒီလို ၁၂ မျိုးဟင်းချိုတွေ
ဒီလိုလူ့အရင်းအမြစ်တွေဆီက
ပန်းထွက်လာတဲ့ မြို့တွေ
ညီလေးရေ အဲဒါကို ငါဝယ်ကျွေးချင်ရဲ့
ညီမလေးရေ မင်းကို အစ်ကိုဝယ်ပေးချင်ပါရဲ့
လက်ဖဝါးပေါ်
ဘွန်ဆိုင်းပင်တစ်ပင် တက်ရပ်နေသလို
ကျွန်းတစ်ကျွန်းပေါ်
နိုင်ငံတစ်နိုင်ငံ ပေါက်ရောက်နေပုံဟာ အံ့သြဖွယ်
အရင်က
မင်းတို့ငါတို့ကိုကြည့်ပြီး သူခြယ်သခဲ့သမျှ
သူမမေ့ သူ့အိမ်မှာ ငါတို့နာမည်နဲ့ လမ်းတွေတွေ့တော့
ငါ အံ့သြ
ဒါကြောင့်လည်း ဒါရောက်လာတာပဲလို့ ငါမပြောလိုတော့ဘူး
အခုအခံမရှိ လှတဲ့ရင်သားတွေ
ကျွန်းစုတွေရဲ့ ကြောက်မက်ဖွက်ကြွတက်နေပုံဟာ
ချောက်ချားဖွယ်
လမ်းတွေပေါ်မှာ အုပ်စုမဖွဲ့
(စနေ၊ တနင်္ဂနွေကလွဲရင် သူတို့ မပျံသန်း)
တစ်ယောက်နှစ်ယောက် အသွားအလာ
၎၊၅၊၆ယောက် မရှိ
၁ ယောက်ချင်း ကမ္ဘာကြီးကို ရင်ဆိုင်
လက်ထဲမှာ
စာအုပ်တစ်အုပ် သတင်းစာတစ်စောင်
လက်နက်ကို ကျမ်းစာကို တရားဓမ္မလို
ကိုင်တွယ်ရင်း
ကွေ့ဝင်သွားလာနေကြပေါ့ လူတွေ
လူတွေမှာ အပူတွေမရှိ၊ အနာဂတ်ကို
ခုထက်ဘယ်လို ထိုးဖောက်တိုက်စစ်ဆင်မလဲ စဉ်းစား
စားဖို့အတွက် လူမဖြစ်
တစ်ယောက် BMW ကားစီးဖို့
နောက်တစ်ယောက်က သူဌေးကြီးများစာရင်းဝင်ဖို့
တတိယလူက
တတိယကမ္ဘာကြီးထဲ ၀င်ရောက်ဖောက်ကားဖို့
သူတို့ ကမ္ဘာကြီးကိုဖောက်စားနေတာ
သက်သောင့်သက်သာ
မြစ်တွေလို မြို့တွေလို မြှုပ်ထားတဲ့ရှေးဟောင်းပစ္စည်းတွေ
တဗြုတ်ဗြုတ် ပြုတ်ထွက်နေသလို
တစ်စက္ကန့်အတွင်း
ကြယ်တွေ အစုလိုက် အစုလိုက် ပွင့်ပွင့်ထွက်နေသလို
မြို့ဟာ မဟာဂီတ

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၆)

လှပါရဲ့ မြို့တော်ဟာ
အိပ်မက်ထဲကနန်းတော်
မိန်းမတွေဟာ
ဒဏ္ဍာရီထဲက နတ်သမီးတွေပဲ
လမ်းပေါ်မှာ
သစ်ရွက်ကလေးတစ်ရွက် ကြွေနေတာ
ကဗျာတစ်ပုဒ်ထဲက
စကားလုံးလေးတစ်လုံး ပြုတ်ထွက်နေသလိုပဲ
ဘတ်စ်ကားတွေက
ငါတို့ကို
ဘာတစ်ခွန်းမှမပြောဘဲ တင်သွား
ဘာတစ်ခွန်းမှ မပြောဘဲ ရပ်ပေးကြ
မျဉ်းကြားမှာ အခင်းပွားစရာမရှိ
ဝန်ကြီးချုပ်ကားလည်း ရပ်ရတယ်

မြေအောက်မီးရထားတွေက
ငါတို့ကို
ဘာသာစကား ၄၊၅မျိုးနဲ့ လမ်းပြ
အလေးချိန်မခိုး အလေအလွင့်မရှိ
အတိအကျသယ်ယူသွားကြတယ်
အမှိုက်တစ်စဟာ
လမ်းပေါ်မှာ စလိုက်ထိုးပြသလိုထင်ရှား
သူတို့ဘာကိုမျှ ပြီးစလွယ် မပစ်(စနစ်တကျသယ်ဆောင်
စနစ်တကျစွန့်ပစ်)
စည်းကမ်းကိုချစ်ကြတယ်
ဖြစ်နိုင်ရင်
သူတို့အရိပ်တောင် သူတို့
လမ်းပေါ်မှာ မစွန်းထေး မညစ်ပေစေရ
ဒီမှာ တနင်္ဂနွေများဟာ ရွှေတုံးရွှေခဲ
ဒီမှာ တနင်္ဂနွေများဟာ ကားတိုက်မှုမရှိ
ဒီမှာ တနင်္ဂနွေများဟာ တနင်္ဂနွေများပေါ်ခုန်တက်
ကမ်းခြေ၊ ပန်းခြံနဲ့ ကုန်တိုက်တွေဆီချီတက်
ပန်းချီကားတွေ
တစ်ခါသုံးမီးရထားစီးခ ကတ်ပြားပေါ်က
ဗင်ဂိုး၊ ဂေါ်ဂင်၊ မိုနေးနဲ့ ခေတ်ပေါ်
ကမ္ဘာကျော် ပန်းချီကားတွေ
သွေးတောင်းလို့
တစ်ကတ်ပြီး တစ်ကတ် ငါဝယ်ပြီး
မစီးဘဲ သိမ်းထားမိပုံတွေ

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၅)

ညမှာ “ယပလက်” တစ်ကောင်
စားသောက်ဆိုင်မှာ သောင်းကျန်း ငါတို့နေခဲ့တဲ့အိပ်ခန်း
ရဲတွေ အိမ်လိုက်ဖမ်းတော့ ဗြုန်းခနဲ ဘာလုပ်ရမှန်းမသိ
သေသူရောရှင်သူပါ ဘုရားတ Passportတွေထုတ်ပြ
“ဘိုင်ဘွတ်ခ် အိုင်ဘွတ်ခ်”
ရယ်ရမလိုလို ငိုရမလိုလို ရဲရှေ့မှာဒူုးထောက်
အယောင်ယောင်အမှားမှား ပါးအရိုက်ခံရသူနဲ့ ရှုပ်ထွေး
သကောင့်သားတွေရဲ့ သနားကြင်နာမှုမှာ
“ခင်ဗျားအသက်ကြီးပြီ”
စောစောက သင်္ဘောသားအိုကြီးလည်း
ကံတရားနဲ့ လွတ်မြောက်လမ်းပေါ်ပြန်ရောက်သွား
ဒါ ဘုရားသခင်ရဲ့လှည့်စားမှု
ပွဲစားက ဘုရားသခင်ကို လူယုံလွှတ်ကာခိုင်းစေမှု
ဒီလိုနဲ့ လူစုကွဲသွားတယ်

