ပန်ကာလေဟာ
အခန်းရဲ့အပူချိန်ကို ကုန်အောင်မစုပ်ထုတ်နိုင်
လက်ညှိုးနဲ့လက်မကြား
ဆုပ်ကိုင်ထားတဲ့ ဖောင်တိန်တစ်လက်ဟာ
ရှိသမျှသွေးကိုအန်ထုတ်
စာရွက်က စကားလုံးကို မစုပ်ယူနိုင်
အလွမ်းဟာ တစ်ဆို့
အနာဂတ်ဟာတစ်ဆို့ ဆို့နဲ့ရိုက်ဖွင့်လို့မရ
သစ်ရွက်တွေ တွန့်လိမ်ကော့ပျံနေသလို
ခန်ဓါကိုယ်တွေ ည ၁၂ နာရီ ၁ ချက် တွန့်လိမ်ကွဲအက်
အသက်ကို ဝအောင်ရှူ
ကယောင်ကတမ်း အရက်ကိုမျှသောက်
ချောက်ချားမှုကို ဖျောက်ထားရတယ်။
လူတိုင်း လကို ကျော်ပြီး ကြည့်နေကြ
အလွမ်းကို အသင့်အနေအထားကိုင်လို့
အသက် ၃၀ ကျော် ၄၀ ဝင်ကြီးက
အမေ့နို့ပိန်ကိုလွမ်း အမေ့အားကို တဖျန်းဖျန်းတမ်းတ
“အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ်ရောက်လာတယ်”
အဲဒီလို အလုပ်အကိုင်မရှိတဲ့အခါ
၂၄ နာရီ မြေကြွက်တွေလို ခိုအောင်း
ခေါင်းကို အခန်းထဲလှိမ့်သွင်းထား
လေမချွန်ရဲ လက်မပြရဲ
ပြတင်းပေါက်အပြင်ဘက် အစွန်းမထွက်ရဲကြဘူး
ငါတို့ဟာ အကျယ်ချုပ်ချုပ်ခံထားရသလို
အဝတ်စုတွေလို ဟိုနေရာ ဒီနေရာ
စားပြီးသား ပန်းကန်တွေ စုပုံထားသလို ဆန်းပုံများ
ဆိုပါတော့
ငါတို့ဟာ တန်ဆာမဲ့ကြတယ်
ငါတို့ဟာ ဗီဇာမဲ့ကြတယ်
ငါတို့ဟာ လွတ်လပ်ရေးမဲ့ကြတယ်
ငါတို့ဟာ စိတ်လွတ်ကိုယ်လွတ် မသမ်းဝေနိုင်
မိဝေး ဖဝေး
ပန်းခြံထဲ ဆင်းမငေးနိုင်
စားသုတ်သုတ် ပြန်သုတ်သုတ်
စုပ်တသပ်သပ် အစုတ်အပြတ်
ဆုတ်ဖြဲထားတဲ့ စက္ကူအပိုင်းအစတွေလို
ဘီယာတစ်ခွက်မှာ
ကော်ဖီတစ်ခွက်မှာ စိတ်တချောက်ချောက်
နောက်ကျောဖောက်ဝင်လာမယ့် ဓားစောင့်နေရသလို
လမ်းတွေပေါ်မှာ
ကားမှတ်တွေနဲ့ MRT ဘူတာရုံတွေမှာ
မျက်လုံးလို ချွတ်ချမထားရဲ
အမြဲကောက်စီးထားရတယ်
သတိနဲ့၊ သတိမရှိတဲ့အခါ
ဒီမှာ အငြိအစွန်းကိုဖြုတ်လို့မရ
အမေ့ရဲ့သားကောင်းဘဝမှ
လောကသားကောင်ဘဝကို ကူးပြောင်း
ရေစီးကြောင်းပြောင်းရတယ်
တစ်ယောက်နဲ့တစ်ယောက်တွေ့ရင်
အဆင်ပြေသလား
ဆက်ပြီးစွမ်းဆောင်နိုင်သေးသလား
ကံစိတ်ဥတု အာဟာရ
ကျေနပ်စရာ ကျန်သေးသလား
ဘုရားနဲ့ တရားနဲ့ ဇာတိမြေနဲ့
ငါတို့ဒဏ်ရာများကို မမေ့နဲ့
တွေ့ရင် မတန်တဆအားပေး၊ ဒီမှာ
မတန်တဆ သွေးတွေ အစုပ်ခံရတာ
မေ့ထားကြသေးတယ်
ဒီလ ဘယ်လောက်ပို့လိုက်ပြီလဲ
ငွေစက္ကူတွေမှာ ချွေးတွေရွဲလို့
ရွှဲနေတဲ့ ချွေးတွေပေါ်မှာ
အန္တရာယ်ဟာ ပုန်းအောင်းလို့
ငါ ဒေါသဖြစ်မိတာက
လေယာဉ်ပျံကြီးစီး မြို့ကြီးထဲဝင်ပြီဆိုတာနဲ့
အားလုံးအဆင်ပြေ ဆင်တွေ မြင်းတွေ စိန်တွေ ရွှေတွေ
အသေအလိုက်ခံရသလို ဘုမသိ ဘမသိ
ဘင်ပေါ်က တုန်ခါနေတဲ့ဖုန့်မှုန့်ရဲ့
နေခြင်းတရားကို မသိ
