Saturday, 29 October 2011

တစ်ခုလပ်

အနံအလျှား၊မျဉ်းဖြောင့်များကို
သေချာချုပ်ကိုင်၊ရင်ချင်းဆိုင်၍
ယှဉ်ပြိုင်ပိုင်းခြား၊ထောင်၍ထားသော
လှေခါးတစ်ခု၊စီစဉ်ပြု၏ ။။။။။။။။။။။။

တစ်ဆင့်-တစ်ဆင့်၊အဆင်သင့်အောင်
နိမ့်မြင့်စီစဉ်၊ခြေလှမ်းပြင်သော်
ဟန်မူမယွင်း၊လှုပ်ရှားခြင်းက
ချိုးစားညီမျှ၊အမြင်လှ၏ ။။။။။။။။။။။။။

အနေမမှန်၊လှေခါးဆံလည်း
မူမှန်ယွင်းပျက်၊ချောင်၍ထွက်သော်
စဉ်ဆက်ကွာဟ၊ပုံမကျတော့
အလှယွင်းပျက်၊လှုပ်ရှားချက်လည်း
ချိုးဆက်မညီ၊ပုံမပီတော့
ကသီလင်တ၊ခက်ခဲလှ၏ ။။။။။။။။။။။။။။

ပုံစံတစ်ခု၊စီစဉ်ပြုသော်
တစ်ခုနေရာ၊လစ်လပ်ပါက
သေချာစီစဉ်၊ချက်ချင်းပြင်မှ
အလျှင်မပြတ်ရှိလိမ့်မည် ။။။။။။။။။။။။။။။။

Tuesday, 25 October 2011

အိပ်ပျော်နေသော=ညီမျှခြင်း

တိုင်းတစ်ပါးပြည်၊စက်ရုံတည်၍
ပင့်ချီမြှောက်ဝိုင်း၊လူ့သမိုင်းကို
လှိုင်းတံပိုးတွေ၊ထကြွစေ၏ ။။။။။။

ငါတို့တိုင်းပြည်၊ဖားဖိုတည်၍
ဝေသီမြင့်ခေါင်၊ပုပ္ပါးတောင်တွင်
ဂူချောင်တွင်ပုန်း၊ဂမုန်းဆေးကြိတ်
ပုတီးစိတ်၍၊ဧရိပ်ဆာယာ
လူ့အလွှာကို၊သက်ရာရှည်အောင်
ကြံစည်ကြိုးစားနေပါ၏ ။။။။။။။။။။။။။

တိုင်းတစ်ပါးပြည်မှ၊ကြံတွေးဆ၍
လပေါ်ကိုတက်၊ရှေ့ဆက်ဂြိုဟ်များ
သွားရန်ဟန်ပြင်နေဆဲတွင် ။။။။။။။။။။။

ငါတို့တိုင်းခွင်၊တလင်းပြင်ဝယ်
ကျောလျှင်ပြောင်ပြောင်၊ခါးတောင်းမြှောင်၍
ဖင်ထောင်မိုးထိုး၊ငုံ့လက်လျှိုးကာ
တွင်းတိုးမြေတွင်၊ရေဝင်ပုဇွန်လုံး
ကုန်း၍နိုက်နေဆဲပါတည်း ။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Saturday, 22 October 2011

လက်ဖွဲ့ခြင်းသီးခံပါ

ကိုယ့်ဇနီးထက်၊ပိုစုံမက်၍
ကိုယ့်လင်သားထက်၊ပိုစုံမက်၍
သောက်လျှက်မပြေ၊ဆားငံရေနှယ်
လေဒန်းဖမ်းဆင်၊ဆားနှင့်ချဉ်သို့
ပုတ်သင်ခေါင်းငြိမ့်၊တစ်မှိတ်အရသာ ။။။။။။။။။။။။။။။

တစ်ပင်မနား၊တစ်ပင်လွှား၍
လှူပ်ရှားယှက်လိမ်၊ခရုအိမ်တွင်
ကျားပိန်တွယ်တွယ်၊ရမက်တွယ်ငြိ
မြှူဆွယ်ညွှံအိုင်၊ဒုက္ခလိုင်သော
H.I.V ပိုး၊ရောဂါဆိုးသည်
ဂြိုဟ်ဆိုးပမာ၊ကပ်၍ပါသည်
လျှပ်ဝါပြိုးပျက်၊မျက်တစ်ခတ်ရသာ
မင်္ဂလာလက်ဖွဲ့ ။။။။။။။။။။။။။။။။။။။။။။။။။။။။