ခက်တာက ဒီမှာ
ရွှေရွှေချင်း ရှင်းလို့မရ
ရွှေရွှေချင်း နမ်းလို့မရ
ရွှေရွှေချင်း ဝေးဝေးနေမှ
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစား
ကားအစည်းပြေသလို တစ်ယောက်တစ်လမ်း
တစ်ယောက်ကိုတစ်ယောက် စမ်းတဝါးဝါးရှိကြ

အဆဲအဆိုခံ အဆုံးအရှုံးခံ
နံရံတွေများလာတဲ့အခါ
ကျွန်တော်ပြန်တော့မယ်၊ ဒီထက်
နံရံတွေနံစော်လာတဲ့အခါ
လမ်းဘေးမှာ
တရားမ၀င် စီဒီချပ်တွေရောင်းလို့
မိုက်ကြေးခွဲ ဂိုဏ်းစတားတွေနဲ့သတ်ပုတ်လို့
လေလွင့်ကြ
ကိုယ့်အဓိပ္ပာယ်ကိုယ် ဖျက်ဆီးကြ
တံမြက်စည်းတစ်ချောင်းလောက်မှ
ဆောက်တည် စစ်ယူလို့မရတော့တဲ့အခါ
ငါးယူမလား ငွေသာအဓိက အမှောင်မှာ စွမ်မိကြ
ဘာမှမစဉ်းစားမိကြတော့ဘူး
အဲဒီလို နံရံတွေ ဒီထက် နန့်နန့်တတ်လာတော့
Police Station တွေရှေ့ ဖြတ်လျှောက်၊ ကိုယ့်ကိုယ်ကို
အမိအရ တည်ပေးလိုက်ပုံတွေ
ရေခဲသေတ္တာထဲက သစ်သီးများ
ခလုတ်တစ်ချိတ်နှိပ်၊ ခေါင်းတစ်ချက်ပုတ်
ပြေးဆင်းလာတဲ့ အချိုရည်ဘူးများ၊ အရသာမရှိ
ပြေးရလွှားရ အရသာမရှိ
အရသာများဟာ အရသာမရှိ
အရာအားလုံး အရယူဖို့ပဲစဉ်းစား အရသာမရှိ

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၄)

ကိုယ့်လူရဲ့
ဒီမှာ တစ်ည ၅ဒေါ်လာ ပေးအိပ်နေရတဲ့ကောင်တွေလည်းရှိ
ဘာသာစကား ၃၊၄မျိုးနဲ့
ငိုယိုပေါက်ကွဲနေတဲ့ကောင်လည်းရှိ
Goodbye ကျွန်တော်မရတော့ဘူး
ပြန်တော့မယ်ဆိုတဲ့ကောင်လည်းရှိ
ဒီမှာ၊ မနက် ၅နာရီ ဝေလီဝေလင်း
သူများ အသားတုံး အပေါ်ယံရှပ်လှီး
သူများအသီးအရွက် သူများအဆီအသား
ရောသမမွှေ ပြေးထွက်သွားတဲ့ အကောင်လည်းရှိ
ရေခဲသေတ္တာထဲမှာ ဝက်တစ်ခေါင်းလုံး ၇ ဒေါ်လာ
ပန်းသီးတစ်လုံး ဆင့် ၅၀
ကြက်ဥတစ်ကဒ် ကော်ဖီမစ်တစ်ထုပ်
အလုပ်မရှိ အလုပ် Gameတဲ့အခါ
ခေါက်ဆွဲခြောက်နဲ့ ဆီထိုး
ကိုယ့်အင်ဂျင်ကိုယ်ပြန်နှိုးရတဲ့ အခန်းတွေပြည့်လို့

ကံတရား
ကံတရားက ကံ ကစားလွန်း
အိမ်မှာ လဲမှိုတွေလို လွင့်ခဲ့သမျှ
ရေတစ်ပုံးမဆွဲ ထင်းတစ်ချောင်း မခွဲခဲ့သမျှ
ဒီမှာ သံတုံးသံခဲ လည်ပင်းဆွဲထားရသလို၊ လေးလံ
လေးဘက်လေးတန်က အသံတွေနားထောင်
နောင်တမရှိ၊ တစ်ပဲတစ်ရွေး လွှတ်လို့မရ
အလုပ်ရမှ အလုပ်ရှိမှ
နေ့ညအလုပ် လုပ်ရမှ
အလုပ်ရမှ ပြုတ်မကျမှာ
ဆိပ်ကမ်းမှာ ဘောတံတားမှာ သင်္ဘောသံချေးခွာမလား
ရတယ်
ည ၉ နာရီ ၁၀ နာရီ ဘတ်ဒေးမှာ Part timeဆင်းမလား
ရတယ်၊ စားပွဲထိုး၊ ကားရေဆေး၊ ဆေးသုတ်သမား
ကုန်တင်ကုန်ချ အလုအယက်
“Yes or No” ၂ခုနဲ့သွား၊ ရတယ်
ဒီမှာ အေးဂျင့်တွေ ပွဲစားတွေ
ကိုယ့်အသားထဲက ပြန်ထွက်ကျလာတဲ့ လောက်တွေ
တစ်နေ့(ဒီတစ်နေ့အကြောင်းပြန်ပြောရရင်)
ခင်ဗျားနဲ့တွေ့ရတာ ဒီနေ့အဖို့
ဘုရားသခင်နဲ့ ဆုံလိုက်ရသလိုပဲ
ဝမ်းသာအားရ သင်္ဘောသားအိုကြီး
အလုပ်မရှိ လမ်းမပေါ်မှာ လမ်းရှာနေတုန်း
အလုပ်ရှိသူနဲ့ ပက်ပင်းတိုး ရော့ ရှိသမျှ အစိမ်း ၁ဝဝ
နေစရာ ထိုင်စရာ မနက်အလုပ်ဆင်းရမယ့်နေရာ၊ ကဲ
Follow me ငါ့နောက်လိုက်ခဲ့၊ ပွဲစားက ပွဲပြတဲ့အခါ
တစ်နေရာရာမှာ အားလုံးစုဝေး မနက်ဖြန်ကိုတွေးမျှော်
ပျော်ရွှင်စွာ သောင်တင်နေတုန်း

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၃)

