Saturday, 31 December 2011

"မ" - အချစ်လ

ဝိုင်းဝိုင်းကလေး၊တိမ်မျှင်ဘေးမှာ
ဖွေးဖွေးကလေးသာနေတယ် ။။။
ငွေစင်ချစ်ရည်၊စိမ့်စိမ့်လည်၍
ဧကြည်သာယာ၊လင်းရောင်ဖြာလို့
ကမ္ဘာကလေး၊ရွှေရင်အေးတယ်
ဆုတ်ဆန်းကင်းပ၊ရှုမဝသည်
အချစ်လလေး၊ချိုချိုမွှေးက
ဆိုတေးမေတ္တာ၊မောင့်ရင်မှာပေါ့
"မရေ" ဘယ်သောခါမှ၊အဆုံးမရှိ။။။။

ကြေးစား

ကံကြမ္မာဟာ
ဘီးလို လည်နေသမျှ
ငါက စမုတ်ချောင်းတွေလို ကျင့်ရမှာပဲ။

ငွေနဲ့ဝယ်ထားတဲ့ နှလုံးသား
ဘယ်လိုအရေပြားအောက်မှာ
ပူနွေးစေမလဲ။
အချိန်ကာလကို
ဖျော်ဖြေဖို့ဆိုတာ
ယဉ်ကျေးမှုကို လိမ်ထားဖို့ လိုလိမ့်မယ်။

ဒီနှစ် ဆောင်းမှာတော့
သစ်တော်သီးတွေ ရှားရဲ့။

ကွေ့ကောက်သောလူတွေအဖို့
မျဉ်းဖြောင့်ဟာ အမှားပဲပေါ့

တိရစ္ဆာန်တစ်ကောင်လို
အစွဲအလန်းတွေနဲ့
ငါ့ခေတ်ကပဲ
ငါ့မျက်လုံးတွေကို သင်ကြားတယ်။

အားလုံး ဉာဏ်နဲ့ဆိုပေမယ့်
စဉ်းစားပုံခြင်းကတော့ ကွာရဲ့။ ။

ဝေမှူးသွင်
(လူပြိန်းအချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ (ဆ)

(၁၃)
အချစ်ရေ..
နောက်ထပ် အာသာဖြေဖို့အတွက်
ငါ့မှာစကားလုံးတွေနည်းသွားပြီ။

(၁၄)
အဆင်မပြေတဲ့မြူတွေကို
ငါ့ခန္ဓာကိုယ်ပေါ်တပ်ဆင်
အိတ်ထဲမှာ ပိုလျှံနေတဲ့နေ့က ရှားတယ်။

အခုဆို
ပုံသဏ္ဌာန်လား၊အရိပ်လား
နံရိုးတွေလား၊ ညည်းငြူခြင်းလား၊
ငါအားလုံးကို ခွဲခွဲခြားခြားသိပြီ။
အဖြူအမည်း သဲကွဲသွားပြီ။

တစ်ယောက်ထဲ မျက်စိမှိတ်ထားမိချိန်
စိတ်ကူးတွေက ဖောင်းပွ၊
ငါ့သူငယ်ချင်းတွေရော
ဘယ်လမ်းမပေါ် ကျွမ်းပစ်နေကြသလဲ။

အလို… ဟိုမှာ
ချစ်သောမွေးဖွားမှုဟာ
ငါ့ကို လက်ပြနှုတ်ဆက်သွားတော့တယ်။ ။

ဝေမှူးသွင်

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ (စ)

သက်တောင့်သက်သာ စီမံကိန်းတို့နဲ့
အဝေးမှာကျန်ရစ်ခဲ့သော အဆုံးအရှုံးများ
မင်းလည်းနာကျင်ခဲ့ဖူးမယ်။
ရန်သူ့မြေမှာ
ငါတို့ခိုနားကြစို့အချစ်။
တို့ရဲ့ကိုယ်ပိုင်စက်ရုံတွေက
ဒဏ်ရာတွေကိုသာ ထုတ်လုပ်ရဲ့။

အဲဒီလိုနဲ့ ငါလည်း
ဖယောင်းတိုင်မီးနဲ့
ငရဲကို ထွန်းညှိလိုက်တယ်။

(၁၂)
အရှေ့အရပ်ကနေ
အနောက်အရပ်အထိ၊
တောင်အရပ်ကနေ
မြောက်အရပ်အထိ၊
အားလုံးသိကြပြီးပြီ။
ငါက တစ်ခါတစ်လေမှ ဖြူစင်သူဆိုတာ … ။

နေ့နေ့၊ညည
သဘာဝတရားရဲ့လက်ဆောင်အဖြစ်
ငါ့ကျန်းမာသန်စွမ်းမှုတွေရှိတယ်။
သုညကြွင်းတဲ့ ကိစ္စတွေအတွက်
ငါ့သစ္စာဆိုခြင်းဟာ ရှိတယ်။

ဘယ်သူ့အတွက်မှမဟုတ်ဘူး
နေလောင်နေတဲ့ ငါ့အရေပြားတစ်လျှောက်မှာ
မျှော်လင့်ချက်ဆင်းဆက်တွေက
ရှင်သန်နေတုန်းပဲ။
ငါ့အသက်တွေလည်း
တစ်ရက်ထက်တစ်ရက် ကြီးလာပြီ။
မနေ့ကကို မနေ့ကအတိုင်း
ထားလိုက်ကြတော့
ဒီနေ့အတွက်
အဲဒီပေါင်မုန့်တွေမှာ အန္တရာယ်ရှိတယ်။

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ (င)

(၉)
အားလုံးပြီးဆုံးတဲ့အချိန်
ငါတို့အလွမ်းတွေကိုလည်း
ဆွဲစုတ်ပစ်လိုက်ရုံပါပဲ။

သမိုင်းစာမျက်နှာပေါ်မှာ
အနာတရတွေ မရှိဖို့တော့လိုတယ်။

ငါ့ခေတ်ရဲ့ပြတင်းပေါက်များမှာ
ငါရှိနေဦးမှာပါ။
နယ်မြေဟောင်းမှာပဲ
ခံစားမှုအသစ်တွေကို ရှာဖွေဦးမှာပါ။
လူတန်းစေ့အနုပညာနဲ့
ငါသတ္တိရှိနေဦးမှာပါ။

(၁၀)

ငါ့ဘ၀ပွဲတော်ရဲ့ ရက်စွဲများ
ကုန်လွန်သွားတဲ့အခါ
ငါ့ဘေးမှာ မင်းရှိနေဖို့လိုတယ်။

လူ့မှတ်ဉာဏ်ဟာ
မသုံးတာကြာရင် ပျက်စီးတတ်တယ်။
အခုကြည့်…
ငါဘုရားရှိခိုးအလွတ်မရတော့ဘူး။
ကျောင်းဆင်းချိန်သီချင်းအလွတ်မရတော့ဘူး
ဒီအတွက်တော့ မင်းက
ငါ့မှတ်ဉာဏ်ထဲမှာ ရှိနေဦးမယ်။

ငါတို့ကံကြမ္မာဟာ
ပြောင်းလဲလာတော့မှာပါ။
စိတ်ပျက်မသွားပါနဲ့အချစ်ရယ်
ငါတို့အတွက်
ကံကောင်းတဲ့အချိန်ကာလတစ်ခု
ရောက်လာတော့မှာပါကွယ်။

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ (ဃ)

(၇)
ဘယ်သူမှ မဆုံးသေးတဲ့
သံသရာသီချင်းအတွက်
ငါ့အနုပညာဟာ
ဇာတ်နာဖို့လိုရဲ့။
ကျယ်လောင်ဖို့လိုရဲ့။

ချွေးထွက်များတဲ့ အသိဉာဏ်ဟာ
အဘိဓမ္မာဆရာထက် ပါးနပ်တယ်။

အခုကမ္ဘာမှာ အသံတစ်ခုက
အီလက်ထရောနစ်အမှိုက်တဲ့
ငါ့ခေါင်းထဲမှာရော
အဲဒီလို အမှိုက်တွေ ဘယ်လောက်များပြားနေပြီလဲ။
စဉ်းစားရဦးမယ်။

ရောက်ရှိလာတဲ့ မာနတရား၊
ရောက်ရှိလာတဲ့ အနက်ရောင်ထုံးစံ၊
ရောက်ရှိလာတဲ့ မျက်နှာဖုံး၊
နောက်ထပ် ရောက်ရှိလာဦးမယ့် အပျော်တမ်းများ၊
ဒါတွေအားလုံး အရေးပေါ်ဆိုပေမယ့်
မေတ္တရားနဲ့ စာနာမှုကိုတော့
မိုးမခေါင်စေချင်ဘူးပေါ့။
သူတို့နဲ့ ပေါင်းဖော်မှ
လောင်းကျော်မှာ မဟုတ်ပေမယ့်
ငါက ဖဲသမားတစ်ဦးရဲ့ ရင်ခုန်သံကိုမှ လိုချင်သူလေ။

အဲသလိုမျိုး
ကိုယ့်ကိုယ်ကို မှန်ကြည့်ခဲ့
လူ့အဖြစ်ကို ဣနြေ္ဒမဲ့ခဲ့၊
မြေကြီးပေါ်မှာ လမ်းလျှောက်ပစ်ခဲ့။

(၈)
ငြီးငွေ့ခဲ့တဲ့အဖြစ်အပျက်တစ်ခုမှာ
ငါဟာ ဓားစစ်စ်တစ်လက်ဖြစ်ရဲ့
မိမိကိုယ်ကို အဆုံးသတ်ဖို့ပေါ့။

ဟော-
မင်းကြားလိုက်သလားအချစ်ရေ
ငါတို့စစ်ပွဲရဲ့ ဓမ္မတေးသံကို။
လူတစ်ဦးဟာလူတစ်ဦးကို
ဘယ်လောက်အထိ မှားယွင်းပြတတ်သလဲ။
အချိန်တန်တဲ့အခါ
သင်လည်း မေးခွန်းတွေကို ဖြေရမယ်။
ဒါပေမယ့်
ဘယ်မှာလဲ ကျွမ်းကျင်မှု။
ဘယ်မှာလဲ တစ်ကိုယ်တော် ထွက်ပြေးခြင်းဝါဒ
ဘယ်မှာလဲ ခေါင်းကိုက်ရောဂါ။

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ (ဂ)

(၅)
ခပ်ငယ်ငယ်အရွယ်
အရာရာကို အရွဲ့တိုက်ဖို့ပဲ စဉ်းစားချိန်
လောကဓံဆိုတဲ့ စကားလုံးကို
ရယ်သွမ်းခဲ့ဖူးတယ်။
အချစ်ဆိုတာကို
ကိုးကွယ်ရူးသွပ်ဖူးတယ်။
အနက်အဓိပ္ပာယ်ကို အလကားကိစ္စလို့
အထင်လွဲဖူးတယ်။

ငါက
ရှိုက်ကြီးတငင်လက်မှတ်တွေကို
အမှတ်တရ သိမ်းထားတတ်သူ၊
စံပယ်တွေကို စွဲလန်းခဲ့သူ၊
ကောင်မလေးတစ်ယောက်ကို ၀တ္ထုရေးဖူးသူ၊
အမှားတွေများလွန်းပေမယ့်
ခဲဖျက်ဆိုတာကို အသုံးမပြုသူ၊
ကြာလာတော့
ကိုယ့်ကိုယ်ကို တွေ့ရှိမှုအဖြစ်
ေ၀၀ါးခြင်းတွေခါးတယ်။

ငါ့ဘ၀ကို
ကစားပွဲတွေနဲ့ဖြတ်သန်း၊
ဒါပေမယ့် အနီကဒ်ကို နှစ်ခြိုက်သူဘောလုံးသမား
ဘယ်သူရှိခဲ့ဖူးသလဲ။

(၆)

အစီအစဉ်အရ
ဆိုခဲ့ပြီးပြီ ..
အောင်မြင်ခဲ့တဲ့ ၀ါကျများအကြောင်း။

သက္ကရာဇ်အဟောင်းတစ်ခုမှာ
ဆန္ဒအသစ်တွေ၊
ငါမစဉ်းစားရသေးတဲ့
နောက်ထပ်နေ့ရက်တွေ၊
ပိန်ပိန်သေးသေး ကောင်မလေးတစ်ယောက်ရဲ့
စိုးရိမ်တကြီးအချစ်တွေ၊
ပရုပ်လုံးရနံ့နဲ့
အင်္ကျီအ၀တ်အစားတွေ၊
အားလုံးကို မကြာခင်ကပဲ
ဟားတိုက်မောင်းထုတ်ပစ်ခဲ့ပြီ။

သင်ရော၊ ကျွန်ုပ်ပါ
ကိုယ့်မှတ်ပုံတင်ကို ကိုယ်
သေချာကြည့်ခဲ့ကြသားပဲ။
တစ်ဦး၏အချိန်များတွင် တစ်ဦး
မသိမသာ ခိုအောင်းခဲ့ကြသားပဲ။
လောကဟာ ငါတို့ကို
ပေါ့ပါးတာနဲ့ တစ်ပြိုင်ထဲ လေးနက်ရမယ်လို့
သင်ကြားခဲ့တာပဲ။

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ (ခ)

(၃)
ငါ့နှလုံးသားထဲက
တိတ်ဆိတ်တဲ့ခေါင်းလောင်းထိုးသံ
ဘယ်သူကြားမိသေးလဲ။

ငါ့တစ်ယောက်ထဲ အဖော်မဲ့ညတွေ
မိန်းမတစ်ယောက်ဆီ
ငွေကြေးနဲ့ ကမ်းလှမ်းလိုက်ရင် ကောင်းမလား။

