လင်းလွန်းသည်မှာ၊မျက်ပြာကျိန်းစပ်
ရောင်ဟပ်ထိတ်လန့်၊မျက်စုံပိတ်မိ
ပတ်ဝင်းကျင်ကိုမမြင်ရလဲ၊ကိုယ့်နားထဲမှာ
သဲသဲရုတ်ရုတ်၊အုတ်အုတ်အော်အော်
သို့သော်မပီ၊စီစီတီးတိုးစကားမျိုးသာ........
မီးတာက်မီးလျှံ၊ဝါးမျိုဟန်နှင့်
အန်၍ကျလာ၊ငယ်သံပါအောင်
လန့်ကာအော်မိ၊ပဲ့တင်ငြိမျှ
အသိစုစည်း၊အာရုံမီးလည်း
မငြီးမထိန်၊မှေးမှိန်ပျပျအားနည်းလှ၏
ဆန်းကျယ်ထွေပြား၊မျက်နှာများနှင့်
အကြားအာရုံ၊ပြေးခုန်လွင့်ဟန်
ပေါက်ကွဲသံများ၊စုံဆန်လူးလာဖြစ်နေဆဲ
ချော်ရည်မြစ်မှ၊စိမ့်ယိုကျ၍
တစ်ကိုယ်လုံးတွင်၊မီးကျီးကင်ကာ
ဘဝင်ဆူပေ၊သံပူရည်များ
ပျော်ဝင်သွားလျှက်၊အားနဲ့စီးဆင်းသွေးကြောတွင်းသို့
ရေသည်အဟာရ၊ကိုယ့်ဆန္ဒသည်
ပြင်းပြတောင်းဆို၊ရင်ခုန်မောလိုက်
သောက်လိုက်သည့်ရေ၊တံလျှပ်ဝေ၍
လွင့်စဉ်ပျောက်ပျက်၊တပွက်ပွက်ဆူ
ခိုးငွေ့ပူကာ၊ပျောက်သွားပါ၏
ကိုယ်ခန္တာ၏ ၊အစိတ်အပိုင်း
နက်ရှိုင်းတစ်ပြိုင်နက်၊နာကျင်ချက်ကား
သဲအက်ခမန်း၊ခန့်မှန်းတိုင်းတာမရချေ
အားနှင့်မာန်နှင့်၊မျက်ခွံပင့်မိ
ကျင့်သားမရ၊ကျိန်းစပ်လှ၏
ဘာမှမပီပြင်တော့ပေ
ကျနော့်ဝန်းကျင်၊မြင်သည့်ကိုယ်များ
ဝိုးတဝါးနှင့်၊လှုပ်ရှားနေကြ
စိုးရိမ်လှစွာ၊ဟသောပါးစပ်
ခတ်သောမျက်ဝန်း၊ဒေါင့်တစ်စွန်းတွင်
ရည်ညွှန်းကြင်နာလွှမ်းနေဟန်
သိစိတ်ကိုဖမ်း၊အာရုံလမ်းတွင်
နှင်းလွှမ်းနံနက်၊မြူကစွက်မို့
ဝေလျှက်အုံ့မှိုင်းနေလေ၏
နှလုံးသားကား၊ဆုတ်နယ်ထားသို့
နွမ်းပါးနွမ်းတိ၊နေမချိတော့
ဖိညှစ်သည့်အား၊လွန်စွာများမို့
လှုပ်ရှား၍္ပပင်မရချေ
ဦးဏှောက်ကိုရစ်၊တစစ်စစ်နာ
ကိုက်ခဲရာမှ၊ကြာလေပြင်းထန်
မိုးချုန်းသံများ၊ဆူညံသွား၏
ရန်းရင်းကန်ရင်း၊အော်ဟစ်ရင်းမှ
ပြင်းသောဝေဒနာ၊သည်းထန်လာ၍
ခန္တာဖောက်လွဲအကြောဆွဲပြီ
နေ့နှင့်ညအား၊ခွဲခြားနိုင်စွမ်း
စိတ်အားခမ်း၍၊မျက်ဖြူမျက်ဆန်လန်နေပြီ
စိတ်ကမ္ဘာ္တတွင်၊လေအလျှင်နှင့်
တောင်စွယ်တောင်တန်း၊ကျောက်စက်စမ်းမှ
ချမ်းမြရေကြည်၊သောက်ဦးမည်ဟု
မြက်ခင်းထဲမှ၊ကျောက်ခဲတစ်လုံး
ရေညှိဖုံးသလို၊တိတ်ဆိတ်ငြိမ်သက်နေဦးမည်ဟု
အမှောင်ထုတွင်း၊နက်ရှိုင်းခြင်းသည်
မြင်ကွင်းပိန်းပိန်း၊တယိမ်းယိမ်းနှင့်
ရေထဲကျဆုံး၊ခဲတစ်လုံးကား
ဂယက်ကြားမှ၊ဝေဝါးနစ်မြုပ်
ဝိဥာည်ချုပ်၍၊ရုပ်လည်းကွယ်ပျောက်ပေတော့မည် (မရှောင်သာတဲ့လမ်းကိုအတွေးနဲ့သွားကြည့်မိတာပါ)
No comments:
Post a Comment