ဘာသာစကားမတူ ခင်ဗျားဘာသားနဲ့ထုထု
ဂရုမစိုက်ဘူး
ကျုပ်စိုက်သမျှ ဓားဟာ အနီရောင်ပဲပွင့်တယ်
ပခုံးပေါက်မှာ စိုက်ထားတဲ့ ဦးခေါင်း
နေကြာပန်းလို နေကိုပဲစိုက်ကြည့်
ထစ်ခနဲဆို
မှားသလား၊ မှန်သလား၊ အချိန်မရ၊ နာရီမကြည့်
စပြီးဦးဆောင် စပြီးဖြိုခွဲ
“ရွှေ”ဆိုရင် “ရှဲ”ကြတဲ့အရပ်က ငါပြန်လာခဲ့ပြီ
အသက်ကို စက်ထဲပစ်ထည့်
ကိုယ့်ကိုယ်ကို နံရံထဲမြှုပ်ပစ်ခဲ့ရာ
သေဘေးနဲ့ အကြိမ်ကြိမ်ဝင့်ဆောင့်
ဆောက်တည်ရာမရ
မြေအောက်စတိုခန်းထဲမှာ
ဒီကောင် ကျွန်တော့်သွေးကိုစုပ်တယ်
ဒီကောင် ကျွန်တော့်လျှော့ပစ်တယ်
ငါးလူးငါးပျံ ငန်းဖမ်းသလို တစ္ဆေပူးသလို
ဒုစရိုက်အငိုက်မိ
ငါ့သူငယ်ချင်းက ငါ့စိတ်ကိုဖြုတ်ထုတ် ဆွဲနှုတ်ခဲ့ရာ
အရုပ်ကြိုးပြတ်နေရာက ငါပြန်လာခဲ့ပြီ
တချက်ငေး တချက်ထိမြို့ကြီးမှာ
မြို့ပတ်ရထားတွေပေါ် မတ်တပ်အိပ်ငိုက်လိုက်ပါ
ရထားအတွင်း
အဲယားကွန်းနဲ့အေးတော့ ပါလာတဲ့
ငါ့ကျောပိုးအိတ်ထောင့်တွေက
ကြမ်းပိုးတွေ တရွရွတက်လာတာကို ငါဖိချ
ကြမ်းပိုးတစ်ကောင်မှန်းမသိအောင် ကာကွယ်ရ
အဲဒီလိုနေရင်း
၉၆ပါးရောဂါနဲ့ ငါ့ရှေ့မှာလူတစ်ယောက် ရှော့ခ်ရ
ဘိုင်းခနဲ ရထားကြမ်းပြင်ပေါ်လဲကျ
အရေးပေါ် ရထားလည်းရပ်၊ ရဲတွေရောက်လာတော့
မယောင်မလည် ဘူတာထဲက ထိုးထွက်
အန္တရာယ်ကို မျက်ခြေဖြတ်ရတယ်
အဲဒီလို ကျီးလန့်စာစား
ကြက်အိပ်ကြက်နိုး ရိုးလို့
ငါဟာအိပ်ခဲ့ ငါ့မျက်လုံးထဲငါဝင်ကာ
ငါဟာအိပ်ခဲ့ နှစ်၂ဝကျော် အိမ်မှာအိပ်ခဲ့သမျှ
ဘူတာ၂ဝကိုဖြတ်ဖို့ ငါဟာ အလုပ်ကို
ညနေ ၅နာရီမှာ အိမ်ကစထွက် ဘူတာ ၂ဝ အဖျားမှာ
စက်ရုံဆီ ၄၅မိနစ် ဘတ်စ်ကားဆက်စီး
ည ၈နာရီမှာ အလုပ်ထဲဝင် အလုပ်ကိုစ
နှစ်ယောက်သုံးယောက်စာအလုပ်ကို တစ်ယောက်တည်းနဲ့စ
ည ၁၂နာရီ ၁ချက်မှာ Red Bull အချိုရည်တစ်ဘူးနဲ့
မျက်လုံးကိုတွန်းကန် ဒီလို မတန်တဆ
မတန်တဆမရတဲ့ အလုပ်မျိုး
(ဘယ်လုမျိုးမှ ၃၊၄ရက်ပိုမခံ)
ငါဟာ တစ်လခံသတ္တိနဲ့ဆက်လုပ်
မနက် ၈နာရီ ဂျူတီချိန်း