ပထမဆုများ၊
သွေးရူးသွေးတန်းအဖျားဖျား၊
ရုပ်ရှင်ရုံများ၊ ပန်းခြံများ၊
နံနက်ခင်းများ၊ ဒုက္ခများ၊
ဒီလိုရှုခင်းတွေထဲ
ပိုနေရင် ဖယ်ထုတ်ပစ်လိုက်
ပန်းပုရုပ်ထုတယ်ဆိုတာ
မလိုတာတွေကို ဖယ်ထုတ်ပစ်တာပဲ။

(၄)
မြင်ဖူးကြတယ်မဟုတ်လား
ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျှက်နေတာလေ။
မာယာကော့ဖ်စကီး
(ဘောင်းဘီဝတ်မိုးတိမ်မှ-)

အဲဒီစာပိုဒ်ကို အထပ်ထပ်ဖတ်
ငါ့ရက်စွဲတွေမှာ ကြမ်းတမ်းလွန်းတဲ့သိက္ခာ
သာမန်ပိုးမွှားဆိုပေမယ့်
ရောဂါတော့ဖြစ်နိုင်ရဲ့။

တစ်ကနေစတင်
အဲဒီတစ်မှာပဲ ပြီးဆုံးခဲ့၊
ငါ့ဆီက ထွက်သွားသောစကားလုံးများ
ငါ့ဆီပြန်ရောက်လာတဲ့အခါ
အဓိပ္ပာယ်တွေပြောင်းသွားပြီ။

သစ်ရွက်တို့၏ ပေါ့ဆခြင်းများ (က)

(၁)
ငါ့ဘ၀ရဲ့
ပထမဦးဆုံးစာကြောင်းများ၊
ပထမဦးဆုံးအမှိုက်များ၊
ပြီးတော့…
ပထမဦးဆုံး ရဲရင့်ခြင်းများ
ဒါတွေနဲ့ပဲ
ဒါတွေကို တံခါးခေါက်
လောကဆီကို ရောက်လာခဲ့ပြီ။

(၂)
တစ်ရာသီကနေ တစ်ရာသီပြောင်း၊
ပြက္ခဒိန်တို့လည်း
တစ်ခုပြီးတစ်ခု ဟောင်းသွားကြ၊
ဘ၀မာတိကာရဲ့ ပထမပိုင်းမှာ
“ပိုက်ဆံက အရေးကြီးတယ်” ဆိုတဲ့ ၀ါကျနဲ့နေထိုင်
အလေ့ကျအလွမ်းတွေကို
ကောင်မလေးတစ်ယောက်ဆီ ထားခဲ့ဖူးတယ်။

ဟိုလမ်းမပေါ်က
ယိုင်ရွဲ့နေတဲ့ခြေလှမ်းများလည်း
လုံခြုံနေဖို့လိုရဲ့။
ကမ္ဘာကြီးရဲ့ တစ်ဖက်ဆီမှာ
အသေးအဖွဲ ကိုယ်စီနဲ့
ငါတို့ကြီးကျယ်ကြမယ်။
ရံဖန်ရံခါ ရုပ်ဝတ္ထုတွေအကြောင်း
ဆွေးနွေးကြမယ်။

အဲဒီနောက်မှာတော့
သူများတွေကြားဖို့မလိုတဲ့အသံနဲ့
ငါ့ရဲ့အချိန်ကာလကို ငါကိုယ်တိုင်မောင်းနှင်မယ်။

နောင်အခါ
ငါသေဖို့ လိုအပ်လာတဲ့အခါ
လူသားတို့ ပျော်ရွှင်ကျေနပ်စွာလက်ခံဖို့
သေမင်းနဲ့ တိုင်ပင်မယ်
အမှန်တရားကို နားချမယ်။
ငါ့အတွက် အဆိပ်ခွက်ကို ပြင်ဆင်ထားကြ
ဒီနေရာမှာ ငါ့ကျောပြင်ပေါ်
ရထားတစ်စင်း ခုတ်မောင်းသွားပါစေ။

ကိုယ်ရေးကိုယ်တာ

သစ်ရွက်ကြွေသံတစ်ခုက
ငါ့နားထဲမှာဝုန်းခနဲ
မြည်ဟိန်းသွားရဲ့။

အချိန်မတန်သေးဘဲ
ငါ့တန်ဖိုးတွေကို
မင်းဘာကြောင့်များတိုက်ချပစ်လိုက်ပါလိမ့်။

ဘယ်သူမပြု
မိမိမှုတဲ့ .. ။

လကွယ်သီချင်းတစ်ပုဒ်က
ညထဲကိုဗီဇပြပြီး
ရက်ရက်စက်စက်လွင့်ပျံ့လာတယ်။

ငါ့ရင်ထဲက
အဖြူရောင်စည်းကမ်းတွေအားလုံး
ချိတ်ပိတ်ထားလိုက်ပြီ။
ငါဟာရိုင်းစိုင်းရမ်းကားဖို့
အမြဲအဆင်သင့်ရှိနေသူဆိုတာ
မင်းသိစေရမယ်။

ဘာသဘောလဲ
လှည့်မကြည့်နဲ့
အပျော်ကြေးဆိုပေမယ့်
အန္တရာယ်ရှိတယ်။

နောက်ဆုံးတော့လည်း
ပတ်သက်မိခဲ့သမျှတွေကို
ရယ်မောလွှင့်ပစ်လိုက်ရုံပေါ့။

ငါမပြောချင်ဘူး
မင်းမသိနိုင်ဘူး
အစွန်းမရောက်ရင်
အဲဒါဘယ်တော့မှ အချစ်မဟုတ်နိုင်ဘူး ။ ။

ဝေမှူးသွင်

ရာသီဥတုကို ကြံရာမရနဲ့ ခုခံမိခြင်း

အချိန်တန်ပြီ
မင်းရောငါရော အချိန်တန်ပြီ။

အဲဒီအရှိတရားမှာ
ဆုံးရှုံးသူတစ်ယောက်ရဲ့ကတိ
အဖြူထည် မျက်ဝန်းလေးကိုပဲ နာကျင်မိတယ်။
“နင်မကောင်းဘူးဟာ”
ဒီစကားမှာ
ငါ အသက်မရှူမိတာ အပြစ်လား။
ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျခဲတာ မှားတား။
ဒါဟာ
လောကကြီးရဲ့ စနစ်ကျတဲ့လှည့်ဖျားမှုလို့ပဲ
တို့ယုံထားလိုက်ရအောင်…။

အခုတော့
မင်းအချက်ပေးခဲ့တဲ့ သံယောဇဉ်တွေ
ကြီးကြီးမားမားမှန်း သိလျက်နဲ့
ငါမျက်နှာလွှဲရတော့မှာပေါ့။

ဒီဇာတ်လမ်းမှာ
မင်းက ငါ့ကို အဓိပ္ပာယ်မဲ့စွာ လိုအပ်ခဲ့
ငါက မင်းကို အော်ကြီးဟစ်ကျယ် ရူးသွပ်ခဲ့
ကိုယ့်စွန်ကိုယ်ဖြတ်ခဲ့ကြသလို
ငါတို့ရယ်သွမ်းသွေးခဲ့ကြပြီ။
ရေမှုတ်ကိုယ်စီနဲ့
လောင်ကျွမ်းခဲ့ကြပြီ။

ဒီလိုပါပဲ
မင်းနှုတ်ခမ်းက လက်ဖက်ရည်နံ့တွေဆီ
သစ္စာတရားဟာ အိုမင်းသွားတော့မယ်။
ပြဇာတ်တစ်ပုဒ်ပေါ့
မိုးစက်မိုးပေါက်များရဲ့ အဆုံးမှာ
ငါရှူံးနိမ့်ခဲ့ဖူးတယ်။

ဝေမှူးသွင်
သရဖူ၊ဒီဇင်ဘာ ၂၀ဝဝ

မိုးရေထဲလမ်းလျှောက်ခြင်း

မိုးရေထဲဘဲ
မသဲမကွဲ၊သို့သော်ရဲရဲ
မခွဲနိုင်ဘူး၊ သွားကြဦးစို့
ပြေးလူးတဘက်၊ညွက်ကွေးပက်၍
လက်လက်လွန့်လိပ်၊ပုလဲမြိတ်တို့
ရိပ်ရိပ်ပြေးလိုက်၊ဝေ့တိုးရိုက်သည်
မှောင်မိုက်ထဲမှ ၀ိုးတ၀ါး။



အမှောင်ထက်မှ
လက်ကနဲရှက်၊လျှပ်တပြက်မှာ
သစ်ခက်ရှုံ့,ထစ်၊ကုက္ကိုမြစ်မူ
အဆစ်ခေါင်းပြတ်၊ဒေါင့်မှာညပ်သည်
တွယ်ကပ်မျောညိ၊မြင်မိမိကား
ရေညှိမှိုပွင့်ကလေးပင်။
တိုက်ကြိုတိုက်ကြား
မနားခိုဘူး၊ခြေဦးတည့်ရာ
ရေမှာဒလဟော၊မျောသွားပစေ
မိုးရေလှိုင်းကြား၊ကွဲမသွားအောင်
အပါးတိုးဖက်၊မိုးပက်သည့်ထဲ
မြဲမြဲလက်ကို ကိုင်ထားငဲ့။
လမ်းဆုံးမှာသာ
ရှိုက်ကာစိုးရွံ့၊ပခုံးတွန့်မိ
မြူးကွန့်လျှပ်ပြက်၊မှောင်တ၀က်မှာ
ဟိုဘက်ကမ်းပါး၊ရောက်သွားပစေ
မိုးသက်လေပက်၊အေးစက်စက်မှာ
မောင့်လက်နွှေးက၊နွေးလိမ့်မည်။
တာရာမဂ္ဂဇင်း၊၁၉၄၉

သီချင်းရှင်

တရွက်ကြွေ တရွက်လဲပြန်ပေါ့
ရောင်မွဲ ရွှေရည်ဥကာမှ
စိမ်းနုတွင် စိုစိုသစ်ပါကလား
စိတ်ညစ် အကုန်ပယ်၍
သီတော့မယ်နွေအစောမှာ
ရွှေဥသြ ချိုတေးသံ။


ရွှေဂူမှာ ငွေတူမွမ်းတဲ့ပြင်
စိမ့်စမ်းကြည် ရေကတွက်ရယ်နဲ့
လွမ်းဆွတ်ဘွယ်သည်ဂနိုင်ပ
လှမြိုင်မြိုင် သာဟာစမ်းကိုဖြင့်
ပြိုးပြွမ်းကာ အာရုံဝင်မှ
နွဲ့ရွင်ရွင် ဘိုးခေါင်ညဉ်းတယ်
သီချင်းကြီး သီချင်းခံ။
သည်ဘိုးခေါင် သည်ဥသြရယ်က
အပြောချိုသံလွင်ဟု
ကဗျာရှင် စာယဉ်ဖွဲ့ရှာကြ
နွဲ့ရရဲ့ နုသဟန်
တေးသံရင့်သီကုံး။
မောင်ဒါရှု
အသက် ချစ်ရည်တူနဲ့
လိုဏ်ဂူမှာပြိုင်တူပန်တဲ့
မေ့အသံညက်ညက်အေးကိုမှ
တေးအမှန်သီချင်းစစ်ပေဘဲ
အချစ်စေတနာက
သာယာအောင် ချော့မြူဆောင်တော့
ဘိုးခေါင်ဟာ ဘယ်လိုပြောသော်လည်း
ဥသြ ရင့်တကြူထက်
ခင်နွဲ့မူ အသံကြားခါမှ
မောင့်နားမှာ လဲ့လဲ့ရွှန်းတယ်
ကွန်းလွတ်ခေါင်ဆုံး။
ဒဂုန်မဂ္ဂဇင်း ၊၁၉၃၈

မတ်လတော်လှန်ရေး

်မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက် ၊ မျဉ်းဖြူစက်၍                                               

ကွဲအက်ကြောင်းရာ ၊ဟ ဟ လာပြီး
မိုးပြာကိုဖြတ် ၊ပတ္တမြားရည်
စီးလည်အဟုန်၊နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး ။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်ရ်ျ
စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာ လက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။
အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက် ၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော ၊ သင်ပေါင်းတောဧ။်
နောက်ကျောစေးပျစ် ၊ သောင်ရေစစ်မှ
ဖက်စစ်ကင်းစောင့် စစ်စခန်း ။
ချောင်းကိုကွေ့သော် ၊
တွေ့လျှင်တွေ့ချင်း ၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ ၊ နီးရ်ျ လာလျှင်
အသာရုတ်ချင်း ၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန် ၊ သေနတ်သံသည်
မြစ်ယံပဲ့တင် ထပ်သတည်း ။
ငွေလရောင်လျှင်
အမှောင်ညရိပ် ၊ သေးသေးစိတ်သား
မိုးထိပ် တိမ်မော် ၊ငြိမ့်ငြိမ့်ပေါ်သည်
သော်တာပြုံးလဲ့ ၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့် ညဥ့်ခါ ၊ ထိန်ထိန်သာသော်
ကျယ်စွာ ၀န်းလျား ၊ လယ်ကွင်းနားမှ
တောဖျား ညို့အုပ် ၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း ၊ တွဲတွဲဆိုင်းရ်ျ
ဖြူဝိုင်းစက်စက် ၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင် ၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိပ်ကာ ။
ရွာတစ်ရွာကား ၊
ျမှိုင်းပြာမဲညို့ ၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့် ၊ ပရမ်းပတာ
ထွက်ပြေးရရှာ ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀ ၊ မီးလောင်မြေမှာ
ွနွမ်းခွေပျောင်းယဲ့ ၊ ညင်းလေဖွဲ့က
သဲ့သဲ့ ခွေးဟောင်သံ တကား ။
ခရေပွင့်လျှင် ၊
ကြွေရင့်ဝါ၀ါ ၊မြေထက်မှာလျှင်
ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး ၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်၇ွက်ကြွေ။
ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ် ၊ ဘ၀သစ်သို့
သနစ်ပြောင်းမည် ၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့် ။
ဒဂုန်တာရာ