ပန်ကာလေဟာ
အခန်းရဲ့အပူချိန်ကို ကုန်အောင်မစုပ်ထုတ်နိုင်
လက်ညှိုးနဲ့လက်မကြား
ဆုပ်ကိုင်ထားတဲ့ ဖောင်တိန်တစ်လက်ဟာ
ရှိသမျှသွေးကိုအန်ထုတ်
စာရွက်က စကားလုံးကို မစုပ်ယူနိုင်
အလွမ်းဟာ တစ်ဆို့
အနာဂတ်ဟာတစ်ဆို့ ဆို့နဲ့ရိုက်ဖွင့်လို့မရ
သစ်ရွက်တွေ တွန့်လိမ်ကော့ပျံနေသလို
ခန်ဓါကိုယ်တွေ ည ၁၂ နာရီ ၁ ချက် တွန့်လိမ်ကွဲအက်
အသက်ကို ဝအောင်ရှူ
ကယောင်ကတမ်း အရက်ကိုမျှသောက်
ချောက်ချားမှုကို ဖျောက်ထားရတယ်။
လူတိုင်း လကို ကျော်ပြီး ကြည့်နေကြ
အလွမ်းကို အသင့်အနေအထားကိုင်လို့
အသက် ၃၀ ကျော် ၄၀ ဝင်ကြီးက
အမေ့နို့ပိန်ကိုလွမ်း အမေ့အားကို တဖျန်းဖျန်းတမ်းတ
“အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ်ရောက်လာတယ်”
အဲဒီလို အလုပ်အကိုင်မရှိတဲ့အခါ
၂၄ နာရီ မြေကြွက်တွေလို ခိုအောင်း
ခေါင်းကို အခန်းထဲလှိမ့်သွင်းထား
လေမချွန်ရဲ လက်မပြရဲ
ပြတင်းပေါက်အပြင်ဘက် အစွန်းမထွက်ရဲကြဘူး
ငါတို့ဟာ အကျယ်ချုပ်ချုပ်ခံထားရသလို
အဝတ်စုတွေလို ဟိုနေရာ ဒီနေရာ
စားပြီးသား ပန်းကန်တွေ စုပုံထားသလို ဆန်းပုံများ
ဆိုပါတော့
ငါတို့ဟာ တန်ဆာမဲ့ကြတယ်
ငါတို့ဟာ ဗီဇာမဲ့ကြတယ်
ငါတို့ဟာ လွတ်လပ်ရေးမဲ့ကြတယ်
ငါတို့ဟာ စိတ်လွတ်ကိုယ်လွတ် မသမ်းဝေနိုင်
မိဝေး ဖဝေး
ပန်းခြံထဲ ဆင်းမငေးနိုင်
စားသုတ်သုတ် ပြန်သုတ်သုတ်
စုပ်တသပ်သပ် အစုတ်အပြတ်
ဆုတ်ဖြဲထားတဲ့ စက္ကူအပိုင်းအစတွေလို
ဘီယာတစ်ခွက်မှာ
ကော်ဖီတစ်ခွက်မှာ စိတ်တချောက်ချောက်
နောက်ကျောဖောက်ဝင်လာမယ့် ဓားစောင့်နေရသလို
လမ်းတွေပေါ်မှာ
ကားမှတ်တွေနဲ့ MRT ဘူတာရုံတွေမှာ
မျက်လုံးလို ချွတ်ချမထားရဲ
အမြဲကောက်စီးထားရတယ်
သတိနဲ့၊ သတိမရှိတဲ့အခါ
ဒီမှာ အငြိအစွန်းကိုဖြုတ်လို့မရ
အမေ့ရဲ့သားကောင်းဘဝမှ
လောကသားကောင်ဘဝကို ကူးပြောင်း
ရေစီးကြောင်းပြောင်းရတယ်
တစ်ယောက်နဲ့တစ်ယောက်တွေ့ရင်
အဆင်ပြေသလား
ဆက်ပြီးစွမ်းဆောင်နိုင်သေးသလား
ကံစိတ်ဥတု အာဟာရ
ကျေနပ်စရာ ကျန်သေးသလား
ဘုရားနဲ့ တရားနဲ့ ဇာတိမြေနဲ့
ငါတို့ဒဏ်ရာများကို မမေ့နဲ့
တွေ့ရင် မတန်တဆအားပေး၊ ဒီမှာ
မတန်တဆ သွေးတွေ အစုပ်ခံရတာ
မေ့ထားကြသေးတယ်
ဒီလ ဘယ်လောက်ပို့လိုက်ပြီလဲ
ငွေစက္ကူတွေမှာ ချွေးတွေရွဲလို့
ရွှဲနေတဲ့ ချွေးတွေပေါ်မှာ
အန္တရာယ်ဟာ ပုန်းအောင်းလို့
ငါ ဒေါသဖြစ်မိတာက
လေယာဉ်ပျံကြီးစီး မြို့ကြီးထဲဝင်ပြီဆိုတာနဲ့
အားလုံးအဆင်ပြေ ဆင်တွေ မြင်းတွေ စိန်တွေ ရွှေတွေ
အသေအလိုက်ခံရသလို ဘုမသိ ဘမသိ
ဘင်ပေါ်က တုန်ခါနေတဲ့ဖုန့်မှုန့်ရဲ့
နေခြင်းတရားကို မသိ
ကွန်တင်နာအဟောင်းထဲ
ကြွက်တွေလို ဒီမှာနေ ဒီမှာစား၊ ဒီမှာ
ဗုံးခိုကျင်းလို၊ ဒီမှာ
ကိုယ့်သေတွင်း ကိုယ်တူးထားသလို
နွံလည်းနစ် ကျွန်လည်းဖြစ်ခဲ့တာကို မသိကြ
ဒါ၊ ငါ့သားရဲ့ ငါ့ကားလေ
ငါ့စကားနားထောင် ငါ့နားတောင်း တပြောင်ပြောင်
ငါ့သား အသက်ပေါင်ထားရတာ ထည့်မပြော။
ခြေတစ်ဖက် ငါးမန်းအကိုက်ခံထားရသလို
ယိုဆင်းနေတဲ့ နေ့များ
၁၀ ထပ် ၁၅ ထပ် ဆင်းလိုက်တက်လိုက်
သံဖရိန်တွေ ဆေးပုံးတွေနဲ့ ဧရာမမှန်ချပ်ကြီးတွေ
တနင့်တပိုး သယ်တင်သယ်ချ
ဘယ်ဘဝ အဆက်လဲ
ခြေတစ်ဖက်ဟာ စစ်ပွဲမှာ မိုင်းနင်းမိသလို
ကြာတော့ ဒရွတ်ဆွဲ အခက်အလက်တွေကို
ခက်ခက်ခဲခဲ ခဲထားကြ၊
ငါ့သားဟာ ခုဆို ဆိုသလောက်ခရီးပေါက်
ခေါက်ချရင် အရိုးမှကျန်ပါတော့မလား သူတို့မသိ
အမှတ်တမဲ့တွေးခေါ်
သေနတ်ပစ်သလို လွန်သွားတွေနဲ့
ရှေ့နံရံထုကြီးကို ထိုးခွ
ဆွလို့သမျှ ဆယ်ပေါင်တူတစ်ချောင်းနဲ့
တဒိုင်းဒိုင်းမြည်အောင် ဖြိုချ
အဲယားကွန်းပိုက်လိုင်းတွေဆင်ဖို့
အပေါက်တွေဖောက်ရ
ပေါက်ထွက်လာတဲ့ ငါတို့အရေးပြားအောက်ကချွေးတွေ
စောင်တစ်ထည်လိမ်ကျစ် ညှစ်ထုပ်လိုက်သလို
နဖူးကချွေး ခြေမကျ
အဲဒီစကားဟာ လူရာမဝင်
ငါတို့ဟာ ကျောက်တောင်
ငါတို့နဖူးပေါ်က ရေတံခွန်စီးကျသလို
ချွေးဆိုတာ အဲသလိုရွာကျ
မချလို့မရဘူး ကိုယ့်လူ
လူဆိုတာ ဖြုတ်လိုက်တပ်လိုက်
ဖြုတ်တဲ့အထဲ ငါတို့ပါသွားရင် အစုတ်အပဲ့လို
နေရေးထိုင်ရေး သွားရေး လာရေး လမ်းဘေးပဲ
ဒါတွေကိုလည်း သူတို့မသိ
သူတို့မသိတဲ့ ငါတို့ဟာ
ပိုက်ဆံတွေလည်း မီးရှို့ရတယ်
လူသေတွေလည်း ရေချိုးပေးရ
ကျွန်းတစ်ကျွန်းပေါ် မွန်းတည့်ငရဲလည်းခံရ
ဘာသာစကားတွေ ဗွက်ပေါက်
တဒေါက်ဒေါက် ဖြတ်လျှောက်နေတဲ့ ကြမ်းပြင်ပေါ်
စကတ်တွေ လွင့်ဝဲ
ပေါင်သား ဖြူဖြူ ညိုညိုတွေအောင်
လွှတိုက် လှီးဖြတ် ကော်ပတ်စား
အိမ်မှာတော့ သူဟာ အင်ဂျင်နီယာကြီးပေါ့
ခုတော့ သူဟာ ရေကူးကန်ကိုတူးလို့
မြက်ရိုင်းတွေကို ရှင်းလို့
ရပ်ကွက်ထဲမှာတော့ သူဟာ ဂုဏ်သရေရှိပေါ့
ခု သူဟာ အမှိုက်အစအနတွေ ရှင်းလို့
အိမ်သာတွေဆေးကြောလို့
တစ်ခါတလေတော့ လေလွင့်ဖိတ်စင်
နိုက်ကလပ်တွေ၊ ဒစ္စကိုကပွဲတွေနဲ့
Girl Friend တွေ Country Style တွေနဲ့
အရိုးခေါင်းခါးပတ်တွေ သိန်းငှက်မျက်လုံးတွေနဲ့
မြို့ကြီးထဲထွက်လာ မြို့ကြီးကို မျိုတော့မယ့်အတိုင်း
ကမ္ဘာကြီးကို ရှေ့တည့်တည့်က ဝင်တိုက်တော့မယ့်အတိုင်း
ငါတို့ဟာ ငေးမော ငေါထွက်နေတဲ့ နတ်ဘုံနတ်နန်းတွေ
ဘီကီနီတွေ ဝိုင်အရက်တွေ မိုးခြိမ်းသံတွေ
တရားဝင် လိင်ဆက်ဆံရေးဌာနတွေ

