Monday, 26 December 2011

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့ (၆)

လှပါရဲ့ မြို့တော်ဟာ
အိပ်မက်ထဲကနန်းတော်
မိန်းမတွေဟာ
ဒဏ္ဍာရီထဲက နတ်သမီးတွေပဲ
လမ်းပေါ်မှာ
သစ်ရွက်ကလေးတစ်ရွက် ကြွေနေတာ
ကဗျာတစ်ပုဒ်ထဲက
စကားလုံးလေးတစ်လုံး ပြုတ်ထွက်နေသလိုပဲ
ဘတ်စ်ကားတွေက
ငါတို့ကို
ဘာတစ်ခွန်းမှမပြောဘဲ တင်သွား
ဘာတစ်ခွန်းမှ မပြောဘဲ ရပ်ပေးကြ
မျဉ်းကြားမှာ အခင်းပွားစရာမရှိ
ဝန်ကြီးချုပ်ကားလည်း ရပ်ရတယ်

မြေအောက်မီးရထားတွေက
ငါတို့ကို
ဘာသာစကား ၄၊၅မျိုးနဲ့ လမ်းပြ
အလေးချိန်မခိုး အလေအလွင့်မရှိ
အတိအကျသယ်ယူသွားကြတယ်
အမှိုက်တစ်စဟာ
လမ်းပေါ်မှာ စလိုက်ထိုးပြသလိုထင်ရှား
သူတို့ဘာကိုမျှ ပြီးစလွယ် မပစ်(စနစ်တကျသယ်ဆောင်
စနစ်တကျစွန့်ပစ်)
စည်းကမ်းကိုချစ်ကြတယ်
ဖြစ်နိုင်ရင်
သူတို့အရိပ်တောင် သူတို့
လမ်းပေါ်မှာ မစွန်းထေး မညစ်ပေစေရ
ဒီမှာ တနင်္ဂနွေများဟာ ရွှေတုံးရွှေခဲ
ဒီမှာ တနင်္ဂနွေများဟာ ကားတိုက်မှုမရှိ
ဒီမှာ တနင်္ဂနွေများဟာ တနင်္ဂနွေများပေါ်ခုန်တက်
ကမ်းခြေ၊ ပန်းခြံနဲ့ ကုန်တိုက်တွေဆီချီတက်
ပန်းချီကားတွေ
တစ်ခါသုံးမီးရထားစီးခ ကတ်ပြားပေါ်က
ဗင်ဂိုး၊ ဂေါ်ဂင်၊ မိုနေးနဲ့ ခေတ်ပေါ်
ကမ္ဘာကျော် ပန်းချီကားတွေ
သွေးတောင်းလို့
တစ်ကတ်ပြီး တစ်ကတ် ငါဝယ်ပြီး
မစီးဘဲ သိမ်းထားမိပုံတွေ

No comments:

Post a Comment