Wednesday, 19 October 2011

ပြက္ခလိမ်နဲ့ဒိုင်ညာရီ

ကြိုတင်ခရီး၊ရေးပြီးမှတ်ရန်
ဖွင့်လှန်တွက်ချက်၊ပြက္ခဒိန်ရက်။

ရေလမ်း-ကုန်းလမ်း၊မနားတမ်းသွား
ရက်မအားခဲ့၊ရွာများသို့ရောက်
တစ်ထောက်မရပ်၊ရေးမှတ်ဟောပြော
နှီးနှောဖလှယ်၊ပြုဖွယ်ရာများ
ထည့်သွင်းထားလည်း၊သူကားနေဆဲ
သူ့-အိမ်ထဲတွင်၊ကြောဆွဲ-ပျင်းထူနေလေ၏ ။

နေ့စဉ်ခရီး၊ရေးပြီးမှတ်ရန်
ဖွင့်လှန်ဒိုင်ယာရီ၊တစ်ရွက်စီ။

သူသွားသည့်ရွာ၊များလှပါသည်
ဝေးကွာခရီး၊မနီး-၅ မိုင်ပြနိုင်ပါ၏ ။

ခရီးစရိတ်၊ယာဉ်စရိတ်ကို
ထိုင်ရာမထ၊သူမှန်းဆ၍
နေ့စားခတွက်၊ရသောအချိန်
အကြိမ်များစွာ၊ထည့်သွင်းပါလည်း
သူကမသွား၊နေငြားသူ့အိမ်
ခြေလိမ်ချိတ်လျှက်၊အရက်ခွက်နှင့်
တစ်ချပ်မှောက်ကစားနေလေ၏ ။။။။။။။။။။။။။။။။

Friday, 7 October 2011

အဘိဓမ္မာအခါတော်နေ့

ဘုရားမြတ်စွာ၊ဝတိံသာသို့
ကြွလှာသုံးဘဝါး၊မိနတ်သားကို
ရည်ထားပေါင်းစု၊အကြောင်းပြု၍
မြုတေရတနာ၊ဘိဓမ္မာကို
ဝါတွင်းသုံးလ၊ဟောဖော်ပြသည်
ပန်းလှကြာနှယ်၊မွှေးတော့သည် ။။။။။။။။။။

သီတင်းကျွတ်လပြည့်၊ခါတော်နေ့တွင်
သုံးလူ့ထွဋ်ပန်၊ဝတိံယံမှ
ဗြဟ္မာ-သိကြား၊ဝန်းခစား၍
ခန့်ငြားဝင့်တယ်၊ရံစီခြယ်သော
သုံးသွယ်စောင်းတန်း၊အသွင်ဆန်းနှင့်
ကြွလှမ်းခြေချ၊သင်္ကဿနဂိုရ်
မြညိုလင်္ကျာ၊လူ့ရပ်ရွာသို့ ။။။။။။။။။။။။

ရည်စူးသတ်မှတ်၊ထိုနေ့မြတ်တွင်
ထက်ရပ်မီးပုံး၊မျှော်မဆုံးနှင့်
ဆီမီးရောင်ဝါ၊ထိန်ဝေဖြာ၍
သက်ဝါကြီးသူ၊ဂုဏ်ကြီးသူအား
ငယ်သူများက၊ဦးနှိမ်ဝန်ချ
ကန်တော့ကြ၏ ။။။။။။။။။။။။။

ဖြူ-နီ-ပြာ-ဝါ ၊ကြာများစွာတို့
ရာသီနှင့်ပန်း၊အမြင်လန်းအောင်
ကန်လုံးညွှတ်မျှ၊ပွင့်ချေပြီ
အဘိဓမ္မာအခါတော်နေ့၊စိတ်ကြည်မွေ့သည်
ပိတ်သောတံခါးပွင့်သည်သို့ ။။။။။။။။။။။။။။။။။။။။။။