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၂)

ငါ့မျက်ရည်တွေပေါ်မှာ လှေတွေမှောက်နေတယ်
ငါ့ပါးပြင်တောင်ကုန်းတွေပေါ်မှာ သစ်ပင်တွေတဘိုင်းဘိုင်း
လဲကျ
ငါ့ပါးစပ်ထဲက ရေတွေ မီးတောက်တွေတဝေါဝါအန်ထွက်
ငါ့ဆံပင်ထဲမှာ ဒုက္ခတွေသန်းနဲ့ချီ
သန်းတွေလို တရွရွသွားလာလို့
ငါ့ပုခုံးပေါ်မှာ ကမ္ဘာလုံးကြီး နေလုံးကြီးလို လည်ပတ်လို့

ငါလာခဲ့တယ် ငါနဲ့ငါတွေလာခဲ့ကြ အဲဒီနေရာက
ညီလေးရေ ခုတော့
ဒီအခန်းထဲမှာ ငါနဲ့ငါတွေ
စူးတွေ ဆောက်တွေ လွှတွေနဲ့
ထွင်းထုကိုက်ဖြတ်ခံထားရတဲ့ လက်ပြတ်ခြေပြတ်ခေါင်းပြတ်
တွေလို
မပြီးဆုံး/မစရသေးတဲ့ ရုပ်တုတွေလို လဲလျောင်း
ခေါက်ဆွဲခြောက်အစည်းတွေ
စုစည်းသိုလှောင်ထားတဲ့သေတ္တာတစ်လုံးလို
ဒီအခန်းထဲ ငြိမ်ဆိတ်
သက်ပြင်းတစ်ချက်ပြုတ်ကျလာတိုင်း
ပြုတ်ထွက်နေတဲ့ အရိုးအဆစ်တွေ
ပူလိုက်တာကွာ ဟိုလှည့်ဒီစောင်း
ငါ မြောင်းထဲရောက်ပြီလား
ဟိုတွေးဒီတွေး ငါကမ်းနဲ့ဝေးပြီလား
ငါ့အတွေးဟာ ငါ့အသက်ကိုလုပ်ကြံဖို့အထိ ကမ်းလှမ်း
အသက်ရှူသံတွေ
လိုရာစမ်းမတွေ့တဲ့ဒီလိုညမျိုး
ဆေးပေးမီးယူ တယ်လီဖုန်းခေါ်သံတွေနားစွင့်
ငါ့ကို သစ်ပင်ပေးပါ
ငါ့ကို စမ်းချောင်းပေးပါ၊ ငါ့ကို
ပါမစ်ပေးပါ၊ ငါ့ကို ငါးကင်တစ်ကောင်နဲ့
အရက်ပြင်းပြင်းတစ်ခွက် ပေးပါ၊ ငါ့ကို
ငါ့အမေကိုခေါ်ပေးပါ၊ ကယောင်ချောက်ချား
လမ်းဟာ ကျကွဲလေပေါ့၊
ငါတို့
အာရုံကြောတွေ အဆမတန်ပွင့်ကာ
မျက်လုံးတွေ မီးဖွင့်မောင်းလို့
တုန်ယင်စွာ
အလုပ်ကြော်ငြာ သတင်းစာကို ကိုင်လို့
ထိုင်နေသလား ထနေသလား လမ်းထလျှောက်နေသလား
စီးကရက်ပြာကို ခြွေမိသလား၊ မသေချာ
ဆိုဖာခုံတွေနဲ့ စားပွဲခုံစောင်းတွေမှာ ငိုက်မျဉ်း
မသာကောင်တွေလို တို့လို့တွဲလောင်း
ဟိုတစ်စ သည်တစ်စ ထင်ရှူးသားအစတွေ
ပြန့်ကျဲနေ သလို
အခန်းရဲ့ထောင့်မှာ
ဖဲ ၃ ချပ်ဖြတ်လမ်းနဲ့ အခြေအနေကိုဆွဲဆန့်
ဖြစ်သလိုဖြုန်းတီးပစ်နေတဲ့ ပြေရာပြေကြောင်းတွေ
ပြီးရင်ပြီးရော မူးယစ်ခြင်းကို ပြောင်းရွှေ့ပစ်နေတဲ့
ပေါ့ပါးခြင်းတွေ
သေမလို ရှင်မလို သွားနေတဲ့စက္ကန့်လို
ဆားလိုနေတဲ့ ဆာလောင်မှုတွေ
လမ်းမကိုစူးစိုက် စိုက်ထားတဲ့အရင်းအနှီးတွေ သတိရ
သူ မကြောက်ကြောင်း ပြတင်းပေါက်မှာလေချွန်လို့

