ပန်းပွင့်ရှိမှ ရနံ့ရတာ
မဟုတ်ပါဘူး ဖူးသည့်တငုံ
ထုံသည့်တပွင့် နမ်းခွင့်တရှိုက်
ရရှိခိုက်မှထာဝရတည်
ကာလရှည်လျား နှလုံးသားမှာ
စွဲမြဲစွာဖြစ် ထုံနံ့ယစ်ဝေ
ပံျ့ဆွတ်စေ ချစ်သူသိလေ။ ။
မျက်နှာတွေ့မှ မြင်ခွင့်ရတာ
မဟုတ်ပါကွယ် ဘယ်ကိုရောက်ရောက်
ဘယ်လောက်ဝေးဝေး အတွေးမှာရှိ
အကြည့်မှာမြင် သူဘဲထင်တယ်
ကောင်းကင်လိုဘဲ မော့ကြည့်ဆဲမှာ
တွေ့နိုင်ပါ ချစ်သူသိလေ။ ။
အသံကြားမှ နားမှာဆတ်ဆတ်
ကြားလာတတ်တာ မဟုတ်ပါလေ
စမ်းရေသံကြား သူ့စကားရှိ
ငှက်တေးမှာ သူ့သံသာတွေ
နှုတ်ချွေစကား နားမှာတီးတိုး
ဟိုးအရင်လို ရွှင်ချိုကြည်မြ
ကြားနေရ ချစ်သူသိလေ။ ။
ချစ်သူသိလေ
သတိရလျှင် ဒေသအကွာ
နေရတာကွဲ ဘယ်လိုကွဲကွာ
ဘယ်လောက်ကွာမလဲ ဘယ်မှာဖြစ်ဖြစ်
တွယ်တာရစ်ငင် ထာဝရထင်သော
ရင်ထဲအရိပ် စွဲလန်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာရှိနေသူ။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
No comments:
Post a Comment