ငါပြန်တော့ ငါ့အိမ်မှာ ၁ဝနာရီ ဘယ်သူမှမရှိ
မရှိတဲ့အခန်းမှာ စားစရာလည်းအဆင်သင့်မရှိ
ယိုင်တိယိုင်ထိုး ရေမိုးချိုး
ကော်ဖီတစ်ခွက် ကြက်ဥကြော် ခေါက်ဆွဲခြောက်ပြုတ်
တစ်ခုခုနဲ့ လည်ချောင်းထဲတွန်းချ အိပ်ရာဝင်
မနက် ၁၁နာရီကျော်မှာ ငါဟာအိပ်ရာကိုဝင်
ပျော်သလား မပျော်သလား ငါမသိ ညနေ ၅နာရီမှာ
ငါ့သူငယ်ချင်းတွေနဲ့ ငါတေ့လွဲလွဲ
စက်တွေက
ငါ့အိပ်ရာနဲ့ ငါ့မိတ်ဆွေတွေကို လုယူသွားကြတယ်
ညမှာ
စက်ရုံရဲ့ တဒီးဒီး အော်မြည်သံတွေ အစားခံလို့
ငါတစ်ယောက်တည်း တွင်းနက်ကြီးထဲ ဝင်ခဲ့ရ
ငါတစ်ယောက်တည်း နေ့ခင်းတစ္ဆေအခြောက်ခံခဲ့ရ
စိန် ကျောက် နီလာ ပတ္တမြား
မြို့ကြီးရဲ့လမ်းမကြီးပေါ် ငါမတက်နိုင်အား
ငါ့ကိုယ်ငါ ခုတ်လှဲထားရတယ်
အခုတော့ အဲဒီခုတ်သားစတွေ ငါပြန်ယူ
ငါ့ကိုယ်ငါစုပြီး ငါပြန်လာခဲ့ပြီ
ခန်ဓါမှ ဆားပွင့်တွေတလက်လက်
ပင်လယ်က ပက်ထုတ်လိုက်တဲ့ငါး
ကန္တရပါးစပ်ထဲ ထိုးကျသွားသလို
ငါပြန်လာခဲ့ပြီ။
အတောင်ပံတွေ တောင်တွေနဲ့ငြိစွန်း
သွေးများသွန်ဆင်းရာ
အသက်ထက်အရေးကြီးတာ အသက်ပဲရှိ
ရှိတဲ့အသက်လေး ဖက်နဲ့ထုပ် ငါပြန်လာခဲ့ပြီ
ကျောက်ဆောင် ပင်လယ်ဓားပြ
မုန်တိုင်းနဲ့ မိုင်းတွင်းများထွန်းကားရာ
ကိုယ်လေးလက်ဝန် စက်လှေတစ်စီးရဲ့ မီးနေခန်း
ယောက်ျားဖောင်စီး ငါပြန်လာခဲ့ပြီ
ငါပြန်လာတော့ ငါ့အမေဟာ ငါ့အသံကိုမမှတ်မိ
“ပျောက်သွားလိုက်တာ” အမေဟာ မျက်ရည်ဒဏ်ရာတွေနဲ့
“အမေ ကျွန်တော် ဘာတစ်ခုမှ….”
အမေဟာ ကျွန်တော့်ပါးစပ်ဖျားကို သူ့လက်ဝါးနဲ့ပိတ်
“ငါ့သားကို ငါပြန်ရတဲ့အောင်ပွဲ
အမေဘာနဲ့လဲရမလဲ….တဲ့”
တကယ်တော့
ဒါဟာ တကယ့်ကြောက်စရာ
ကြောက်တွင်းကြီးတစ်ခုပါပဲ
ဆင်ခြေများ ဆက်ရာများ
အချက်အလက်ဒေတာများ ပေးစရာမရှိ
ကျွန်တော် လေယာဉ်ပျံကြီးစီးကာသွား
ရေကူးပြီးပြန်ခဲ့ကြောင်း
ကျွန်တော့်သူငယ်ချင်းတွေကို ခေါင်းလောင်းထိုး
နှိုးလိုက်ရုံပါပဲ ။ ။
ခရမ်းပြာထက်လူ
ပိတောက်ပွင့်သစ်၊ ၂ဝဝ၈။
No comments:
Post a Comment