ငါ့နိုင်ငံရဲ့အလံတော်

အလံဆိုတာ

ပျံနေရတယ်။

ငါ့နိုင်ငံသူ

ရန်သူဆီ

ချီတက်

ချီတက်

ချီတက်။


အလံကို

သံနဲ့ရိုက်ကပ်

သပ်နဲ့ဖိကုပ်

မလှုပ်မယှက်။

ငါ့နိုင်ငံသူ

အလံတော်ဆီ

ချီတက်

ချီတက်။ ။

သစ္စာတိုင်

ဒီတောင်ရိုး
ကျားဆိုးပေါရဲ့။

မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့..။ ။

ကြည်အောင်

လမင်းတရာ

လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။

တရုတ်ပြည်မှ…..
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။

ဆိုဗီယက်မှ…..
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။

တိုင်းအီဂျစ်၏…..
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။

မစ္စစ္စပီ၊ မြစ်နဒီဝယ်…..
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။

အိန္ဒိယ၏…..
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလ,ရိပ်၊ လျောင်းပျော်အိပ်လျက်။

ပြည်မြန်မာ၏…..
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။

လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။

သို့တစေလည်း…..
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။

မြစ်မရေတွင်း၊ စစ်ကျော်နင်းလျင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။

ကမ္ဘာမြေပေါ်…..
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။

လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။

နယ်ချဲ့ကင်းမှ…..
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။

နယ်ချဲ့ကင်း၍…..
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။

ကြည်အောင်

အချစ်

အဖိုးအိုလျှင်…..
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
အဖွားအိုက….
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော်…. သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။

ငွေတာရီမဂ္ဂဇင်း ၁၉၆၃

မခေါ်တမ်း ကစားခြင်း

တမင်စိမ်းပြီပေါ့….
မကြင်လို့ တိမ်းချင်လဲတိမ်းပါ
ယိမ်းသလို ရှောင်သလိုနဲ့
ဟန်ဆောင်ကာမျက်မာန်တင်း
မြင်ပြင်းကပ်ဟန်တူရဲ့
ငြူစူစူခင့်နှုတ်ခမ်းက
ပန်းနှင်းဆီ မုန်းယောင်သန်း
မခေါ်တမ်း ကစားရအောင်လေ။

နောင်တော့မှ…
မောင်တော့သတိထား
ဟိုသွားဒီလာနဲ့
ကဗျာဆရာ လူတေကြီး
ဆံမဖီးမသင်နဲ့
မုတ်ဆိတ်မျှင် သူ မရိတ်
ဆေးလိပ်တို တဖွာဖွာပေါ့
ယောင်ချာချာမနေပါနဲ့
ခင်ကလေ… မောင့်ကိုမုန်းပါဘု
ရှက်ပြုံးကာ လာမချော့လှာနှင့်
မောင့်မှာလေ… တအားလျော့ပြီ
ခုတော့ တေပေ။

မောင်ရယ်…. လိမ်လိမ်မာမာနဲ့
ခင်ပြောတာ နားထောင်စမ်းပါ
ဒီကလဲသူ့ကိုလွမ်းရတာဘဲ
မခေါ်တမ်းကစားပွဲကို
ရပ်စဲကြစို့လေ….
မျက်ရေနဲ့ ခင့်စကား။

ချစ်သူကပြောတော့…
လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
ဆေးလိပ်တောင် ဖြတ်ပစ်မယ်
အချစ်မကြိုက်ယင် မောင်မသောက်ပါ
နောက်တော့သာ… မခေါ်ချင်သလိုနဲ့
ခင်… တမင် ငြိုငြင်တိမ်းပြီး
စိမ်းနဲ့ သိလား။

နိဗ္ဗာန်ဈေး

လာခဲ့ပါ့ကိုရင်ရယ်၊
တန်ဆောင်တိုင်နိဗ္ဗာန်ဈေး
ခေါ်ကျွေးဘူးကွယ်။

မုံ့လုံးကချိုတယ်၊
လာမယ်နော်ဟုတ်လား။
မလေးခင်ခေါ်စကား
ချိုမြလှသား။

ကလေးတို့ စားကြကွယ်၊
ရွာဘုံလှူ နိဗ္ဗာန်ဈေးမို့
လွေးလိုက်ကြတယ်။

လေးခင်က မုံ့ညက်နယ်၊
ဆယ်ပါဟ မိလှမျိုး။
ရေနွေးဆူမုံ့လုံးပွက်အောင်
မီးဆက်ကာထိုး။

ရွာလယ်ရပ်အဖွားသီ၊
ပတီးကိုင်တရားဖက်
သက်ရာကျော်ပြီ။
ရေပေါ်မုံ့ချိုဆိမ့်အီ၊
ခွေးနီရေ သွားပို့စမ်း။
လျှာရသာ တမျိုးထူးအောင်
ဖြူးလိုက်ပါနှမ်း။

မင်းသားဟန်လူညိုနွဲ့
လေးခင်ရဲ့ကိုရင်ညို၊
တန်ဆောင်တိုင် လပြည့်ဝန်းနှယ်
ရွှန်းမြလို့ချို။
ဝါးပလွေတို၊ လေချိုကတေး၊
ကျော်ထွေးငယ် အဖော်မွန်က
ခွန်နှစ်သံ ငါးပေါက်တွဲလို့
ဟဲလိုက်တယ်လေး။

နိဗ္ဗာန်ဈေး ရွာဘုံလှူ၊
စေတနာမွှေးပျံ့သင်း
စိတ်ရင်းကြည်ဖြူ။

သွားကြစို့ အတူတူ၊
ကိုယ့်လူလဲလိုက်ခဲ့။
ကျော်ထွေးငယ်အစားပုပ်က
လိုက်ချင်ပေါင် တွန့်ဆုတ်ဆုတ်နဲ့
ဟန်လုပ်သတဲ့။

လေးခင်ကဆီးလို့ကြို၊
အပျိုကြီး မဂေါက်တေးက
မေးငေါ့သကို။
ချစ်သူများ မနာလို၊
အပျိုကြီးစိတ်ထား။
ကလေးငယ်အချိုကြိုက်ယင်လဲ
ရိုက်တတ်တယ်လား။

စားလိုက်အုံး ကိုရင်ညို၊
စေတနာပီတိဖုံးလို့
မုံ့လုံးကချို။
လေးခင်ပျို၊
ပိုလိုက်သည့် ချစ်လောကွတ်။
ပန်ဆင်သူ ဆွတ်ချွေခူးဖို့
ကြာဖူးကညွတ်။

တရှူးရှူး တရှဲရှဲ
မျက်ရည်ရွှဲပြုံးမလို၊
မုံ့လုံးချို ငရုတ်စပ်နဲ့
နှပ်ကြပြီကို။

လူဟန်နွဲ့ကိုရင်ညို၊
စိတ်မတိုပြုံးနိုင်သား။
ချစ်ဦးပျိုသူ့ခင်လေးက
တွေးလို့သနား။

အပျိုကြီး မဂေါက်တေး
ဆေးပေါ့လိပ် ပြုံးလို့ရှူ၊
ကိုရင်ညို ငရုတ်စပ်တော့
ကျေနပ်သည့်မူ။

မဂေါက်တေး ကြိုက်မဲ့သူ၊
ဤဇမ္ဗူအရှားသား။
ယစ်ထုပ်မောင် ထန်းတောစားနဲ့
ညားလိမ့်မယ်လား။

လူထုသတင်းစာ၊ ၁၉၆၁ ခု။

ငန်းရိုင်းတကောင်

ဟစ်ကြော် ပျံသန်း ရင်ပေါင်တန်းနေ
တောငန်း တအုပ် ၀ါဂွမ်းဆုပ်လို
လှုပ်လှုပ် ဖွေးဖွေး ဝေး ဝေး ဝေး ပေါ့
ရေးရေး မှုန်မှုန် ၀ိုးတ၀ါး။

နောက်ဆုံး နေရောင် ငန်းတကောင်ဟာ
တိမ်မှောင်တွေအောက် ငန်းအုပ်နောက်ကို
လမ်းပျောက် မှန်းမျှေုာ် တကြော်ကြော်နဲ့
ဖော်ခေါ်သံပေး ဝေး ဝေး ဝေးပေါ့
ညရေး မှိုင်းညို အမှောင် မျိုချိန်
တိမ်ပြို လျှပ်ပြက် ငန်းရိုင်းနက်ကယ်
မိုးသက် မုန်တိုင်း ဆင်တော့မယ်။

အတ္တရုပ်ပုံလွှာ ပုံကြမ်း

အမေက မွေး၊ ပေးတဲ့ နာမည်
ကြည်လင်

အပေါင်း အသင်း
သူငယ်ချင်း အဖော်၊ ခေါ်ကြတဲ့ နာမည်
ကြည်လင်

ကြည်လင်ဟာ
လီနင်ရဲ့ ကျမ်းပေါင်းစုံကို
ယုံကြည် မြတ်နိုး၊ အသိပျိုးတယ်။

ကြည်လင်ဟာ
ဘုန်းကြီး ကျောင်းသား
တက္ကသိုလ် ကျောင်းသား
လုပ်စား ကိုင်စား
ပြေးလွှားခဲ့ရ
ဘ၀အလွှာ၊ မျက်နှာ ပေါင်းစုံ
ဇာတ်ခုံပေါ်မှာ၊ ကခဲ့ရာ….

ဟော… ခုတော့
ကဗျာဆရာ၊ ကလောင်နာမည်
ကြည်အောင်

ကြည်အောင်ဟာ
ရီမှောင်ပြာစင်၊ စာရေးဖို့ပြင်လျှင်
ကြည်လင်နဲ့ ငြင်းခုံတယ်။

ကြည်အောင်ဟာ
ဟော်လန်ပြည်က၊ ပန်းချီဆရာ
‘ဗင်ဂိုး’
မြန်မာပြည်က၊ ကဗျာဆရာ
‘တင်မိုး’ တို့ကို နှစ်ခြိုက်သူ။

ကြည်လင်ဟာ
ရုရှားက
‘မာယာကော့ဖ်စကီ’ နဲ့ ‘ဂေါ်ကီ’
အီတလီက ပန်းချီဆရာ
‘မိုဒီဂလီယာနီ’
မြန်မာပြည်က
‘ဗန်းမော်တင်အောင်’ နဲ့ ‘ဇော်ဂျီ’ တို့ကို ဖတ်မှတ်သူ။

ကြည်လင်က
ကြည်အောင်ရဲ့
ကလောင်တလက်၊ ‘ဗားတော့ဗရက်’ လို
ထက်မြက် ထင်ရှား စေချင်တယ်။

ကြည်လင်က
ကြည်အောင်ရဲ့ ၀ိညာဉ်ထဲ
သခင်ကိုယ်တော်မှိုင်း ပန်းရနံ့
မွှေးပျံ့သင်းကြိုင် စေချင်တယ်။

ကြည်အောင်ဟာ
ကြည်အောင်ရဲ့ ရုပ်ပုံလွှာကို
ကဗျာဆရာအဖြစ် ထုလုပ်တယ်။

ကြည်လင်ဟာ
ကြည်လင်ရဲ့ ရုပ်ပုံလွှာကို
ကြည်အောင်တို့လို ကဗျာဆရာတွေက
အလေးယူစရာ
ဖြစ်လာစေဖို့၊ ‘ဆေးတို့’ ကြည့်တယ်။

ရွှေ… အနီ အပြာ အ၀ါ
ဘာရောင်တွေ ခြယ်မလဲ။

ကြည်အောင်နဲ့ ကြည်လင်တို့ရဲ့
ဝိညာဉ် ၂ ခု စစ်ခင်း
အတွင်း ပဋိပက္ခ၊ အားပြိုင်ကြ။

မာယာကော့ဖ်စကီ
မိုဒီဂလီယာနီ
ဂေါ်ကီ၊ ဇော်ဂျီ
လီနင်
ဗင်ဂိုး၊ တင်မိုး။

သခင်ကိုယ်တော်မှိုင်း
ဗန်းမော်တင်အောင်
ကြည်လင့် ရင်ထဲက…
ထာဝရ အလင်းရောင်။ ။

ကန္တာရရဲ့ ဒီဇင်ဘာလမင်း

ကိုယ်ရဲ့ ကန္တာရဆန်တဲ့ နှလုံးသားတစ်ခုကို
ကန္တာရထဲမှာသာတဲ့ ဒီဇင်ဘာလရဲ့ လမင်းတစ်စင်းရဲ့
အေးမျှခြင်းလို အချစ်တွေ မင်းပေးခဲ့တယ် . . .
မောင်ရဲ့ ကန္တာရဆန်တဲ့ နှလုံးသားဟာ ဖြိုးရဲ့အချစ်တွေနဲ့
အေးမျှလန်းဆန်းခဲ့တယ် . . .
မောင်နဲ့ ဖြိုးတို့နှစ်ယောက်ဟာ စွပ်စွဲချက်တွေများ
ထင်မြင်ချက်တွေမှားပြီး ဝေးရတော့မယ် . . .
ဝေးခဲ့ရမယ်ဆိုရင်တော့ မောင်ရဲ့ စိမ်းလန်းအေးမျှနေတဲ့
နှလုံးသားတစ်ခုဟာ . . . .
ဘာမှ ထွန်ယက်စိုက်ပျိုးလို့ မရအောင် ကန္တာရဆန်ခဲ့လိမ့်မယ်
မောင်ရဲ့နှလုံးသားဟာ မီးသဂြိုလ်ဖို့စောင့်နေတဲ့ . . .
လူသေကောင်လိုပါပဲ . . . .
ပြာကျသွားတဲ့အထိ သဂြိုလ်လိုက်ပါ . . .
မောင်ရဲ့ချစ်တတ်တဲ့ နှလုံးသားကို . . . .
မောင်သိပ်ချစ်ခဲ့တဲ့ ဖြိုးဆီမှာပဲ အပြီးတိုင်သဂြိုလ်လိုက်ပါမယ် .
မောင်ရဲ့ နှလုံးသား ဈာပနကို
မင်းပဲ ခမ်းနားအောင်စီ၇င်လိုက်ပါ . . .
မောင်ဘ၀ ကန္တာရထဲမှာ ဒီဇင်ဘာညတွေပျောက်ဆုံးကုန်ပြီ .
အေးမျှသာယာခြင်းတွေ သေဆုံးကုန်တော့မယ် . . .
သက်ဆုံးတိုင်ပူလောင်ခြင်းတွေနဲ့ . . .
လောင်မီးကနေတဲ့ ဘ၀တစ်ခုနဲ့ ရှေ့ဆက်ရတော့မှာပေါ့ . . .
မင်းအတွက် ဒီဇင်ဘာညရဲ့ လတစ်စင်းလို
အအေးဓါတ်ပေးနိုင်တဲ့ သူနဲ့ တွေ့နိုင်ပါစေ . . .
မောင်ကတော့ မင်းအတွက် ကန္တာရတစ်ခုလို ပူလောင်လွန်းပါတယ်. . . .
မင်းအတွက် အေးမျှမှုတွေ မပေးနိုင်ခဲ့ဘူး . . .
မင်းဘ၀အတွက် နေ့ရက်တွေတိုင်းဟာ ဒီဇင်ဘာညတွေသာ
ဖြစ်ပါစေတော့ကွာ . . . . .