Monday, 3 October 2011

အံ့သြမိခြင်း

နက်မှောင်ပြောင်မဲ သားလှထဲမှ
ထူးကဲပုံနှယ်၊ဥသြငယ်ကို
ပြူးကျယ်မျက်စိ တွေးသတိနှင့်
ငေးကြည့်ကျီးမ အံ့သြချ၏ ။။။။။။

ကြက်အုပ်သားမ
အိုင်ဝကိုပတ် ချားရဟတ်နှယ်
ပါးစပ်ပြားပြား ခြေသားတွဲတွဲ
ရေထဲမှာပျော် သားလှမော်တို့
ကြွေးကြော်သံဆန်း ပြုပုံဆန်းကို
စူးစမ်းအံ့သြနေလေ၏ ။။။။။။။။

သစ်ငုတ်အိုမှ
မိုးကျရေထိ ရှင်သန်ဘိသို့
ပျော့အိဆန်းပြား ပွင့်ကားစွင့်စွင့်
ပန်းမိုပွင့်ကို တွေးချင့်သောခါ
အံ့သြပါ၏ ။။။။။။။။။။။။

မိမိရုပ်ပုံ
ကြေးမုံရိပ်တွင် ကြည့်၍မြင်သော်
ကိုယ်ပင်အံ့သြ သဘောပြောင်းလွဲ
လက်ဝဲလက်သည် ပြက်ပြက်ထင်ထင်
ခုပင်ခုခါ ပြောင်းလွဲကာလျှင်
လင်္ကျာလက်ကြီးဖြစ်နေသည်။

Saturday, 1 October 2011

ဒွေးတော်လွမ်းသူများ

မြန်မာ့သနပ်ခါး၊စွန့်ပစ်ထား၍
ထိုင်းမှအလှကုန်၊မျိုးစုံစုံကို
မွှေးထုံချယ်သ၊စိတ်ကြည်မြ၍
တွေးတောစိတ်မှာ၊ထင်မိပါသည်
နေ့စဉ်လိမ်းသော်၊အလှပေါ်၍
ညိုညက်အသား၊ဖြူလာငြားအံ့ ။။။။။။။။။။။။။။။

နေ့စဉ်သင်းကြူ၊ပါးမှာကူသော်
ထူထဲဝက်ခြံ၊ပေါ်လာပြန်လဲ
စိတ်ကမရွှံ့၊လက်မတွန့်ပါ
နေ့စဉ်ရက်ဆက်၊လိမ်းမပျက် ။။။။။။။။။။။။

ဖုထစ်မာလှ၊မီးတောင်ဝသို့
ပါးလှပြင်ထက်၊စူ၍ထွက်ငြား
ယိုးဒယားဝက်ခြံ၊သနီလန်ကို
မှန်တွင်ကြည့်ခါ၊နှမြောပါ၍
ညှစ်ခါထုတ်လျှက်၊မပစ်ရက် ။။။။။။။။။။။။။။။။။။။။။။

မေတ္တာအမှတ်-၅၂၈

သမီးမိုက်က၊ချစ်နေမှတော့
မိဘစိတ်မှာ၊မကြည်သာလည်း
မပြစ်ခွာရက်၊ရှိုက်ပင့်သက်ဖြင့်
သားမက်သူ့ကိုတော်လိုက်၏ ။

ကိုယ့်သမီးကို၊ရန်ငြိုးသို၍
မလိုတမာ၊ကိုယ့်ရှေ့မှာပင်
ရိုက်ကာငြိုငြင်၊မကြည့်ချင်မို့
ခင်မင်ဟန်ပြ၊ဆက်ဆံရ၏ ။

ကိုယ့်မြေးကလေး၊အနှစ်ထွေးကို
ဆဲရေးနင်းချေ၊မလုပ်စေဖို့
ကြေနပ်ဟန်ပြ၊ဆက်ဆံရ၏ ။

ကိုယ့်အိမ်ပေါ်တွင်၊
သူစိတ်ထင်တိုင်း၊တဒိုင်းဒိုင်းနှင့်
အရိုင်းသံဝေ၊မလုပ်စေအောင်
ရွှေငွေကစ၊ထောက်ပံ့ရ၏ ။