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၁)

သိပ်သည်းတဲ့ညအမှောင်ရဲ့ ရွှံ့စေးနုန်းနဲ့ နွံထဲက
ကုန်းရုန်းထလာတဲ့ မော်တော်ကားများ အတောင်ပံများနဲ့
ဝဋ်ကြွေးများ
ဝဖိုင့်ဖိုင့်မြက်ခြောက်လို
နာလန်ထခါစ မီးတောက်လို
မြို့တွေ မြစ်တွေ ပင်လယ်နဲ့တောင်တန်းတွေ
နယ်နိမိတ်မျဉ်းကြောင်းတွေ ဖြတ်ကျော်လို့
ဒုက္ခတွေ တာလွှတ်လိုက်သလို
မြင်းတွေမောင်းသွင်းလိုက်သလို
ငါတို့လာခဲ့ကြ။

ဒီလိုတော့မဟုတ်ဘူး။
စပိန်တွေ ပြင်သစ်တွေ အင်္ဂလိပ်တွေ ဂျာမာန်တွေ
စတဲ့ အဖြူကောင်တွေ ရေကြေမြေကြော
ရေနံကြောရှာသလို
ဒီလိုတော့မဟုတ်ဘူး။
သွားဆရာဝန်နဲ့တွေ့ဖို့
အာဟာရချို့တဲ့ မမွေးနိုင်မဖွားနိုင်ဖြစ်သမို့
အင်ဒိုတွေ မလေးတွေ ဘင်္ဂလားတွေ ဖီလစ်ပင်းတွေ
လာသလို
ငါတို့လာခဲ့ကြ
အလေအလွင့်သစ်ရွက်လို
“ငါ့ရှေ့ ထွက်သွားစမ်း”
မင်းဟာသစ်သားထဲမြုပ်ဝင်နေတဲ့ သံပဲ
“ရှေ့တမံသလင်းပေါ် လဲသေနေတဲ့ ဟေ့ … ငရဲသား”
မင်းဟာမီးတောက်ကို လှမ်းလှမ်းဟပ်နေတဲ့ ထင်းရှူးသားပဲ
ငါးပြားစေ့ ငါးမူးစေ့ ငါးကျပ်တန်တစ်ရွက်လို
ငါဟာလိမ့်သွားပေါ့ ငါတို့ဟာ လွင့်သွားပေါ့

ကမ္ဘာကြီးအတွက် လက်ဆောင်

ဟေးခနဲ အော်လိုက်မိရုံနဲ့
တောင်ကမ်းပါးယံတွေ ပြိုဆင်းသွားတော့မယ်၊
အသက်ကလေး ခိုးရှူမိလိုက်ရုံနဲ့
တိမ်တွေ ကွဲအက်ကြေမွသွားတော့မယ်၊

ဒီနေ့အတွက်
ပန်းတွေ အလုအယက် ထပွင့်ကြမှာ
မြင်ယောင်သေး
ဒါကြောင့်ပဲ
လူမှန်ရင် သစ်တစ်ပင် စိုက်ခဲ့ရမယ်
ဆိုတဲ့ အကိုင်းအခက်ပေါ် ငှက်တစ်သောင်း
ပျော်ရွှင်မြူးထူးနေမှာ မြင်ယောင်သေး

ဒါဟာ ဒီကနေ့ ကျောက်ဆောင်နဲ့ ပင်လယ်ရဲ့
ထိမ်းမြားလက်ထပ်ခြင်း အနုပညာပေါ်
ရောင်စုံရွက် သင်္ဘောတွေ ရွက်လွှင့် သွားလာနေတော့မယ့်နေ့
မြုံနေတဲ့ ကန္တာရ တစ်ခုကို သွန်သင်ဖို့
စတင်ပျိုးကြဲလိုက်တဲ့ နေ့တစ်နေ့ပဲပေါ့။

ဒီမှာလေ လာကွယ့်
တောင်ကျရေလိုပဲစီးစီး
စမ်းချောင်းလေးလိုပဲရွေ့ရွေ့
ဆင်တစ်ဖက် မြင်းတစ်ဖက်ဆိုလည်း
ငါတို့ ကမ္ဘာထဲပဲရောက်ရမယ်
ငါတို့ ပင်လယ်အတွက်ပဲဖြစ်ရမယ်။

အဖေကပြောလိမ့်မယ်
အိမ်ထောင်ရေးဆိုတာ
လျှာနဲ့သွား ကြား
ရွှေငါးလေးတွေ ကူးခတ်ပြေးလွှား
ပျော်ပါးနေတဲ့ မြစ်ချောင်းလေးပါတဲ့။

အမေက ပြောလိမ့်မယ်
လျှာနဲ့သွားဆိုတာ
တိမ်ပြာလေးတွေ မျောလွင့်ဆော့ကစားနေတဲ့
အဖြူရောင် ကောင်းကင်အောက်က
ခရမ်းရောင် ချစ်ခြင်းမေတ္တာလေး တစ်ခုပါတဲ့။

ကဗျာဆရာ တစ်ယောက်ကတော့
လျှာဆိုတာ
ဆင်ခြင်တုံ တရားရဲ့ လမ်းမဖြစ်ပြီး
သွားဆိုတာ
လမ်းရဲ့ အချိန်အဆကို ထိန်းညှိပေးနေမယ့်
ပုလဲလုံး ရွဲလုံးလေးတွေ စီရီထားတဲ့
ဂိတ်တံခါးလေး တစ်ခုပါတဲ့။

လောကကြီးကတော့
ချစ်ခြင်းမေတ္တာဆိုတာ
အိပ်ရာနဲ့ ပန်းခြံတွေထက်
ပိုပြီး ပျံဝဲ နိုင်ရမယ်တဲ့လေ၊