မိခင် မာရသွန်

သား သယ့်  အမေ
မိုင်ရှည် တာ ဝေး
အပြေး သမား။

သားသမီးချစ်
သက်လုံ ဖြစ်အောင်
ပြောင်း ပစ် သလား။ ။

ကြည်အောင်
( ရှုမဝ၊ ဒီဇင်ဘာ )

Friday, 30 December 2011

ပိုလျှံနေသော ၀ါကျများ (၆)

ဒီလိုနဲ့
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။
ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံဝါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓာတ်လှေကား အလုအယက်ဆင်လို့။
ပိုတမ်ကင်သဘောင်္က အမြောက်သံကို
စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကိုမပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ့်နဲ့တော်သလို အကျီ င်္ချုပ်ဝတ်လို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေညာလို့
စစ်ပြေငြိမ်းလို့
သစ်ပင်တွေကိုခုတ်လို့
သစ်ပင်တွေကိုစိုက်လို့
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့
ရေကိုစုန်လို့
ရေကိုဆန်လို့
တစ်ဝက်ကိုစားလို့
တစ်ဝက်ကိုထွေးလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေမျှားလို့
ငါးတွေလွှတ်လို့၊
မှားတာတွေမှန်လို့
မှန်တာတွေမှားလို့
သေရမှာကြောက်လို့
သေရမှာမကြောက်လို့။

ပိုလျှံနေသော ၀ါကျများ (၅)

ကျွန်တော်တို့မှာ
ဂေါတမဗုဒ္ဓရှိတယ်
နစ်ရှေးရှိတယ်။
မဟတ္ထမဂန္ဒီရှိတယ်
စတာလင်ရှိတယ်။
မိုးဇက်ရှိတယ်
ဗာဂျီးနီးယားဝုဖ်ရှိတယ်။
သောမတ်အယ်ဒီဆင်ရှိတယ်
ဂျက်ဆင်ပိုးလော့ရှိတယ်။
အက်တလတ်ရှိတယ်
ပီတာဝိုင်ယာရှိတယ်။
ဆစ်မဂန်ဖရွိုက်ရှိတယ်
ကိတ်ဝင်းဆလက်ရှိတယ်။
ဖူကူမားယားရှိတယ်
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်း ရှိတယ်
အိုစမာဘင်လာဒင်ရှိတယ်။
ကျွန်တော်တို့မှာ
တိရိစ္ဆာန်ရုံရှိတယ်
ဘေးမဲ့တောရှိတယ်။
ဂေါက်ကွင်းရှိတယ်
အကျဉ်းထောင်ရှိတယ်။
စိပ်ပုတီးရှိတယ်
ဆန့်ကျင်ဘက်လိင်ရှိတယ်။
စီးနေတဲ့မြစ်တွေရှိတယ်
ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။
ဝိုင်အိုလက်ပေါင်ဒါရှိတယ်
အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။
သစ်ခွပန်းရောင်စုံရှိတယ်
အသားကြိတ်တဲ့စက်ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်
လကွယ်ညရှိတယ်။
ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်
ချွေးနံ့ပျောက်ဆေးရှိတယ်။

ပိုလျှံနေသော ၀ါကျများ (၄)

ဒီလိုနဲ့ 
ကျွန်တော်တို့
စားဖို့အတွက်
ပန်းကန်နဲ့ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများအသက်နဲ့။
သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။
နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။
ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ပန်းချီပြတိုက်နဲ့
တတ်ယောင်ကား မျက်စိနဲ့။
နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ဓာတ်ပြားနဲ့နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။
ရှူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။
စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ၀ါဒနဲ့။
စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက်ဝါဒနဲ့။
အပျင်ဖြေဖို့အတွက်
စီးကရက်နဲ့အလေလိုက်စရာနဲ့

အမဲပစ် ရိုင်ဖယ်နဲ့။
ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံးလေတစ်လုံးဘ၀င်နဲ့။
ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။
သေဆုံးဖို့အတွက်
သံသရာနဲ့သင်္ချိုင်းနဲ့
(သေပြီးမှ)့ 
သတိရကြမယ့် လူတွေနဲ့။

ပိုလျှံနေသော ၀ါကျများ (၃)

ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်ကဆင်းပြီး
အချင်းချင်းလက်ဆွဲနှုတ်ဆက်
ဟဲလို၊ဟိုင်း၊ဟေး
ယဉ်ကျေးခဲ့ကြပါတယ်။
လေးနဲ့မြားကိုတင်တတ်အောင်
ကောက်တဲ့အခွန်ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေ၀င်ရင် မီးဖွင့်တတ်အောင်
တိုက်ပုံအင်္ကျီ ၀တ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ရေးချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံးသုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယား ဗုံးလုပ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
လပေါ်လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေား ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံးခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

ပိုလျှံနေသော ၀ါကျများ (၂)

ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်ကအစ
တစ်ခါသုံးဘောပင်အထိ
ကျွန်တော်တို့ 
ဖန်းဆင်းခဲ့ကြ။
ဘာသာစကားကနေ
ဆင်ဖိုနီဓာတ်ပြားအထိ
အင်တာနက်ကနေ
ထရိုဂျင်းနစ် မြင်းရုပ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
စည်သွပ်ဘူးကနေ
ဆိုကရေတီး အဆိပ်ခွက်အထိ
အိတ်ခ်ျအိုင်ဗွီပိုးကနေ
အင်္ဂါဂြိုဟ်သွားယာဉ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
ပိရမစ်ကနေ
စက္ကူနဲ့လုပ်တဲ့ပန်းအထိ
ဆံပင်ဆိုးဆေးကနေ
အာဏာရှင်စနစ်အထိ
လူကနေ့ 
လူပုံတူမျိုးပွားအထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

ပိုလျှံနေသော ၀ါကျများ (၁)

ငါးဟာ့ 
ရေကိုမသိသလို
လူတွေဟာ့ 
မသိတာကလွဲလို့
အားလုံးသိခဲ့ကြတယ်။

အလွမ်းမပါတဲ့ ပြဇာတ်

ကိုယ်လိမ်းပေါင်ဒါကအစ
အာကာသခရီးအထိ
ကြေညာမှ လူသိတယ်
“မင်းကို ငါချစ်တယ်”
ဒီမောင်းသံကြား
ပန်းများပွင့်စေသတည်း။

ဟို … လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတော့
သူကလေးရဲ့ ငနဲလည်းဖြစ်ချင်
(သိပ်ကို သေသေချာချာ ဖြစ်ချင်ခဲ့တယ်)
နောက်တော့
ပဉ္စရူပ တကောင်လည်းဖြစ်ချင်
အခုတော့ …

သူတို့ပါးစပ်တွေထဲက ထွေးထုတ်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
ကိုယ့်အတွက် လက်ဖက်ရည်ခွက်အရောက်မှာ
ရုတ်တရက် မလိုင်ကုန်သွားတာမျိုး
ပလာတာဆိုင်ကညှော်
ကော်နီရယ် တော်ရုံအော်ပါ။

ခေါင်းကိုက်ပျောက်ဆေးပြားတွေနဲ့
လိင်ကိစ္စသာ မရှိခဲ့လျှင်
ဒီလောကကြီးမှာ အနေခက်မည်ပင်
စိန္တိတကထာ ကိုကြောက်ရ
မိုးပြိုမှာကိုကြောက်ရ
အကုသိုလ်ကိုကြောက်ရ
နောက်ဆုံး ကော်ဖီတခွက်ကိုတောင်ကြောက်ရ
(အမြဲသောက်ရင် ကင်ဆာဖြစ်နိုင်သတဲ့)

]ပွဲတော်ကျရင် ဖောက်မယ်}
အြွေကနည်းနည်းထည့်ထားတဲ့
စုဘူးလေးတဘူး ငါပိုင်ဖူးတယ်။

“ရှင့်ကိုမချစ်ဘူး”
ရေနွေးပူလည်းလောင်ဖူးတယ်
ထီလက်မှတ်အဟောင်းတွေ ထူထပ်
နောင်တမဲ့ပုံပြင်တွေ ထူထပ်
ဘတ်စ်ကားပေါ်မှာ
ထိုင်စရာတနေရာရဖို့
တိုက်ပွဲစပါပြီ
မိုးလင်းကမိုးချုပ်
(အကြိမ်ကြိမ် ရှုံးနိမ့်၊ အကြိမ်ကြိမ် အနိုင်ရ)
လွင့်စဉ်သွားနေပုံက
ကလေးရဲ့လက်က လွတ်ကျတဲ့ အံစာတုံးလို။

အကြောတွေ အကုန်ဆန့်ထုတ်
ကျန်းမာအောင်လုပ်ရ
သေးသေးမျှင်မျှင်(လက်သန်းလောက်)
မြက်ကလေးတပင်ကလဲ
ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကိုဆန့်ကျင်
ဒါဝင်ပြောခဲ့သလိုပေါ့။

လာမယ့်တနင်္ဂနွေနေ့လို သေချာခဲ့
ဟောဒီဂစ်တာမှာ
တကြိုးဟာ လဲဖို့လိုနေ
ခင်ဗျား ဆံပင်တိုဖို့လိုနေ
ဝမ်းနှုတ်ဆေးထဲမှာ
ပျားရည်တဇွန်းပါဖို့လိုနေ
ကောင်းကင်ဟာ အရောင်ပြောင်းဖို့လိုနေ ………..
…………………………………………………….
ကြမ်းပိုးများတဲ့ အိပ်ရာပေါ်
မောင်ချောနွယ် ပျော်တာဆန်းတယ်။

သစ္စာနီ
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း – ၁၉၉၀

နေထိုင်ခြင်းမိတ္တူ

ဥခွံကိုမေ့တဲ့ ငှက်တွေကတော့
ဓာတ်ကြိုးတန်းပေါ်မှာ သီချင်းတွေဆိုလို့ပေါ့။
ခရမ်းရောင် သစ်တောအုပ်၏ အလွန်၌
သံပတ်ပေးထားသော အိပ်မက်များ
အသင့်ဖျော်သောက်နိုင်သော ပန်းပွင့်များ
ရေခဲရိုက်ထားသော နောင်တများ
ဇက်ကြိုးတပ်ထားသော တိမ်တိုက်များ
ကိုက်ထိုးရောင်းနေသော စကားလုံးများ
(ဆေးခိုင်ကြောင်း အာမ မခံ)
ချိုင်းထောက်နှင့် လိပ်ပြာများ
ကံစမ်းမဲပေါက်တဲ့ သခင်များ
ခရမ်းရောင် သစ်တောအုပ်၏ အလွန်၌
ခရမ်းရောင် သစ်တောအုပ်၏ အလွန်၌
ဌီတို့၏ မြစ်ကား
သန္တတိ ဖြစ်၏။
ခရမ်းရောင်သစ်ပင် တစ်ပင်ကို
မနေ့က သင် စိုက်လိမ့်မည်။

သစ္စာနီ

ကဗျာသက်သက်

ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကို ခံစားဖို့
ဒါဟာ
အသင့်ဖျော်သောက်နိုင်တဲ့ကော်ဖီတစ်ခွက်
အပန်းဖြေကမ်းခြေရှု့မျှော်ခင်း
ဆောင်းခိုငှက်တွေရဲ့ သီချင်းသံ
အပျိုစင်တစ်ယောက်ရဲ့ကိုယ်သင်းနံ့မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားနားလည်ဖို့
ဒါဟာ
ပုတ္တောဝါဒဆုံးမစာ
ပါလက်စတိုင်းအရေးအခင်း
ရီလေးတစ်ဗီတီသီအိုရီ
ရုပ်မြင်သံကြားစက်ပြင်နည်း
မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားမျှော်လင့်ဖို့
ဒါဟာ
ကံစမ်းမဲပါတဲ့ ဝီစကီပုလင်း
ကောင်မလေးခေါ်မယ့်တယ်လီဖုန်း
အခွံမနွှာရသေးတဲ့ လိမ္မော်သီး
မိုးလေဝသခန့်မှန်းချက်
မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
ကဗျာသက်သက်ဆိုတာ
ကဗျာသက်သက်ပါပဲ။

Thursday, 29 December 2011

အတုမဲ့ချစ်ခြင်းဖြင့် ပစ်ခွင်းသော အမုန်းမြှား

အတုမဲ့စွာ ချစ်ခဲ့ပါသည်။
ချစ်ခြင်းရဲ့အား အမုန်းမြားနဲ့
ရှုံးသွားတဲ့ ကိုယ်
ပစ်ရင်းပြိုကျ ငိုပါရစေ...။

ချစ်သူ၏ အမုန်းခံ လူသားအဖြစ်
သူ့အားပစ်ခွင်း
မြတ်နိုးခြင်း... မြား
ထိပါးသမျှ၊

သတိရခြင်းကင်း၍
အေးမြချမ်းမြေ့ပါစေ...