သမီးချစ်မို့
မပစ်ရက်နိုင်၊တမှိုင်မှိုင်ဖြင့်
ငေးငိုင်နေသော၊မိဘနှစ်ပါး။။။။။။။။။။။။။။။။။။။။။။။။။။။။။

လူ-၃

ရှေ့မျက်နှာပြင်၊ရောင်စဉ်တောက်ကြွား
ဆေးသားပန်းချီ၊စာလုံးညီနှင့်
ပီပီပြင်ပြင်၊အလှဆင်၏ ။။။။။။။

သူ့နောက်တွင်ကား၊ဆေးသားကင်းလျှက်
သံချေးတက်၍​၊ကျိုးပဲ့ဘောင်ပြုတ်
ခပ်နုပ်နုပ်ပင်၊အစုတ်ဆင်၏ ။။။။။။။။။။။

ထိုလူသည်ကား၊မျက်နှာပျားချို
စိတ်ညိုညစ်ပုတ်၊လူ့ဆိုင်းဘုတ် ။။။။။။။။။။။။။။။။။။။။

မြင်ချင်စမ်းမိတယ်

                                               ညှောင်ညိုပင်အောက်၊ကွန်းထောက်ခိုနား
                                               လူများသုံးရန်၊စိတ်ရည်သန်၍
                                               ဟိတ်ဟန်ကင်းစင်၊ရေချမ်းစင်။။။။။။။။

                                               အေးမြကြည်လျှက်၊သန့်ရှင်းရေခွက်
                                               ရှိပါလျှက်လည်း၊ဆက်ကာသွယ်ထား
                                               သံကြိုးများက၊ကြည့်ရဆိုးလျှက်
                                                ရေခွက်ချုပ်သား၊ပုဒ်မ(၅)နှယ်
                                                လွတ်မယ့်နေ့ရက်၊မျှော်မှန်းခက်၏ ။။။။။။။။။။။။။။။။။။။

                                                သြော်။။။။။ကြည်လင်အေးမြ
                                                သာစွမေတ္တာ၊ရှေ့ထားပါ၍
                                                သွားလာခရီး၊ဝေးနီးလူများ
                                                အားထားပျော်ရွှင်၊ရေချမ်းစင်ကို
                                                ခွက်တွင်ကြိုးတည်း၊မရှိပဲနှင့်
                                                အမြဲမြင်ချင်စမ်းပါဘိ ။။။။။။။။။။။။။။။။။။။။။

အလှပျက်ချိန်

အကြည်ဓာတ်တို့၊
ပွတ်သတ်ခွေ့မြူး၊အတွေ့ထူးစဉ်။။။။။

ပုလဲရည်နှစ်၊တွဲသီရစ်၍
ဖွင့်လှစ်ရောင်ပြေး၊ပုလဲသွေးနှယ်။။။။။။။

နိမ့်မြင့်စီရီ၊သင့်ရုံညီ၍
ပြုံးကြည်တိုင်းမှာ၊အလှဖြာ၏။။။။။

စွန်းထင်းကင်းပ၊ပြည့်လဝန်းနှယ်
တိကျခံတွင်း၊ပုံစံသွင်း၏ ။။။။။။။။။

သန္တာနုတ်ခမ်း၊ပြုံးတုန့်နမ်း၍
နန်းထိုက်ပတ္တမြား၊ခံတွင်းသားနှင့်
ဖြူသွားမြမြ၊စိုးစံခ၏ ။။။။။။။။


မုန်းမာန်ခက်တို့
ပွင့်ထွက်ရိုက်ခတ်၊ပူးကာသတ်စဉ်
နီရင့်နုတ်ခမ်း၊ခက်ထော်ကြမ်း၍
သွေးလွှမ်းပူပူ၊အာဘောင်ဆူလျှက်
ဖြူပုလဲသွား၊ဆူဆဲပွားသည်
ခုများအလှပျက်ချေပြီ။။။။။။။။။။။။။။။။။။။။။။။။

ခေါင်းစဉ်တပ်ပေးပါ

အလှတရစ်၊မြတဆစ်နှင့်
ကညစ်ပန်းရုပ်၊ထုကာလုပ်သည်
ရွှေကြုပ်ဝါဝါ၊ရတနာ။။။။။

လည်မှာဆွဲတင့်၊စိန်မျက်ပွင့်က
ရောင်ဖွင့်လက်လက်၊တန်ဖိုးထွက်၏ ။။။။။။။။

နီလာပုလဲ၊ဆင့်ဆင့်တွဲ၍
လည်တွင်ဆွဲဆင့်၊ပဏာတင့်သည်
ရောင်စဉ်ဖြာနေ၊အလှဝေ၏ ။။။။။။။။။။။။။။။။