ကွန်တင်နာအဟောင်းထဲ
ကြွက်တွေလို ဒီမှာနေ ဒီမှာစား၊ ဒီမှာ
ဗုံးခိုကျင်းလို၊ ဒီမှာ
ကိုယ့်သေတွင်း ကိုယ်တူးထားသလို
နွံလည်းနစ် ကျွန်လည်းဖြစ်ခဲ့တာကို မသိကြ
ဒါ၊ ငါ့သားရဲ့ ငါ့ကားလေ
ငါ့စကားနားထောင် ငါ့နားတောင်း တပြောင်ပြောင်
ငါ့သား အသက်ပေါင်ထားရတာ ထည့်မပြော။
ခြေတစ်ဖက် ငါးမန်းအကိုက်ခံထားရသလို
ယိုဆင်းနေတဲ့ နေ့များ
၁၀ ထပ် ၁၅ ထပ် ဆင်းလိုက်တက်လိုက်
သံဖရိန်တွေ ဆေးပုံးတွေနဲ့ ဧရာမမှန်ချပ်ကြီးတွေ
တနင့်တပိုး သယ်တင်သယ်ချ
ဘယ်ဘဝ အဆက်လဲ
ခြေတစ်ဖက်ဟာ စစ်ပွဲမှာ မိုင်းနင်းမိသလို
ကြာတော့ ဒရွတ်ဆွဲ အခက်အလက်တွေကို
ခက်ခက်ခဲခဲ ခဲထားကြ၊
ငါ့သားဟာ ခုဆို ဆိုသလောက်ခရီးပေါက်
ခေါက်ချရင် အရိုးမှကျန်ပါတော့မလား သူတို့မသိ
အမှတ်တမဲ့တွေးခေါ်
သေနတ်ပစ်သလို လွန်သွားတွေနဲ့
ရှေ့နံရံထုကြီးကို ထိုးခွ
ဆွလို့သမျှ ဆယ်ပေါင်တူတစ်ချောင်းနဲ့
တဒိုင်းဒိုင်းမြည်အောင် ဖြိုချ
အဲယားကွန်းပိုက်လိုင်းတွေဆင်ဖို့
အပေါက်တွေဖောက်ရ
ပေါက်ထွက်လာတဲ့ ငါတို့အရေးပြားအောက်ကချွေးတွေ
စောင်တစ်ထည်လိမ်ကျစ် ညှစ်ထုပ်လိုက်သလို
နဖူးကချွေး ခြေမကျ
အဲဒီစကားဟာ လူရာမဝင်
ငါတို့ဟာ ကျောက်တောင်
ငါတို့နဖူးပေါ်က ရေတံခွန်စီးကျသလို
ချွေးဆိုတာ အဲသလိုရွာကျ
မချလို့မရဘူး ကိုယ့်လူ
လူဆိုတာ ဖြုတ်လိုက်တပ်လိုက်
ဖြုတ်တဲ့အထဲ ငါတို့ပါသွားရင် အစုတ်အပဲ့လို
နေရေးထိုင်ရေး သွားရေး လာရေး လမ်းဘေးပဲ
ဒါတွေကိုလည်း သူတို့မသိ
သူတို့မသိတဲ့ ငါတို့ဟာ
ပိုက်ဆံတွေလည်း မီးရှို့ရတယ်
လူသေတွေလည်း ရေချိုးပေးရ
ကျွန်းတစ်ကျွန်းပေါ် မွန်းတည့်ငရဲလည်းခံရ
ဘာသာစကားတွေ ဗွက်ပေါက်
တဒေါက်ဒေါက် ဖြတ်လျှောက်နေတဲ့ ကြမ်းပြင်ပေါ်
စကတ်တွေ လွင့်ဝဲ
ပေါင်သား ဖြူဖြူ ညိုညိုတွေအောင်
လွှတိုက် လှီးဖြတ် ကော်ပတ်စား
အိမ်မှာတော့ သူဟာ အင်ဂျင်နီယာကြီးပေါ့
ခုတော့ သူဟာ ရေကူးကန်ကိုတူးလို့
မြက်ရိုင်းတွေကို ရှင်းလို့
ရပ်ကွက်ထဲမှာတော့ သူဟာ ဂုဏ်သရေရှိပေါ့
ခု သူဟာ အမှိုက်အစအနတွေ ရှင်းလို့
အိမ်သာတွေဆေးကြောလို့
တစ်ခါတလေတော့ လေလွင့်ဖိတ်စင်
နိုက်ကလပ်တွေ၊ ဒစ္စကိုကပွဲတွေနဲ့
Girl Friend တွေ Country Style တွေနဲ့
အရိုးခေါင်းခါးပတ်တွေ သိန်းငှက်မျက်လုံးတွေနဲ့
မြို့ကြီးထဲထွက်လာ မြို့ကြီးကို မျိုတော့မယ့်အတိုင်း
ကမ္ဘာကြီးကို ရှေ့တည့်တည့်က ဝင်တိုက်တော့မယ့်အတိုင်း
ငါတို့ဟာ ငေးမော ငေါထွက်နေတဲ့ နတ်ဘုံနတ်နန်းတွေ
ဘီကီနီတွေ ဝိုင်အရက်တွေ မိုးခြိမ်းသံတွေ
တရားဝင် လိင်ဆက်ဆံရေးဌာနတွေ
No comments:
Post a Comment