(ကျွန်တော့်အတွက်တော့)
ဝေးသမျှ နာကြင်ပါစေသား...။

မောင်လှမျိုး ( ချင်းချောင်းခြံ )

ဥယျာဉ်မှုး

ဥယျာဉ်မှုး ပန်းမခူးရလို့ ဆိုကြတယ်.....ခင်
လမ်းချိုးရဲ့တကွေ့မှာ
ပန်းသူခိုးနဲ့တွေ့မှာစိုးလို့
ဥယျာဉ်မှုးပန်းခူးလိုက်ရတာပါ .....ခင်။


မောင်လှမျိုး(ချင်းချောင်းခြံ)

ရွက်လှ

ပွင့် လည်း ..... မပွင့် 

မွှေးလည်း ..... မမွှေး ။

တွန့်  ,

လိမ် ,

ကောက် ,

ကွေး ,

ကွက်ကြား လေးကို ...

လက်ဆောင်ပေးရင် ယူမှာလား ..... ။ ။

ညီမလေးရေ

ညီမလေးရေ .....

ချစ်သူကိုတွေ့ တွေ့  ၊ ရန်သူကိုတွေ့ တွေ့ 

မိဘကို .. သတင်းပို့ ဖို့  ၊ မမေ့ နဲ့ နော် ။

ပန်းပဲ ပန်ပန် ၊ ဆူးပဲ ခခ

မိဘကို ပြောပြနော် ... ။

စိတ်ညစ်စရာကြုံရင်

မိဘကိုသာ ယုံကြည်တိုင်ပင် ၊

မိဘဆိုတာ ...

ဘုရာပေးတဲ့  လက်ဆောင်

ဘေးစကားကို နားမယောင်နဲ့ နော် ။

ညီမလေးရေ .....

အလှမပြင်နဲ့  ၊ အလှမမက်နဲ့  ၊

က္ကုနြေ္ဒတစ်ဆင်စာနဲ့ 

ယဉ်ယဉ်လေးနေတာ ...

ရွှေ .. မလိုပါဘူးကွယ် ....။

ညီမလေးရေ .....

ကျောက်မှန်မှန်တက် ၊ စာမှန်မှန်ကျက်

မိဘ ထက်ပိုတော်တဲ့  သမီးတစ်ယောက်အဖြစ်နဲ

လောကကြီးကို

ပိုပြီး သစ်လွင်လိုက်ပါကွယ် .....။ ။

နှစ်ဆယ့် တစ်ရာစု ရည်းစားစကား

မျက်နှာချိုသွေး ... သွေးပြီ ၊

ချစ်ရေးဆိုရမှာ

ရှက်လိုက်တာ ....။

ဂီတာမတီးချင်ဘူး

သီချင်းမဆိုချင်ဘူး ၊

စာမပေးချင်းဘူး

ကဗျာမရွတ်ချင်ဘူး ၊

အုတ်ခုံကို ... ဂစ်တာနဲ့ ရိုက်ခွဲ .....

အဲဒါ

ကိုယ့် အသည်းပါပဲ .... ။

အိုက်တင်....ပေး

ဖက်ရှင်.....ပြ

အ၀တ်အစား လှလှတွေဝတ်ပြီး

ပြဇတ် မကချင်ဘူး ..... ။

ဟောင်နွမ်းနေတဲ့ 

အင်္ကျီကြယ်စေ့ တွေကို

လက်နှစ်ဖတ်နဲ့  ( ဖြန်းခနဲ ) ... ဆွဲဖွင့် 

အဲဒါ ...

ကိုယ့်ရဲ့ ပန်ကြား ခွင့် ပေါ့  ..... ။

အသည်းမကွဲချင်ဘူး

မျက်ရည်မကျချင်ဘူး ၊

ကွန်ပြူတာ စကိခလုပ်တွေပေါ်မှာ ...

တို့ နှစ်ယောက်

ပျော်ရွှင်စွာ တွေ့ ဆုံကြရအောင် ....။ ။

နွေသချာင်္

ဥသြ

တစ်ထောင် ..... ၊

ရွက်ဟောင်း .....၊

ကြွေကျ ....,

အနန္တ ။

တစ်နှစ်အကူး

ပုရစ်ဖူး

မြ ..... ၊

နုမျစ်စ ..... ။

ပန်းတိုင်

မေ ....

နေ အရမ်းပူပေမယ့် 

ခြေလှမ်းအတူ လှမ်းပြီး

နွေလမ်းထဲမှာ လျှောက်ချင်တယ် ။

နွေမှာ ...

ပိတောက် ..

ရေလာသောက်တယ် ။

နွေနဲ့  ပိတောက်,

ရွှေနဲ့  ကျောက်လို

( မောင်လည်း ) ...

မေ နဲ့  နှစ်ယောက်တည်း နေချင်တယ်... ။

အများသုံးဖိနပ်တစ်ရံ

အချစ်က................ကျောင်းမပြေးခိုင်းဘူး
အချစ်က................မငိုခိုင်းဘူး
အချစ်က.................မရက်စက်ခိုင်းဘူး
အချစ်က.................မိဘကို လိမ်မပြောခိုင်းဘူး
အချစ်က.................အရက်မသောက်ခိုင်းဘူး
တကယ်တော့အချစ်ဆိုတာ
အပြစ်မဲ့ ဖိနပ်တရံပါ ။

လူတွေ ...
စီးချင်သလို စီးပြီး ...
သွားချင်ရာသွားခဲ့ ...လုပ်ချင်ရာတွေလုပ်ခဲ့ကြလို့ ...
" အချစ် " က
ခဏခဏ နာမည်ပျက်သွားတာ။
ဖိနပ်က ...သယ်ဆောင်သူ မဟုတ်ဘူး
ခြေထောက်တွေကသာ ...ဦးဆောင်သွားကြတာ ။

တကယ်ဆို
အဲဒီဖိနပ်လေးကို ...တရိုတသေသိမ်းထားပြီး ...
လမ်းကောင်းကောင်း တွေ့မှ
လမ်းကောင်းကောင်း လျှောက်တတ်မှ
တစ်ယောက် တစ်ရံစီထုတ်စီးလိုက်ရရင် ...
ဖိနပ်အသစ်လေးနဲ့ ...
ဘယ်လောက်လှလိုက်မလဲ။

အဲဒါဆို ...
" အချစ် " လည်းနာမည်မပျက်တော့ဘူး။


မောင်လှမျိုး

နှစ်ကိုယ်သိ

သူက...
အခြားတစ်ယောက်ရဲ့
တယ်လီဖုန်းကို
မျှော်စောင့်နေရစဉ်မှာ...

ကိုယ်က...
သူရောက်အလာ
သူ့မျက်နှာကို
တမ်းတ လွမ်းဆွတ်
မျှော်ရတယ်။

တယ်လီဖုန်းဆက်ပြီး
...နောက်
သူရောက်အလာ၊
ကြင်နာကြေကွဲ
ကိုယ့်အသည်းက,
သူ့ကို. . .
ပြုံးပြပြီးတော့ ကြိုရတယ်။ ။


မောင်လှမျိုး 

ငြိမ်းချမ်းရေး ကြော်ငြာစာတမ်း

ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝပါကွယ်။

စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတော့ ...
ရင်ထဲက
တသသ နာလွန်းတယ်။

အခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု

စိုးရိမ်ပူပန်မှုတွေ က...
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲကွယ်။

အချစ်ရယ်...
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်...
နင်လည်း .. နာ ၊ ငါလည်း ..နာ
နင်လည်းလွမ်း ... ငါလည်း လွမ်း
နင်လည်း ...ငို၊ ငါလည်း...ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။

ချစ်သူ အချင်းချင်း
တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ။

မုန်းမေ့လို့ မရကြမယ့် အတူတူ
( စစ်မဖြစ်ကြေး )
ဟော့ဒီ အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး)
နင့်ကို ...ပေးလိုက်ပါရစေ။

နေ့လည်း... လွမ်း ၊ ညလည်း ...လွမ်း
မျက်ရည်တစမ်းစမ်း နဲ့
ရန်ဖြစ်ပြီးမှ၊ ပြန်နမ်းမိတဲ့ ...အနမ်း
ငါ့ရင်ထဲ
ပိုလွမ်းသွားရပြန်ပြီကွယ်။

မောင်လှမျိုး

ဘူးတောင်းနစ် စောင်ခြမ်းပေါ်

သည်ခေတ်တွင် သည်ကာလ၊
ငွေစတဲ့ရှေ့ဆောင်၊
မွဲရင်ဖြင့်လူ့ဘောင်မှာ၊
ခွေးတောင်မှမလေး။
မျိုးဇာတိအနွယ်မှန်ပင်
ငွေဓနံရှိမှအေး။
ဘူးတောင်းနစ်စောင်ခြမ်းပေါ်
ပုံဆိုသော်မဝေး။
တစ်ဝမ်းဝင်တစ်မိမွေးသော်မှ
ပေးနိုင်မှချစ်ကြည်။
ဆွေမျိုးကိုမဆိုထားပါနှင့်
ငွေအားသာဖြစ်ပါတော့သည်။
ဗြဟ္မာစိုရ်လေးမီ
မတည်ကြည်ကုန်ကင်းလို့
ငွေအရင်းမင်းမူသည့်တာ
တင့်တယ်လှပါ။
လူရည်တတ်မျက်နှာငယ်
စက္ကဝါနှယ်ဝန်းသို့လေး။

  အချုပ်တန်းဆရာဖေ (တေးထပ်၊ ကုန်းဘောင်ခေတ်)

သံဝေဂ တေးထပ်

နန်းသပြေပင်ညွန့်၊
စမ်းရေကွန့်ရိပ်ပျံ၊
ပန်းဟေဝန့်ဗိမာန် ‘မှာ’၊
အဓိဋ္ဌာန်တင်မြန်း၊
ပင်လုံးကျွတ်ပွင့်ဝေဖြာ ‘တယ်’၊
ဧကစာသုံးတဲ့သင်္ခမ်း။ ။

မြတ်နွယ်ညွန့်တည်ရာ ‘မှာ’၊
လည်လကျာ်ခွေမြန်း၊
စည်မျက်နှာ မြေကြငှန်း ‘ငယ်သို့’၊
ချွေမြန်းလို့ဆိတ်သာ၊
တင်စလွယ် ဆင်ခြယ်သ ‘ပါလို့’၊
အဋ္ဌမဂ်သုံးဆောက်တည်ကာ။ ။

တကိုယ်တည်းဆိတ်ငြိမ်ရာ ‘ဝယ်’၊
နိဗ္ဗိန္ဒာကြည်ဇော ‘နှင့်’၊
သည်တောဝမြိုင်ဝေဘူ၊
ပန်းစုံကကြူ၊
ကမ္မဋ္ဌာန်းရ အုဌ်ဂူ ‘မှာ’၊
ရုက္ခမူ ပျော်ဆုံးပ လေး။ ။

(အချုပ်တန်းဆရာဖေ)

ပန်းချီမနိုင်

ရွှေပဒုံ ကြာအချပ်ကိုလ၊
လေအဟုန် လာပြီးခတ်စဉ်က၊
ကညာနတ်ထွက်ခဲ့တယ်။

သန္ဓေဘွားဟာမို့၊
ရွှေသားကို ပန်းချီပြင်ပြီး၊
သည်ခင်ကို စုတ်တံနှင့်ရေးသော်လည်း
ဆေးရနိုင်ဖွယ်။

စခန်းနော် လိုရာကွန့်နိုင်တဲ့၊
မန်းပေါ်မှာ ကိုကြာညွန့်သော်မှ
ရွံ့ ပါလိမ့်သူ့ နိကာယ်လို
ရှိတယ်လို ဟုတ်ပြီဘူး။

တပါးဟန်
သိကြားရယ် မကြာဖန်တော့
ကာရန်မှာ တူမည်ဝေးပါငဲ့
တို့ တမေ ခင်ခင်လေးမှာကွယ်
ရှေးကုသိုလ်ထူး။ ။

အချုပ်တန်းဆရာဖေ

တပေါင်းဘွဲ့ လေးချိုးပုလဲ

နွေရာသီ မိန်ဓလေ့ပေမို့၊
ဆွေသာကီ မသိမ်မွေ့နိုင်ဘု၊
ဣနြေ္ဒ့ရင်မို့နော်။

အပူဖြိုးသော်ကော၊
မြူခိုးရယ် တဝေဝေကြောင့်၊
အထွေထွေ ရွှေရင်ထုပါလို့၊
တင်ပုဆွေ မြေမှာလဲချင်ပေါ့၊
ကွဲရနှစ်ဘော်။

