Saturday, 31 December 2011

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ (ဂ)

(၅)
ခပ်ငယ်ငယ်အရွယ်
အရာရာကို အရွဲ့တိုက်ဖို့ပဲ စဉ်းစားချိန်
လောကဓံဆိုတဲ့ စကားလုံးကို
ရယ်သွမ်းခဲ့ဖူးတယ်။
အချစ်ဆိုတာကို
ကိုးကွယ်ရူးသွပ်ဖူးတယ်။
အနက်အဓိပ္ပာယ်ကို အလကားကိစ္စလို့
အထင်လွဲဖူးတယ်။

ငါက
ရှိုက်ကြီးတငင်လက်မှတ်တွေကို
အမှတ်တရ သိမ်းထားတတ်သူ၊
စံပယ်တွေကို စွဲလန်းခဲ့သူ၊
ကောင်မလေးတစ်ယောက်ကို ၀တ္ထုရေးဖူးသူ၊
အမှားတွေများလွန်းပေမယ့်
ခဲဖျက်ဆိုတာကို အသုံးမပြုသူ၊
ကြာလာတော့
ကိုယ့်ကိုယ်ကို တွေ့ရှိမှုအဖြစ်
ေ၀၀ါးခြင်းတွေခါးတယ်။

ငါ့ဘ၀ကို
ကစားပွဲတွေနဲ့ဖြတ်သန်း၊
ဒါပေမယ့် အနီကဒ်ကို နှစ်ခြိုက်သူဘောလုံးသမား
ဘယ်သူရှိခဲ့ဖူးသလဲ။

(၆)

အစီအစဉ်အရ
ဆိုခဲ့ပြီးပြီ ..
အောင်မြင်ခဲ့တဲ့ ၀ါကျများအကြောင်း။

သက္ကရာဇ်အဟောင်းတစ်ခုမှာ
ဆန္ဒအသစ်တွေ၊
ငါမစဉ်းစားရသေးတဲ့
နောက်ထပ်နေ့ရက်တွေ၊
ပိန်ပိန်သေးသေး ကောင်မလေးတစ်ယောက်ရဲ့
စိုးရိမ်တကြီးအချစ်တွေ၊
ပရုပ်လုံးရနံ့နဲ့
အင်္ကျီအ၀တ်အစားတွေ၊
အားလုံးကို မကြာခင်ကပဲ
ဟားတိုက်မောင်းထုတ်ပစ်ခဲ့ပြီ။

သင်ရော၊ ကျွန်ုပ်ပါ
ကိုယ့်မှတ်ပုံတင်ကို ကိုယ်
သေချာကြည့်ခဲ့ကြသားပဲ။
တစ်ဦး၏အချိန်များတွင် တစ်ဦး
မသိမသာ ခိုအောင်းခဲ့ကြသားပဲ။
လောကဟာ ငါတို့ကို
ပေါ့ပါးတာနဲ့ တစ်ပြိုင်ထဲ လေးနက်ရမယ်လို့
သင်ကြားခဲ့တာပဲ။

No comments:

Post a Comment