အကြင်နာတရစ်၊မေတ္တာစစ်ဖြင့်
သစ္စာရင်မှ၊မြတ်နိုးစွသော
သမီးလှပုံလွှာ၊ရတနာ။။။။။။။။

ရင်ဝယ်နွေးနွေး၊ယုယထွေး၍
ကလူကျီစယ်၊ချစ်ပြုံးလှယ်သည်
ရစ်တွယ်မျက်ဝန်း၊သဒ္ဒါမွှမ်း၏ ။။။။။။။။

သမီးလှကဗျာ၊ဖေ့သည်းညှာသည်
နီလာပုလဲ၊ရောင်ထက်ကဲ၍
ရွှေခဲဝါဝါ၊စိန်ထက်သာ၏
သဒ္ဒါမြတ်နိုး၊ရင်မှာပျိုးသည်
တန်ဖိုးနဂ္ဃ္ထထိုက်ပြီတည်း။။။။။။။။။။။။။။။။။။။။။။။။။။

လူ-၂ (သို့ )အတ္တ၏ကျေးကျွန်

ငယ်ငယ်တုန်းက၊ကြားသိရသော
ဘဝပုံပြင်၊စိတ်ကူးယဉ်လျှက်
ကြီးလျှင်ငါလဲ၊ဖြစ်မှာပဲဟု
စိတ်ထဲတွေးရင်း၊တအင်းအင်း။။။။။။။။။။။။။

လူလတ်ပိုင်းတွင်၊စူးစမ်းချင်မို့
ပုံပြင်အတွေး၊သုံးကြည့်သေး၏
မှေးမှေးမှိန်မှိန်၊အတွေးကတီမ်မို့
အချိန်မကိုက်၊စရိုက်မတူ
မူကကွဲလွဲ၊ကျဆုံးဆဲမို့
ဆုတ်ဖြဲပစ်လိုက်ရပြန်ပြီ။။။။။။။။။။။။။။။။။

ငါကလုပ်မှ၊ငါ့ဘဝကို
ထွန်းပကြည်လင်၊ငါ့အားအင်ဖြင့်
အောင်မြင်ဧကန်၊အမှန်ပဲဟု
မွေးဖွားစိတ်တွင်း၊တအင်းအင်း။။။။။။။။။။။။။။။။။။။။။

လုံးလကိုတည်၊စိတ်မာန်ချီလည်း
သူကကြီုးပန်း၊လူ့ဘုံခန်းကား
ကြမ်းတမ်းရှုပ်ထွေး၊မမှီသေးမို့
အဝေးကြီးဝေးရပြန်ချေပြီ။။။။။။။။။။။။။။။။။

ဇရာကအို၊ဇာတာညိုစဉ်
သက်ဝင်ယုံကြည်၊ဆုံးဖြတ်သည်ကား
ပွားစည်ဓမ္မ၊မြတ်ဗုဒ္ဓ၏
ညွှန်ပြလေရာ၊ငါလိုက်နာမည်
သေချာမှတ်သွင်း၊တအင်းအင်း ။။။။။။။။။။။။။။။

သမထကျင့်၊ငါမာန်ဝင့်ကြောင့်
မရင့်ဥာဏ်စဉ်၊ဘဝင်မထိ
ဝိပဿနာ၊ကူးပြေင်းပါလည်း
ဥပါဒါန်သင့်၊မှားခြင်းဖြင့်သာဆုံးသတ်ပါ၏ ။။။။။။။။။။။။။။။။။

ငယ်စဉ်ကစ၊ဘဝလူလတ်
ဆုံးသတ်အိုအို၊နေညိုညိုထိ
ငါဆိုငါမှ၊ဘယ်သူမပါဘူး
ငါရူးရူးရင်း၊တအင်းအင်းနှင့်
သေတွင်းခုန်ဆင်းနေသော (လူ) ။။။။။။။။။။။။။။။။။။။။။။။။။။။။