ရွက်ဟောင်းဝါ ဈာန်ယာဉ်ပြောင်းပါလို့၊
ရွက်သစ်ဖြာ ညာလက်မောင်းငယ်နှင့်၊
တပေါင်းလသည်အမော်၊
ကြည်တော်မြနိုင်ဘူး။

သာခုခါ၊
ကာဠုဒါ ရွှေဂါထာကြောင့်၊
ဒေသစာ ကပ္ပီနန်းကိုကွယ်၊
မြန်းကြလို့ကူး။ ။

(အချုပ်တန်းဆရာဖေ)

ဆောင်းဖွဲ့  (လေးဆစ်)

သဉ္စာလီ ဗွေပြဒုမှာဖြင့်၊
ခင်သာကီ တမေပု ကိုလ၊
ဖေယခု ပိုက်လှဲ့ ဆို။

မလုံသေးနိုင်ဘု၊
တုန်အေးရှာ တင်တမေငဲ့၊
ရင်ရွှေကို လေပြေခတယ်၊
သဲကြာစိမ့်ဖို ။။။။
တသန်းတန်ရတီဖို့ သော်လဲ၊
ကြငှန်းပျံ ကတီမို့ မှာတော့၊
မဒီပျို့ ဆောင်းရိပ်ခိုငယ်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။

ငွေနှင်းငယ်ထန်၊
ချွေညှင်းတညံညံနှင့်၊
ရေကင်းသံ တဖန်ကြားရင်လ၊
လွမ်းအားတော် ပွေဗျာလှိုင်လို့၊
ကေညာခိုင် စုခင်လေးမှာ၊
(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။ ။

(အချုပ်တန်းဆရာဖေ)

သစ္စာတိုင် – (ဒွေးချိုး)

ပစ်မခွါ၊
နှစ်တရာရှည်မြင့်အောင်ပ၊
တည်ခွင့်ပါဗျ။ ။

မေတ္တာငယ်လှိုင်၊
သစ္စာတိုင် ယိုင်မကျိုးပါနဲ့၊
ရိုးမြေပြာကျ။ ။

(အချုပ်တန်းဆရာဖေ)

ထီးဖြူတော်နှစ်လက်

ထီးဖြူရုံ ပြဿဒ်နှင့်၊
မအပ်သည့်အရာ၊
လပ် (လော့ဒ်) ဆိုသည့် မိစ္ဆာ၊
ပိတ်ရှာပြီ ဇီဝိ၊
ဘုန်းမတန့် ဘုန်းတန့်ကြံတယ်၊
ဆုံးရုပ်နာမ် သွားတဲ့ ဝီစိ။

မင်းတု တု၊ ခွေးသေသေ၊
သွေးထွေထွေ ယိုဘိ၊
လပ် ရန်ကို ဆဒ္ဒန်ဖိ၊
နတ်ဖန်သည့် ဘုန်းတော်၊
ကျွန်းစင်ကာပူတလွှားမှာ၊
ရွှေဓားသွား သက်ရလိမ့်မနော်။

လှေကားဆက် အပေါ်ပေါ်မှာ၊
ထီးဖြူတော် နှစ်လက်ကြောင့်၊
အသက်ထွက်လွယ်စေ၊
ဓားနှစ်ချက်မွှေ၊
လေးလက်ဖြင့် လေးချက်မွှေမယ်၊
ဘေးသက်သေ လက်ငင်းကွယ့်လေး။ ။

(အချုပ်တန်းဆရာဖေ)

တေးထပ်

မြန်မာတွေ စည်းကမ်းဖေါက်

မြန်မာတွေစည်းကမ်းဖေါက်လို့၊
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီးကွန်းထောက် အသစ်မှီတယ်၊
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖ ရှောင်သွေသည်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

မြန်မာများကြွားချင်၊
ဓားပြသွင် လူဆိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို၊
ခုမြေလျှိုးပုန်းရှောင်၊
မိုက်ပနော် ပြုမဟေးတို့က၊
သူ့ပထွေးတော့ ခွေးသို့မဟောင်။

ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊
စာဇင်တောင် ဦးချလို့၊
ပလူးရ ပြေးကြို့ခါခါ၊
ခွေးသို့ပမာ၊
တွေးမိတိုင်း အရိုးနာသည်၊
အမျိုးပါ ဆဲချင်ပေါ့လေး။ ။

(အချုပ်တန်းဆရာဖေ)

တေးထပ်

ဆောင်းရတုပွဲ

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊
ချမ်းပေါင်လေ တဖေတင်းသော်လည်း၊
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။

မျက်တစ်ခတ်၊
ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ၊
ထည်အလွှာ အကုန်ထွေးသော်လည်း၊
ကြည်အသာ မလုံသေးပါဘု၊
မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊
သွေးလန့်လို့ခုန်။

ယမ်းယောင်ကာ တလျက်ညည်းမိတော့၊
သန်းခေါင်မှာ မြကြက်သီးတွေက၊
တဖီးဖီး ပျံ့လို့ငယ်အုံ၊
ဗျာဆုံတဲ့ ရာသီပဲ။

ငွေနှင်းငယ်မှုန်၊
လေညင်းရယ် တသုန်သုန်နှင့်၊
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့၊
သည်ခေတ်မှာ သည်လိုဟာဖြင့်၊
သည်ကိုယ်မှာ သေသေလုပါပေါ့၊
ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊
ဆောင်းရတုပွဲ။ ။

အချုပ်တန်းဆရာဖေ

Wednesday, 28 December 2011

အာရှတိုက်ရဲ့တစ်နေရာ (၂)

နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်းမိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
“ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့
ဘင်္ဂလားဒေရှ်လူရွယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာနိစ္စဓူဝကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေးညှင်းနံ့သင်းတဲ့ စီးကရက်ကို ဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့နောက်ကို ပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်ကအပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုကို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူတရုတ်မလေးတွေကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ

အာရှတိုက်ရဲ့တစ်နေရာ (၁)

အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာ
လေးထပ်တိုက်တစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့တစ်နေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ အဋ္ဌမမြောက်အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ်လေးယောက်
(နှစ်ယောက်က ညီအစ်ကို)
ဘင်္ဂလားဒေရှ်လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့နှစ်ယောက်
ဓာရဏပရိတ်၊ ကိုအန်ကျမ်း၊ ရောခ်သီချင်း
ဂျင်းဘောင်းဘီ၊ ၀ါယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင်
တစ်အိုးတစ်အိမ်ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့

ဒီနှစ်အတွက် သံဝေဂ

ဒီနှစ်
ဒီနှစ်ထဲမှာ
ကျွန်တော် အသက်တစ်နှစ်ပိုကြီးခဲ့
ခန္ဓာကိုယ်မှာ အလေးချိန်တိုးခဲ့
ငြီးငွေ့ဖွယ်ရာ အထီးကျန်မှုထဲမှာ
စီးကရက်လည်းဖြတ်နိုင်ခဲ့။

ဒီနှစ်ထဲမှာပဲ
သစ်တောတွေပေါ်တည်နေတဲ့ ဘ၀တွေကိုမြင်ခဲ့ရ
စက်ရုံတွေပေါ်တည်နေတဲ့ ဘ၀တွေကိုမြင်ခဲ့ရ
ကင်မရာတွေပေါ်တည်နေတဲ့ ဘ၀တွေကို မြင်ခဲ့ရ။

ဒီနှစ်ထဲမှာပဲ
အာရှကျားတွေရဲ့ ပါးစပ်ထဲက အမဲသားတစ်ဖက်
သွားကြားညပ်တာကို မြင်ခဲ့ရပေါ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
မိုးကြီးရေလျှံမှုတွေကို ကြုံတွေခဲ့
လေထုညစ်ညမ်းမှုနဲ့ ပက်ပင်းတိုးခဲ့
ငွေကြေးကမောက်ကမဖြစ်မှုနဲ့လည်း ရင်ဆိုင်းခဲ့။

ဒီနှစ်ထဲမှာပဲ
အရေးကြီးတဲ့ ကိစ္စတွေရှိနေရဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့လည်း အရေးကြီးတာပဲ
လူ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်ဖို့လည်း အရေးကြီးတာပဲ
ရေတွက်စရာ ငွေစက္ကူတွေရှိဖို့လည်း အရေးကြီးတာပဲ

အိမ်နဲ့ဝေးနေကြသူတွေ
ကိုယ့်အိမ်ကို ပြန်ရောက်ဖို့လည်း အရေးကြီးတာပါပဲ။

ဒီနှစ်ထဲမှာပဲ
ဗာဆာချီ၊ ဒိုင်ယာနာ၊ မာသာထရီဇာ
ဂျွန်ဒင်ဗာ၊ ဟာရိုးရော်ဘင်
တစ်ယောက်ပြီးတစ်ယောက်
သေမင်းက
ဘ၀တွေကို တစ်ဇွန်းချင်းသောက်လို့နေရဲ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
အက်စပရင်ဆေးပြားတွေ နှစ်တစ်ရာပြည့်ခဲ့တယ်။
နု-အက်တလီစာချုပ် နှစ်ငါးဆယ်ပြည့်ခဲ့တယ်။

ဒီနှစ်
ဒီနှစ်ကတော့
မြစ်ရေတွေလို စီးဆင်းသွားလေရဲ့။

ကြည်မောင်သန်း

ညီအစ်ကိုမောင်နှမများ

ဂျပန် မှာ ပန်းကန်ဆေးဆေး
မလေးရှားမှာ ကားရေဆေးဆေး
မန္တလေးမှာ ကဗျာပဲရေးရေး
စင်ကာပူမှာ ကျောင်းပဲတက်တက်
ကိုယ့်သွေး အမျိုးအစား ကိုယ်သိတတ်ရမယ်။
လက်ဖက်ရည်ပဲရောင်းရောင်း
ကွမ်းယာပဲရောင်းရောင်း
ဘီယာပဲရောင်းရောင်း
အင်တာနက်ထဲမှာပဲ Chatting တက်တက်
ငါတို့ ဦးခေါင်းကို ထောင်မတ်ပေးတဲ့
ကျောရိုးကို ကျေးဇူးတင်တတ်ရမယ်။
လူတွေက
စစ်ပွဲတွေ အကြောင်းပြောကြ။
(ကိုယ့်စိတ်ထဲမှာ စစ်ဖြစ်နေတာကို မသိကြဘူး။)
လူတွေက
ဖုန်းတွေ အကြောင်းပြောကြ။
(ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆက်သွယ်လို့မရတာကို မသိကြဘူး။)
လူတွေက
ကားတွေအကြောင်းပြောကြ။
(ကိုယ့်ဘဝ က ဘယ်လမ်းက သွားနေမှန်းမသိကြဘူး။)
လူတွေက
အချစ်အကြောင်းပြောကြ။
(ကိုယ့်အိမ်မှာ ဆန်မရှိတာ မသိကြဘူး။)
လူတွေက
ဟိုအကြောင်း ဒီအကြောင်းပြောကြ။
(ကိုယ့်အကြောင်း ကိုယ်ကျ မသိကြဘူး။)
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့ လည်း မဖြေနိုင်
အမှားနဲ့ လည်း မသေနိုင်ဘူး။
ငါတို့ မင်းတို့က
ငှက်တော့ ငှက်ပဲ
ဒါပေမယ့်…
ပင်ဂွင်းငှက်
လေမှာ မပျံတတ်ပေမယ့်
ရေဆန်မှာတော့ ကူးခတ်တတ်ရမယ်။

ကြည်မောင်သန်း

ကိုယ်ရေးကိုယ်တာ စာမေးပွဲ

အဲဒီစာအုပ်က

သူ့ကိုယ်သူကဒ်ထူအင်္ကျီနဲ့ပြန်ချုပ်တယ်

အဘိဓါန် နဲနဲလုပ်မလို့တဲ့ ... ။


စီးကရက်ကပြောတယ်

သူ့ကို နှုပ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ

တံတွေးနဲ့ လာမကပ်ပါနဲ့ ... တဲ့

( ဟုတ်တော့လည်း ဟုတ်ပါတယ်လေ )


ဖိနပ်က

လှေကားခြေရင်းမှာ ရပ်တယ်

သူ့အမေက

အလှူအိမ်တွေဖက် မသွားဖို့မှာထားတယ် ။


တီ .. တီ .. တီ

နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ

မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး

ဆိုးလိုက်တာ ။


ဂေါက်သီးရိုက်တံကလည်း

မြေကြီးထရံမှာ သူ့ကိုချိတ်ထားလိုက်ပါတဲ့

“ကျင်း” တွေကို နာခံရတာ “ကျဉ်း” တယ်ဆိုပဲ ... ။


ဆေးပုလင်းကို စားပွဲပေါ် တင်ထားလိုက်တော့

ဖော့ဆို့လို

ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ ... ။


အဲဒီမှာ

ခင်ဗျားအတွက် ခြေကြွခ

လမ်းလျှောက်ပြလိုက်စမ်းပါ

ဆင်မ ယဉ်သာ ... ။

စုန်းတိုက်ခံရတဲ့နေ့

သူများဝတ်ထားပြီးသား

မျက်နှာအဟောင်းကြီးနဲ့တော့

ဘ၀မှာလူမလုပ်ချင်ဘူး

လံကွတ်တီစော်နံတယ် ... ။

ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်

မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်

လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ် .. ။ ။

ပြုစားခဲ့တဲ့သူ

မနေ့ကမှ ကိုယ့်ကိုယ်ကိုယ်ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော်ရဲ့ ၀င်သက်ထွက်သွက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ ။

လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေအတိုင်းပါပဲ
လောကဓံခွန်ကြီးခွန်ငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါး နဲ့ လူအဖြစ် ပွင့်ခဲ့ရတာပါ ။

တကယ်ဆို ကဗျာဟာ အချစ်ဦး မသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညဘာညာ
အဲ့ဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ ။

တစ်ရံတစ်ခါလေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လို လောက်တောင် ကျွန်တောင်မကွေ့ကောက်ခဲ့ပါဖူး ။

ကျွန်တော်နဲ့သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်းဆိုကြ
အော် ... တစ်ခုတော့ ရှိတယ်
ကျွန်တော်မပါပဲလည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကိုပြောဖို့ ကျန်ခဲ့တယ် ။

သိဟ်ရာသီဝတ်ရုံ

အငုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့ အပွင့်ဆက်ဖြစ်ရတော့မှာပေါ့

ဒါပေမယ့် ...

အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ ပြန်ရောက်မလာကြတော့ဘူး ။

မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို

မုန်းတယ် ...

သုညဝင်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်

ပြီးဆုံးသည်ထိ တိုင်အောင် အိမ်ထရံမှီပြီး ရှက်ရတယ် ။

ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ

ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး

မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ ပြန်ပစ်ပေးလိုက်ပြီ ။

၁၈း၀၀ နာရီ

ရထားဟာ လှလှပပကြီး တံခါးဖွင့် ဝင်ရောက်လာပါရဲ့

ဒါပေမယ့်

အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ။

ခေါင်းလောင်းသံစာတမ်း

(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့ ... ကို ကျွန်တော်သတိရလိုက်တာ ...
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ် ... ။

လောကအတုမှာ ... လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ ...
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု ... ဘယ်မှာလဲ
ဘယ်မှာလဲ ... ။

မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ ... ။

(၂)
ကျွန်တော်မှတ်မိသမျှ ...
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး ၊ နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ ...
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ် ... ။

မုသားတစ်လွှာ မာယာတစ်ထပ် ၊ ၀တ်ရည်တစ်စက်နဲ့
အို ... ခတ္တာရေ ...
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ ... ကိုယ်တိုင်က ...
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ် ... ။

“အမေ” အဖြစ်
စုန်ရေသစ်စီးကြောင်း ၊ တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ် ။

(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး ...
လူက ... လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့ရဘူး
ကျွန်တော့်ကို “မေမေ” ပြန်ပေးကြပါ ... ။

ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ် ... ။

နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ် ... ။

လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ် ... ။

(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တ၀င်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။

ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။

မေမေ့မှာ
ဘာသာဗေဒမတူ ၊ ဖတ်တဲ့စာချင်းမတူ ၊ ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ် ... ။

မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့ ၊ ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ် ... ။

ကျွန်တော့်မေမေဟာ
သူများမေမေတွေထက် ... နို့ရည်ပိုမထွက်ပါဘူး ...
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ် ...
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ ... ။

(၅)
ဖုန်မှုန့်ပျံ့စင် ...
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု ... လင်းနို့တွေအောင်းနေပြီမေမေ ... ။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး ၊ သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့ ... ။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း ၊ ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ် ... ။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ် ... ။

“လူကလေးရဲ့အိပ်ချိန်တန် ၊ ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ် ...
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ် ... ။

ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့ ... ။

(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ ... မေမေ ... ။

ငယ်ငယ်ကတည်းက ...
မေမေကခံတပ်လုပ် ၊ ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေေ၀ဆာဆာဓါးချင်းခုတ်ဖူးတယ် ... ။

ကျွန်တော့်ဘ၀တောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ ...
ကျွန်တော့်ဘက်မှာရပ်တည် ၊ ကာကွယ် ၊ တိုက်ခိုက်
သူမကိုတော့ ... မြားအစင်းစင်းစိုက်ခဲ့တယ် ... ။

ကျွန်တော့်ကိုအလိုလိုက် ... ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို ... မေမေပဲငို ... ။

မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့် ... တဲ့။

(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ် ...
ကျွန်တော့်ကိုမေမေက
ပညာလှလှတတ်စေချင်တာ ... အသေအချာပေါ့ ... ။

ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ ...
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ ... ။

ကျွန်တော်ကလူပျင်း ...
သစ်ပင်ခြေရင်းမှာရပ်လိုက် ၊ သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ ...
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ ... ။

တစတစ ...
လူငယ်သီချင်း ၊ နှင်းဆီဓားသွား ၊ ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ် ... ။

လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ
အိပ်မက်တွေအမြှောင်းမြှောင်းထ
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ် ... ။

(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန် ၊ အိပ်မက်ကိုစောင်လိုခြုံဆဲ ...
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ် ... ။

ကျွန်တော်
မပျော်လေလွင့် ၊ ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ ... ။

မေမေဟာ ...
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို မီးအိမ်ကိုင်ပြီးစောင့်နေတယ် ... ။

နာကြည်းပင့်သက် ၊ အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား သားကိုယ်စား မျက်ရည်မဲ့စွာငို ... ။

သား ...
ဘ၀ဆိုတာရေစီးထဲကဗေဒါ .. မရေရာဘူးကွဲ့
ဒါပေမယ့် ...

မျှော်လင့်ချက်ရဲ့ အရုပ်များ ၊ အရောင်များ ၊ အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား ...
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ် ... ။

မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း ... တစ်စက်ချင်း ... တစ်စက်ချင်း ... ချိုစေခဲ့ ... ။

(၉)
ဝါဆိုပန်းခူး ၊ စံပယ်ဦးတို့မွှေးသက်ဝေေ၀
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့ ... ရေကိုလည်းကျွန်တော်နမ်းခဲ့ ... ။

မေမေဟာ ...
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ် ... ။

မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အင်္ကျီချည်မျှင်ကြမ်းကြမ်း
ကျွန်တော် ... လမ်းမှာဝတ်ရန် ... ။

နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ ...

မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ ... ။

(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့် တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ် ... (ဖိနပ်လည်းအခါခါပေါက်ခဲ့)

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ ... ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊ အမှားများလည်းချင်းချင်းနီ ... ။

ဧရာဝတီမေမေ ၊ ပိတောက်ပင်ဟာ မေမေ
ဖယောင်းတိုင်ဖြူဖြူဟာ မေမေ ၊ နံနက်ခင်းကြေးရုပ်ဟာ မေမေ ... ။

ခု ... မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ ... နီလဲ့ ...
လူတဆုံး ... ၀ိညာဉ်တဆုံး ၊ အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”

(၁၁)
မေမေဟာ .. နာရီသံနဲ့အိပ် ၊ နာရီသံနဲ့နိုး
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ် ... ။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ ၊ ပွင့်အိုလေးပမာ၊၀ါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ် ... ။

သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ် ၊ ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ် ... ။

လင်မရှိတော့ပေမယ့်
သားငယ်အတွက် ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင် ၊ မြေခိုးမြေငွေ့ကိုပိုင်တယ် ... ။
( အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ် ... )

(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ ... ။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ ... အဝေးမှာ ...
ကျွန်တော်က ... ဟိုး ... အဝေးကြီးမှာ ...။

ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း ၊ လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ ... ။

အမေ့ရဲ့ခြေလို ၊ လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့ ... ။

အမှားလက္ခဏာ ၊ အမှန်လက္ခဏာ ၊ ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ ... ကောင်းရာဘုံသို့ရောက်ပါစေ ... ။
( ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း ... )

(၁၃)
နောင် ... နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို ၊ ၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ ၊ လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ ...
အဲဒီလူဟာ ... သားပဲပေါ့မေမေ ...
ဘယ်သံသရာမှာပြန်ရှာရင် မေမေ့ကိုတွေ့နိုင်မလဲ ...
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့် ... ။

အမေ့ကိုယ်စား ...
အမေ့ကိုယ်ပွား ...
ကြယ်စင်များကိုလက်ဖ၀ါးနဲ့ပန် ၊ မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း” ပြီးမှပျောက်မယ် ... ။

ကျွန်တော် ...
မေမေ ...
မာယာတောင်ခြေမှ ဒရမ်တီးသူများ ၊ မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ .. တစ်ပုဒ်ပြီးဆုံးသွားပါပြီ ... ။

မေမေ ...
ကောင်းရာသုဂတိလားပါစေ ...
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ ...
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ ...
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ ...

ကျွန်တော်နဲ့တိမ်ညိုနိမိတ်

ဒီလမ်းမှာဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်

ကျွန်တော်နဲ့ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ ။

ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ ...

မြေပြင်က ဘာမှမပြောင်းလဲပါဘူး

ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့ ။ ။

ရည်စားစာ

စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေရုံနဲ့တော့
ငါ့ဘဝက မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

မပျံသန်းနိုင်တဲ့ငှက် လို့ ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး။

ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။

နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ ။

ဗျတ်စောင်း ဘာသာဗေဒ

လမ်းခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။

စိတ်ပျက်လက်ပျက်

ကျွန်တော်ကပြောတော့ ...
ချစ်သူကရယ်တယ်။

ကိုယ်သာ
သူ့လိုခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ် ... ။

စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့ ... လို့ ။

စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှူတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့။

နေကြတ်ချိန်

အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။

ငါ့မှာ ... တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံး လိုက်ရ။

ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။

အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။

လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန် ... လို့။

မောင်ချောနွယ်အတု

မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက်ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ …
သူတစ်ပါးချမ်းသာရေးအတွက်
ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ …

မျက်လှည့်ဆရာရဲ့ ‘ဘင်’ ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ …
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့ခမျာမှာ
ဒီဘင်လေးနဲ့ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့ …။

မောင်ချောနွယ်အတုက ပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ …။

မောင်ချောနွယ်အတုက ပြောတယ်
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကိုသူ့ခွက်ထဲ
အရင်ထည့်ပေးသူ့ကို
အရင်သောက်စေခြင်းနဲ့မြှောက်စားရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ငါတို့ဟာအေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီး မဟုတ်ခဲ့တာသေချာဖို့လိုတယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်ကနေကမ္ဘာလောကကြီးကို ရှုမျှော်ကြည့်ရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန် ဒေါင်းနင်းသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
တောမရွာသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာဘယ်ရှိမလဲတဲ့ …
လူညံ့ရွေးတဲ့နေရာမှာ တော်ရမယ်လို့မောင်ချောနွယ်အတုက ပြောတယ်။

မောင်ချောနွယ်အတုဟာ
သူ့ဇနီးသည်ညီမလေး မမမြင့်မှာ
(တကယ်တော့ညီမလေးပါပဲ
သူ့ကို ကဗျာဆရာဖြစ်စေခဲ့သမို့
ညီမလေး မမမြင့်လို့သူက ဂုဏ်ရည်မြှင့်ခေါ်ခဲ့တာပါ)
နှုတ်ခဲ့ရတဲ့ သွားတစ်ချောင်းပြန်စိုက်ပေးရဦးမယ်လို့
နေ့စဉ်နေ့စဉ် ထိသိနေရသူသတိတရ
အားစိုက်နေရသူအချစ်ကိုသွားတစ်ချောင်းအပေါ် ပုံနေရသူမျှသာဖြစ်လေရဲ့။

တကယ်တော့မောင်ချောနွယ်အတုဟာ
လူဖြစ်ပြီးမောင်ချောနွယ်အစစ်ဟာလူမဟုတ်ဘူးလို့ မပြောလိုက်ကြပါနဲ့။ ။

မောင်ချောနွယ်

ငါး

တစ်ဘ၀လုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့် …
မိမယ့်မိတော့ စကြ၀ဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့ ။ ။

မောင်ချောနွယ်

ကန်နာဗာရိုရဲ့ ဘောလုံးတွေ

ငါတို့ဟာ
အလှဆုံး ထိုးဖောက်မှုတွေနဲ့
တစ်ဖက်အသင်းကို ထိုးဖောက်နိုင်ခဲ့ကြတယ်။

မိမိရရ ကန်ချက်တွေနဲ့
တစ်ဖက်အသင်းရဲ့ ထိုးစစ်တွေကို
ခုခံနိုင်ခဲ့ကြတယ်။

တချိန်လုံး တစ်ဖက်အသင်းကို ဖိကစားနိုင်ခဲ့ကြတယ်
ဒါပေမယ့် …
တစ်ဖက်အသင်းရဲ့ ထောင့်ကန်ဘောတွေဟာ
ကြောက်ခမန်းလိလိ
တစ်ဖက်အသင်းရဲ့ ထောင့်ဖြတ်ဘောတွေ
လျှပ်တစ်ပြက် ထိုးစစ်တွေကလည်း
အသည်းကို အေးအေးသွားရအောင်ပါပဲ
ငါတို့တွေ
ဘ၀နဲ့ရင်းပြီး အသေအလဲ ကစားခဲ့ရတယ်
ထိုးစစ်အရှင် ခံစစ်အရှင်တွေနဲ့
အမျိုးမျိုးပြောင်းလဲပြီး
အလဲလဲအပြိုပြို ကစားခဲ့ရတယ်
အခု … အချိန်ပို ကစားရလို့ ရေနက်ပိုင်းကို ရောက်ခဲ့ပြီ။

“ကန်နာဗာရိုရေ
မင်းအကောင်းဆုံး ကစားခဲ့ပေမယ့်
မင်း ဂိုးမရခဲ့ဘူး မဟုတ်လား
အေး … ငါတို့လည်း မင်းလိုပဲ
ဂိုးမရခဲ့ကြဘူးလေ
သူတပါးရဲ့ ခြေကြိုခြေကြားက
ဘောလုံးတွေ
ငါတို့တွေ ဖြစ်ခဲ့ကြလို့နေမှာပါကွာ” ။ ။