အချစ်ရေ ဒါကိုငါတို့ သိရမယ်
တစ်နေကုန် တစ်မိုးသောက် တစ်လမ်း ပွင့်တာနဲ့
မင်းဟာ ငါ့ရဲ့သူငယ်ချင်း
မင်းဟာ ငါ့ရဲ့ရဲဘော်
မင်းဟာ ငါ့ရဲ့ညီမလေး
ဒီလို နားလည်မှုနဲ့
အိမ်ထောင်ရေး ဆိုတာ
မိန်းမ တစ်ယောက်ရဲ့ အကျဉ်းစခန်း မဟုတ်သလို
ယောက်ျား တစ်ယောက်ရဲ့
ကုန်ထုတ်လုပ်ရေး စက်ရုံ
မဟုတ်ဘူးဆိုတာ သိရမယ်

ဒီလိုပဲ အိမ်ထောင်ရေးဆိုတာ
အလင်းတွေ ဆွဲဆွဲ မျိုချနေတဲ့
အာကာသ တွင်းနက်ကြီးတစ်ခု မဟုတ်ဘဲ
အလင်းတွေ မှုတ်မှုတ်ထုတ်နေတဲ့
အရုဏ်ဦးတစ်ခုဖြစ်ရမယ်

ဒီလိုပဲ
အိမ်ထောင်ရေးဆိုတာ
ဘေဘီလုံဥယျာဉ်ပျံကြီးတစ်ခုထဲက
ရတနာသိုက်ရှာဖွေနေတဲ့ မြေပုံစာရွက်ပေါ်
တက်အိပ်မိလျက်သားအဖြစ်နဲ့
ကံကောင်းခြင်းလက်ဖွဲ့တွေရတတ်ကြတဲ့
သိုက်စာအညွှန်းလည်းဖြစ်ရမယ်၊
အဲ့ဒီအထဲက
ထီးနဲ့ ဓားလို
ကမ္ဘာကိုအရိပ်မိုး ပျိုးကြဲသူတွေအဖြစ်
သမီးနဲ့သားတွေကိုလည်း
လက်ဆောင်အဖြစ် ရကြရမယ်လေ၊

မင်္ဂလာပါ
လူကြီးမင်းတို့ခင်ဗျား လူသားနှစ်ယောက်ရဲ့
သမိုင်းစာအုပ် တစ်အုပ်ရဲ့ ပထမဆုံး စာမျက်နှာကို
ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပါပေါ့၊
နေမင်းကြီးက
လနတ်သမီးပေါ် အနမ်းမိုးတွေ ရွာချလိုက်တဲ့အချိန်
အာဖရိက စိန်တွင်းကြီးပွင့်ထွက်လာသလို
ကောင်းကင်မှာ ကြယ်ကလေးတွေ အလုအယက် မွေးဖွားလာကြ
မနာလိုစွာ
မြေကမ္ဘာက ငေးကြည့်နေရတဲ့အဖြစ်နဲ့
အချစ်ဆိုတာ လာခဲ့ပြီ။

ခရမ်းပြာထက်လူ

လန်း၊ လမ်း၊ စမ်း၊ ဆန်း ပန်းနဲ့တူတဲ့ သမီးလေး

ခု ကျွန်မက
စတုတ္ထ ကမ္ဘာကြီးမှာ
စတုတ္ထတန်း ကျောင်းသူ
ပြီးခဲ့တဲ့ ၁၀ နှစ်မှာ ကျွန်မဟာ
ဒေါင်ဒေါင်မြည် မဟုတ်ခဲ့ပေမယ့် ဒီ လာမယ့် ၁၀ နှစ်အတွင်း
ကျွန်မဟာ အောင်အောင်မြင်မြင် ထင်စေရမယ်
ကျွန်မထင်တာ မှားခဲ့ရင်လည်း
အဖေက အဲဒီလိုပဲမြင်လိမ့်မယ်။

ကျွန်မက
နှုတ်ခမ်းနီတွေ မကြိုက်ဘူး
စိန်ပန်းနီနီတွေပဲကြိုက်တယ်
ဒေါက်ဖိနပ်စီးပြီးကြည့်တာထက်
လောကကြီးကို ဥာဏ်ပညာထောက်ပြီး ကြည့်တာ ပိုကြိုက်တယ်
အဖေကပြောတယ်လေ
ရွှေ၊ ငွေ၊ ပတ္တမြားတွေထက်
လည်ပင်းမှာ
အမှန်တရားကို ဆွဲပါတဲ့

အဖေက
အဖေကလေ ကမ္ဘာကို ကဗျာလို့ ထင်တဲ့သူ
“သူ့ရဲ့ စိတ်ကူးယဉ် သမ္မတ နိုင်ငံတော်မှာ
ကဗျာဆရာတွေ ပါခွင့်မရှိ” အဲဒီလို
ပလေတိုပြောခဲ့တာကို သဘောကျတဲ့သူ
ကျွန်မကိုတော့
ကဗျာကို ကမ္ဘာလို့ ထင်စေချင်သလား
ကျွန်မကို
ကဗျာဆရာနဲ့တူတယ်တဲ့
ဘယ့်နှယ် ကျွန်မကို
အင်ဂျလီနာဂျိုလီနဲ့ တူတယ် မပြောဘဲ
ကဗျာဆရာနဲ့ တူစေချင်ရတာလဲ
ခုမှ ကျွန်မက သေးသေးမွှားမွှား
စပါးကျီထဲက ခုန်ဆင်းလာခါစ စပါးစေ့ ကလေး

ကျွန်မ လွယ်အိတ်ထဲမှာ
ခုမှ အနာဂတ်က ကိုယ်ဝန်ဆောင်တုန်း
ခုမှ ကျွန်မလွယ်အိတ်ထဲမှာ
ကျွန်မကိုယ်ရည်ကိုယ်သွေးကို တိုင်းဖို့
သစ်သားပေတံလေးတစ်ချောင်း
ကမ္ဘာကြီးအကြောင်း မှတ်တမ်းတင်ဖို့
ဗလာစာအုပ်နဲ့
ကျွန်မလို ပိန်ပိန်ပါးပါးခဲတံ(သို့) ဘောပင်လေး တစ်ချောင်း
ခဲဖျက်တွေက
ခဏခဏ ကျပျောက်လို့တဲ့
အဖေက ၀ယ်မပေးတော့ဘူး

အဖေက
သမီးကို အနာဂတ်က အလစ်ချောင်းနေတာတဲ့

ကျွန်မ အခု လမ်းတွေကို အလွတ်ကျက်နေတယ်
အဖေပေးခဲ့တဲ့လွယ်အိတ်လေးထဲမှာ ကျွန်မဟာ လုံခြုံလို့
လိုက်ခဲ့တယ်။ အဖေနဲ့ လမ်းရဲ့ခေါ်ရာ
တစ်ချိန်မှာ လမ်းနဲ့အဖေ့ကို ပြန်ခေါ်ဖို့
မနက်မိုးလင်းလို့ ပြတင်းပေါက် လိုက်ကာကို
ဆွဲတင်ရင်း လင်းလာတဲ့ တစ်စ နှစ်စ
မြင်ကွင်းဟာ တစ်စစ ထင်းလာရင်း ကျွန်မဟာ ပျော်လို့
နေရောင်ကြောင့် နှင်းစက်တွေ သစ်ရွက်တွေဆီက ကျဆုံးသွားပုံဟာ အလွန်လှ
ကျွန်မဟာ ပျော်လို့
ကျွန်မဟာ တဖြည်းဖြည်း ပုံပြင်တွေကို ကျော်တက်နိုင်ခဲ့ပြီ
ယုန်တွေကို ထားပစ်ခဲ့လို့
ဘာပြောပြော ယုံနေတဲ့ ယုန်တွေကို ထားပစ်ခဲ့လို့

