Wednesday, 28 December 2011

မောင်ချောနွယ်အတု

မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက်ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ …
သူတစ်ပါးချမ်းသာရေးအတွက်
ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ …

မျက်လှည့်ဆရာရဲ့ ‘ဘင်’ ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ …
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့ခမျာမှာ
ဒီဘင်လေးနဲ့ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့ …။

မောင်ချောနွယ်အတုက ပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ …။

မောင်ချောနွယ်အတုက ပြောတယ်
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကိုသူ့ခွက်ထဲ
အရင်ထည့်ပေးသူ့ကို
အရင်သောက်စေခြင်းနဲ့မြှောက်စားရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ငါတို့ဟာအေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီး မဟုတ်ခဲ့တာသေချာဖို့လိုတယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်ကနေကမ္ဘာလောကကြီးကို ရှုမျှော်ကြည့်ရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန် ဒေါင်းနင်းသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
တောမရွာသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာဘယ်ရှိမလဲတဲ့ …
လူညံ့ရွေးတဲ့နေရာမှာ တော်ရမယ်လို့မောင်ချောနွယ်အတုက ပြောတယ်။

မောင်ချောနွယ်အတုဟာ
သူ့ဇနီးသည်ညီမလေး မမမြင့်မှာ
(တကယ်တော့ညီမလေးပါပဲ
သူ့ကို ကဗျာဆရာဖြစ်စေခဲ့သမို့
ညီမလေး မမမြင့်လို့သူက ဂုဏ်ရည်မြှင့်ခေါ်ခဲ့တာပါ)
နှုတ်ခဲ့ရတဲ့ သွားတစ်ချောင်းပြန်စိုက်ပေးရဦးမယ်လို့
နေ့စဉ်နေ့စဉ် ထိသိနေရသူသတိတရ
အားစိုက်နေရသူအချစ်ကိုသွားတစ်ချောင်းအပေါ် ပုံနေရသူမျှသာဖြစ်လေရဲ့။

တကယ်တော့မောင်ချောနွယ်အတုဟာ
လူဖြစ်ပြီးမောင်ချောနွယ်အစစ်ဟာလူမဟုတ်ဘူးလို့ မပြောလိုက်ကြပါနဲ့။ ။

မောင်ချောနွယ်

No comments:

Post a Comment