မသိမသာ
အဖေဟာ ကျွန်မဘေးမှာ အတ္ထုပ္ပတ္တိစာအုပ်တွေ ချထားတာကို
ကျွန်မ သိသိသာသာ ဖတ်နိုင်ခဲ့ပြီ
“ချေ”ကစလို့
နောက်ဆုံးပေါ် “အိုဗားမား”အထိ ကျွန်မ သိခဲ့ပြီ

ခုတော့
လူ့အရင်းအမြစ်တွေ နျူးကလိယားတွေ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ
အစ္စရေးက ဟားမားစ်ကိုတိုက်တာတွေ
ဆိုမာလီပင်လယ်ဓားပြတွေ
ဇင်ဘာဘွေက ဈေးအကြီးဆုံးပေါင်မုန့်တွေ
ဂျာနယ်တွေပေးဖတ်လို့
အဖေက ကျွန်မကို
ကြယ်တွေအကြောင်း စာစီစာကုံး မရေးစေချင်ဘူး
နီးနီးနားနား ခေတ်ကြားက ဗေဒါတွေအကြောင်း ကဗျာရေးခိုင်းတယ်
ရှိပြီးသား စာစီစာကုံးတွေနဲ့ တွေးပြီးသား စကားပြေတွေ အကြောင်း မယုံဖို့
ကျွန်မ လက်ခံထားသလောက်နဲ့
ဆယ်ခန်းစာ ဆောက်ထားတဲ့ အိမ်ကလေးအကြောင်း ရေးစေချင်တယ်
ဘာဖြစ်ဖြစ်ပေါ့၊ ကဗျာ၊ ပန်းချီ၊ စကားပြေနဲ့ ပါဖောင်းမန့်စ်လိုဟာမျိုးပေါ့

အဖေက
ကျွန်မခန္ဓာကိုယ်လေးထဲက
သွေးနဲ့ ဆဲလ်တွေကိုပဲ ယုံပါတဲ့
ကျွန်မဟာ လနဲ့ထိုက်တန်တဲ့ ယုန်ရဲရဲလေးတစ်ကောင်ပါတဲ့
အဖေက ယုန်ကလေးနားက အဘိုးအိုပေါ့

ကျွန်မသိသလောက်တော့
အဖေက ကျွန်မကို
စာသင်ခန်းထဲမှာ တစ်တွေ၊ နှစ်တွေ စိတ်မ၀င်စား
နှစ်များသလောက် စိမ်းလန်းမယ် အစစ်အမှန် တစ်ခုကိုပဲ စိတ်ဝင်စား
လူဆန်ဖို့ လူသန်ဖို့ တစ်လုံးရရ နှစ်လုံးရရ
တကယ်သိ တကယ် တတ်ဖို့ကိုပဲ စိတ်ဝင်စားသတဲ့
ကျွန်မ အဖေက ကဗျာဆရာလေ
သူပြောတဲ့ တစ်လုံးရရ နှစ်လုံးရရ ဆိုတာကို
ကမ္ဘာနဲ့ တခြားဂြိုဟ် တစ်လုံးလုံးမှာ ဖြစ်မှာပေါ့။ ထင်တာပဲ

လာမယ့်လေးငါးနှစ်ဆို ကမ္ဘာကြီးထဲ
သမီးဘာသာသွား သွားတွေကို လွတ်အောင်ရှောင်
အမှောင်မှာ မြို့တွေကိုရှာပါတဲ့
မြို့တွေမှာ မြေတွေရှိမယ် မြေတွေမှာ လူတွေရှိမယ်
လူတွေကိုစိုက်ပျိုး မိုးပေါ်မှာ ကြယ်တွေပွင့်ပါစေတဲ့
အဖေက ကျွန်မကို သစ်ပင် တစ်ပင်နဲ့လည်း တူစေချင်တယ်
သစ်ပင်နဲ့ကစား သစ်ပင်လိုသစ်လွင်မှုနဲ့ နေထိုင်ဖို့
(ဖို့ဒ်ကားတစ်စီး ဒါမှမဟုတ် ခေတ်သစ်ဆော့ဖ်ဝဲတစ်ချပ်လို)
သူတို့ရှူထုတ်လိုက်တဲ့အဆိပ်ကို လက်ခံပြီး
ကျွန်မဆီကအောက်ဆီဂျင်တွေ ပြန်ထုတ်ပေးဖို့
ပြောရင်း အဖေဟာ ကျွန်မကို
စတုတ္ထကမ္ဘာကြီးထဲမှာ
စတုတ္ထတန်းကျောင်းသူ အဖြစ်ပေးလို့
နောက်နှစ်မှာ
ကျွန်မဟာ အဖေ့ကို
ပဉ္စမတန်းတစ်တန်းကိုပေးဖို့ သဘောတူခဲ့တယ်။ ။

ခရမ်းပြာထက်လူ
(သမီးလေး စုသီရိခေတ်သို့ အမှတ်တရ)

ကျွန်တော့်ကို ထားပါတော့ ထားခဲ့ပါပြီ

ကျွန်တော့်ဆီပြန်လာဖို့

တစ်စုံတစ်ရာလမ်းကိုသူတို့မျှော်နေသလား။

နေ့ရောညပါ ညီနေတဲ့ညှီနဲ့

ရေအောက်မှာ အောက်ထပ်ကမ္ဘာတစ်ခု

အဲဒီမှာသူတို့စုနေကြမယ်

အရိုးစုတွေ

အရိုးဆုံးအရှင်းဆုံးရောက်ရှိခဲ့တဲ့ အရိုးစုတွေ

အပေါ်မှာ

ကိုယ့်အလောင်းကိုယ်ထမ်းပြီး ကျွန်တော်လျှောက်နေ

အသားနည်းနည်း ကျန်တဲ့အရေပြားရွှဲရွဲပေါ်ရှော်စရာမရှိ

ကျွန်တော်လျှောက်နေပေါ့။

ကျွန်တော့်မျက်လုံးအိမ်ထဲမှာ ကျွန်တော့်အိမ်မရှိ

လဲလျောင်းပြိုကျနေတဲ့ မှန်ဘီဒိုလေးထဲမှာလည်း ကျွန်တော့်မိသားစုမရှိ

ဟိုထောင့်က စပါးကျည်လေးထဲမှာရော ကျွန်တော့်လက်ကျန်

မနက်ဖြန်ရှိပါဦးမလား။

ပြောလေ

ဒါ ၂၀၀၈ စွယ်စုံကျမ်းထဲ

အတင်းချိုးဖျက်ဝင်လာတဲ့ မသမာမှုလား

လေထဲက အလစ်လုပ်ကြံတိုက်ခတ်မှု

ပြင်ဆင်ဖို့စဉ်းစားဖို့ ချင့်ချိန်ဖို့ အချိုသပ်ဖို့အချိန်မရှိ

ဘာမှမရှိတဲ့ မရှိခြင်းတွေအပေါ်အရေးပေါ်ထွက်ပေါက်

မြက်တစ်ပင်ကြူတစ်ရိုးမရှိ

ကျွန်တော့ကိုထားခဲ့ပါတော့

ကလေးတွေ ကကြီးခခွေးလေးတွေကိုင်ပြီး ဆော့ကစားနေတဲ့ကလေးတွေ

ကျွန်တော့်ကိုထားခဲ့ပါတော့

သွေးကြောထဲ

မျိုးစပါးတွေမြိုချထားတဲ့ အပျိုလူပျိုတွေ

ကျွန်တော့်ကိုထားခဲ့ပါတော့

ရှေးဟောင်းကျမ်းစာတစ်အုပ်ရဲ့မျက်နှာဖုံးတွေ

အတွင်းမှာ သတ္တိနဲ့သမိုင်းကိုသိမ်းထားတဲ့ အဖိုးတွေ အဖွားတွေ သယ်သွားခဲ့

ကျွန်တော့်ကိုထားခဲ့ပါတော့

ထားခဲ့ပါပြီ

အတိုးအရင်းများများနဲ့ ရိုးတွင်းချဉ်ဆီခန်းခြောက်သွားတဲ့

ဒီငရဲပက်လက်ဒယ်အိုးကြီးထဲ

ကမ္ဘာကြီးပူနွေးလာပါပြီဆိုတဲ့ ဒီကနေ့ခေတ်ကြီးထဲ။ ။

ခရမ်းပြာထက်လူ

သိပ္ပံနဲ့နည်းပညာခေတ်ထဲက သမီးလေး

ဖေဖေ
အိမ်တွေ လမ်းတွေ စာသင်ခန်းတွေက ပူလို့
ကားတွေ ကွန်ပျူတာတွေ သူငယ်ချင်းတွေက ပူလို့

သမီးကို
ရေနည်းနည်းပေးဆော့ပါ။

ဖေဖေ
အရွယ်ရောက်ပြီဆိုတာနဲ့အမျှ
အရွယ်မတင်တော့ဘူး ဇာတ်က စပြီ၊

သမီးကို
သိပ္ပံပညာက
အကိုင်းအခက်တစ်ခုဆီက လှီးထုတ်နေတယ်

အဖေနဲ့ကျွန်မ
သမီးနဲ့အမေ တစ်မြို့စီ တစ်မြေစီ

အဖေ
မထိတ်လန့်ဘဲ
သမီး စကြာဝဠာကြီးထဲအိပ်မိ

အမေ
အမေ့ရင်ခွင်လောက်နွေးသော အိပ်ရာ ဒီမှာမရှိ။ ။

ခရမ်းပြာထက်လူ
(ရတီမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၂၀၀၇)

နောက်တစ်ခု

ကျိုင်းကောင်အုပ်ကြီးကျနေသလို
စာမပြန်နိုင် လက်မဆေးနိုင် လိုင်းမပြောင်းနိုင်
နေပူထဲလဲကျနေတဲ့
သူ့အရိပ်ကလေးလည်း ခေါက်သိမ်းမပေးနိုင်
မနိုင်တာတွေဟာ မနှစ်ကအတိုင်း
ခိုင်လိုက်တဲ့ အတိဒုက္ခတွေ
ဟေ့ ခု ဘယ်နှကမ္ဘာ/နာရီ ရှိမလဲ
ဟော့  လာပြန်ပလား
ဆေးရုံသယ်သွားရပြန်တဲ့
ကိုယ်နဲ့ ကိုယ့်အရိပ်သတ်ဖြတ်မှု နောက်တစ်ခု

ခရမ်းပြာထက်လူ

မိသားစု

မြင်ရတဲ့မီးက မပူပဲ
မမြင်ရတဲ့မီးက ပြာအတိကျနေတယ်
ဝတ္ထုနာမည်က City of Joy
အင်္ကျီထဲကနံရိုးတွေ ရုန်းကန်ထွက်နေကြ
ငါတို့နဲ့သွားကြ ငါတို့နဲ့လာကြ
မြို့တွေဟာ ငါတို့နဲ့ အစာချက်ကြတယ်
ငါတို့လှမ်းမမြင်ရတဲ့ စစ်ပွဲတွေဆီက
နေရောင်ထဲ ကူးခတ်နေတဲ့ငါးတွေ
တစ်ခုပဲ ငါတို့မှာ
အပျော်တမ်းတိုက်ခတ်နေတဲ့လေများ ရှိနေသေး
တစ်ခုပဲ ငါတို့မှာ
အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လမ်းကလေးများ ရှိနေသေး
တစ်ခုပဲ ငါတို့မှာ
ဘိုးစဉ်ဘောင်ဆက် စွဲလန်းခဲ့တဲ့ အိမ်အိုကလေး ရှိနေသေး
ကျေးဇူးတင်ပါရဲ့
ဖယောင်းတိုင် မီးအလင်းအောက်
ငါ့ထမင်းလုပ် လုစားပျော်ပါးနေတဲ့သမီး
ငါ့ပုခုံးပေါ်ခွစီး
ငါ့ကို မြင်းလုပ်ပျော်ပါးနေတဲ့သား ရှိနေသေး
ကျေးဇူးတင်ပါရဲ့
မိန်းမရဲ့
ညမှာ မင်းကပုံပြင်တွေလှန်းလို့
ဘုရားမှာ ဆီမီးတွေဆမ်းလို့
ငါ့အိမ်အပြန်လမ်းကို မင်းမျက်လုံးများနဲ့ ထွန်းညှိလို့
ငါက
ကျိုးပဲ့သွားတဲ့အတောင်ပံတစ်စုံကို
ကျောက်ဆောင်အောက်ဝှက်လို့
မသေမရှင်ဖြစ်နေတဲ့ နေ့တစ်နေ့ကို ထမ်းလို့
ညစဉ်ညတိုင်း
ချည်တိုင်ဆီအမိအရပြန်လို့၊လျှို့ဝှက်စွာ
ကိုယ့်အသက်ကိုယ်မွေး၊လျှို့ဝှက်စွာ
ကမ္ဘာကြီးရဲ့သွားကြိုသွားကြားမှာ ငါတို့ရအောင်ပျော်ခဲ့ကြ။

ခရမ်းပြာထက်လူ