မောင်ချောနွယ်

ဆတ်သွား

ကျယ်ပြန့်တဲ့ ရင်အုပ်ကားကားနဲ့
အသားနီနီ ယာတောများက
မီးခိုးလုံး
တောစိမ်း
ချောင်းနက်နဲ့
မှော်သားပြည့်သိပ် လေတွေ
သူ့အဆုပ်ကြီးထဲ
ရှုသွင်းပစ်လိုက်တဲ့
ဒီ မြင့်ချည်နိမ့်ချည် အသက်ရှု မြင်ကွင်းထဲ
လက်တံရှည်ရှည်ကြီး ထိုးသွင်းလိုက်သလို
ရထား ၀င်လာပြီ
ဒါ ဆတ်သွားပေါ့။

နီပြေပြေ ၀ါကျံကျံ မန်ကျည်းပွင့်
သေးညှက်ညှက်ကလေးတွေ
အုတ်ကန် အအိုအမင်းကြီးထဲ
တစိမ့်စိမ့် တလိမ့်လိမ့် အနှေးေ
အရာအားလုံး ထွားကျိုင်း
ဝဖီး
ခိုင်ဖြီးလွန်းလှတဲ့ ဓာတ်တစ်မျိုး
ထွန်းကားတဲ့ ဒီအရပ်မှာ
ဒါ ဘယ်သူစပ်တဲ့ ကဗျာတဲ့လဲ
ဒါဟာ ဆတ်သွားပေါ့။

တစ်ခါကပေါ့
ကျေးတောသား တစ်ယောက်ဟာ
မြို့ကနြေ့ပီး မြို့အဆန်ဆုံး ကိုင်းတစ်ကိုင်း ယူလာ
သူ့ယာခင်းထဲ
ကြဲချလိုက်တဲ့အခါ
မြို့ကိုင်းဆိုတဲ့ ရွာကြီးတစ်ရွာ ဖြစ်လာခဲ့
ဒီ အရပ်မှာ။

ဒီမလေ
မူလက
ဒါဟာ ဆတ်တစ်ကောင်ရဲ့ သွားပေါ့။

ခုတော့
မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား
ကလေးအမေတစ်ယောက်ရဲ့ နို့ပိန်နဲ့တူတဲ့
ဘတ်သီးတွေ
မမှန်မကန်လင်းတတ်တဲ့ နေရာ
ကျောမှာ
အမာရွတ်ကြီးလို
အဝေးပြေး ကားလမ်းမ
ခါးမှာ မီးရထားသံလမ်း ခါးပတ်ပတ်လို့
ဗိုက်ထဲမှာ
မြို့ရဲ့ ချွေးခံအင်္ကျီနဲ့တူတဲ့ ဘီးလိယက်ခုံတစ်ခုံ
ခုန်လို့
မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ။

သင်တို့မြင်ဖူးစ
သင်တို့စိတ်တွေ အတစ်လိုက် အတစ်လိုက်
ခန္ဓာကိုယ်ပေါ်က ကွာကျ
သစ်ညိုလုံး ထွားထွားကြီးတွေအပေါ်
ထွားလို့ ထွားလို့
ထွားသွားနေမှာ
ဒါ ဆတ်သွားပေါ့။

မြေအကျော တစ်မျိုးဓာတ်နဲ့ ဖွံ့ထွား
မှော်သားအထည်တစ်မျိုးနဲ့ အဆင်အသွေးကျ
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
ထည့်ထုပ် ပစ်လိုက်နိုင်တဲ့
အင်ဖက် ကားကားကြီးတွေ
သားပေါက်ရာ အရပ်
သစ်ညိုလုံး ထွားထွားကြီးတွေ
အိပ်မွေ့ကျရာ အရပ်
မြွေပွေး ၀၀တုတ်တုတ် ဖီးဖီးကြီးတွေ
စည်ကားရာ အရပ်
အလင်းရောင် ဖောဖောသီသီရတဲ့
ဒီအရပ်မှာ
မှော်သားလေတွေ
လင်းလင်းချင်းချင်း ဖိတ်လျှံတဲ့
ဒီအရပ်မှာ
အာကာသဓာတ်တွေ အရေရွှန်းလှတဲ့
ဒီအရပ်မှာ
ခုတ်သားတုံးကြီး တစ်တုံးက
ရွာအဖြစ် အသက်ရှင်နေတဲ့
ဒီအရပ်မှာ
ယာမီးခိုးလုံးတွေနဲ့ တောစိမ်းတွေ
မိတ်လိုက်နေတတ်တဲ့
ဒီအရပ်မှာ
ပိသာစီး ငါးတန်ကြီးတွေ
အသံထွက် ပွက်ကျနေတဲ့
ဒီအရပ်မှာ
လောကဓံတရားထက်ပြင်းတဲ့ အရက်ကို
မချစ်က ချက်တဲ့
ဒီအရက်မှာ
ဒီဆတ်သွား တစ်ချောင်းပေါ်မှာ
အသားနီနီ တောကင်းကြီးတွေဟာ
ဇာတ်လိုက်ကြီးတွေ ဖြစ်တယ်
တာကင်းကြီးတွေဟာ
သူတို့အသားပြင်ကို ပပ်ကြားအက်စေတဲ့
စူးရှရှ လေပူပူကို ချစ်ကြတယ်။

တောကင်းကြီးတွေဟာ
သွားထိရင် ငေါက်ခနဲမြည်သံထွက်တဲ့
အသားမြည်သံကို ပိုင်ဆိုင်တဲ့
ဆူးပင်တွေကို ချစ်ကြတယ်။

တောကင်းကြီးတွေဟာ
သူတို့ခန္ဓာကိုယ်ထည်တွေကို
ရှားနှစ်လို စူးနေအောင် ချွန်ကြ
သူတို့က ယာခင်းလို့ခေါ်တဲ့
သူတို့ဘ၀တွေကို
သွေးကြောင်း အရစ်ရစ်ထအောင် ထွန်ယက်ကြ
ဒါကြောင့်ပဲ
သူတို့ဘ၀ ယာခင်းတွေဟာ
နီရဲနေကြတာပေါ့။

တောကင်းကြီးတွေဟာ
သူတို့ရယ်သံတွေကို
ကြဲပက်ပစ်လိုက်တဲ့အခါတိုင်း
နှမ်းခင်းကြီးတွေ ဖြစ်လာတယ်။
တောကင်းကြီးတွေဟာ
သူတို့ကိုယ်ကြီးက
ချွေးသီးချွေးပေါက်တွေကို
မြေပဲတောင့်ထွားထွားကြီးတွေအဖြစ်
စိုက်ကြတယ်
တောကင်းကြီးတွေဟာ
သူတို့ခြေလက်တွေကို ဖြတ်တောက်
မြေကြီးထဲ ထိုးထည့်လိုက်တဲ့အခါ
အချိုရည် ရွှန်းလဲ့လဲ့
ကြံခင်းကြီးတွေ ဖြစ်လာတယ်။

ခါသားချက်
တောဝက်သားဟင်း
လောကဓံတရားထက် ပြင်းတဲ့
မချစ်ရဲ့ အရက်
တောကင်းကြီးတွေဟာ
အဲဒီကန္တာရ ရင်အုံကြီးကို စို့ကာ
ပျော်ကြ
ဘာမဆို မှော်ထနေလွန်း
ဆတ်သွားတစ်ချောင်းပေါ်က
ဒီအရပ်
ဒီဆပ်သွားဆိုတဲ့ အရပ်ဟာ
အကြေကို စုန်သလိုလိုနဲ့
အညာကို ဆန်ဆန်သွားတတ်တဲ့
ခရီးသွား ပိုးဇာခင်း မြေသားတစ်ခုပေါ့။

မောင်ချောနွယ်

ပန်းသီး

တစ်နေ့ မှာ
ငါဟာ
ငါ့ ကို ငါ
ငါးရှဥ့် ဆူးထိုးသလို
အသေအချာ အမိအရ
ထိုးစိုက် ဖမ်းကြည့်လိုက်တော့
ငါဟာ
လူနည်းနည်းသာ တန်ဖိုးသိပြီး စားသုံးတဲ့
ပန်းသီးဖြစ်နေတယ် ။ ။

–မောင်ချောနွယ်–

ပင်မှည့်တေး

လူတစ်ယောက်ရဲ့ အဓိပ္ပါယ်ကို
လာ လာ မစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှုံးခဲ့တယ်ဆိုတာပဲ
သေချာပလေ့စေ။
လူတစ်ယောက်ယောက်ကို
လက်သီးနဲ့ ထိုးဖို့ဆိုတာ
ကိုယ့်မှာမေးရိုးရှိရတယ် တဲ့၊
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့
ငါ့မှာ မေးရိုးရှိတယ်။
ခုတော့ မင်းမှာ မေးရိုးမရှိဘဲ
မင့် လက်သီးတွေ
ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ
မင်း တရားလွန်လွန်းပြီ။

လောကကြီးမှာ ငါအမုန်းဆုံးက
ကျောက်ပေါက်ခွက်တွေ ပြည့်နေအောင်
ဝဖြိုးနေတဲ့
အဲဒီ အမှန်တရားဆိုတဲ့ ငနဲကိုပဲ။

ဘ၀မှာ
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ။

လူစိမ်းနံ့တွေနဲ့ အသက်ရှင်နေရတဲ့
သူငယ်ချင်း မောင်စမ်းအေးရေ
မြို့တွေကို မာကြူရီမဆင်ရပါဘူး
ဘာကြောင့်လဲဆိုတော့
မြို့တွေကိုယ်တိုင်ကိုက
မာကြူရီနဲ့ လုပ်ထားလို့ပဲ။

ဟောဟို စားပွဲနံပါတ်တစ်မှာ
ကိုယ့်ဘ၀ကိုယ် ကျကျနန စီရင်ချက်ချ
အခိုင်အမာထိုင်နေတဲ့
ငါ့သူငယ်ချင်း အောင်ချိမ့်ဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။

ပွန်ပီးလို
ချော်ရည်တွေအောက် ရောက်ခဲ့ရပေမယ့်လဲ
“ဖော်ဝေး” ဆိုတဲ့ ကဗျာဆရာဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။

ဘယ်သူဟာ
ကမ္ဘာမြေတစ်ခုလုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေတစ်ခုလုံး ဆုံးရှုံးသူသာ
ကမ္ဘာမြေကို ပြန်ရပေလိမ့်။

ဘောလုံးသမား မာရာဒိုနာဟာ
ဂိုးတွေကို မှော်နဲ့သွင်းခဲ့တာပေါ့ကွာ။

မောင်ချောနွယ်

ဘာမှမဟုတ်ပါဘူး

ဘာမှမဟုတ်တဲ့ အလကားကောင်ပါ
ဘ၀မှာ မဖြစ်ချင်တာတွေ ခပ်များများနဲ့ကောင်ပါ

ဖို့(ဒ်)ကားကုမ္ပဏီပိုင်ရှင်လည်း မဖြစ်ချင်ဘူး
သဗျစ်ခြံပိုင်ရှင်လည်း မဖြစ်ချင်ဘူး
ဂေါက်သီးသမား အားနိုးပါးမားလည်း မဖြစ်ချင်ဘူး
ဝါရင်ဘီတီလည်း မဖြစ်ချင်ဘူး
ဖြစ်ချင်တာက တစ်ခုတည်းရယ်ပါ
ဖျံဖမ်းသမားပဲ ဖြစ်ချင်တယ်

ဒါနဲ့ပဲ
ဖျံတွေကိုဖမ်းဖို့ လိုက်ရှာခဲ့တယ်
ဖျံတွေက ဘယ်နေရာတွေမှာ
ဘယ်လိုကျက်စားကြသလဲ
ဖျံတွေရဲ့ အသွားအလာတွေက
ဘယ်အချိန်တွေမှာ ဘယ်လိုတဲ့လဲ …
ခု …
သူတို့တွေက
လီဗာပူးအသင်းနဲ့ မန်ချက်စတာအသင်းတွေမှာ
ဝင်ကစားနေကြတယ်ဆိုပဲ
ဟုတ်လား …
ဒါဆိုရင်သွားမယ်
သွားဖမ်းမယ်
မရှိကြတော့ဘူးတဲ့
အလန်ရှီးယား ခြေထောက်ကိုဝယ်ပြီး
ထွက်သွားကြပြီ … တဲ့။

ဒါဆိုရင်
ဘရာဇီးက ကော်ဖီခင်းတွေမှာ
ကျက်စားနေကြတာဖြစ်မှာ
ဟော … မရှိကြပြန်ဘူး
မြေထဲပင်လယ်ဘက်ကို ထွက်သွားကြပြီတဲ့
အဲဒီမှာ …
ကာရေဗီယန် ငါးဥကျော်တွေ စားသောက်လို့တဲ့။
ဟော … မဟုတ်ပြန်ဘူးတဲ့
ဟော်တယ်ကာလီဖိုးနီးယားမှာ
ဟော်တယ်ကာလီဖိုးနီးယားသီချင်းနဲ့
ကခုန်နေကြပြန်ပြီတဲ့။
ကြည့် … မရှိပြန်ဘူး
ခက်ပီ၊

သတင်းထွက်လာတာက
ဘေ့စ်ဘောလုံး သွားကစားနေကြပြန်ပြီတဲ့။
ဟော … မဟုတ်ရပြန်ဘူး
နိုင်ရာဂါ ရေတံခွန်ဆီသွားပြီး
ရေတံခွန်အလှကို ရှုစားရင်း
ဒင်းတို့ ဇိမ်ခံနေကြပြန်ပြီတဲ့
လိုက်သွားတော့ လန်ဒန်ဇူးရစ်မှာ
ရွှေသွားဝယ်ကြတယ် … တဲ့
ဟော … မဟုတ်ရပြန်ဘူးတဲ့

ဒင်းတို့က မယ်ဒိုနာနဲ့ ပလူးပလဲ ဖြစ်နေကြပြန်သတဲ့
ခက်ပြီ
ကာစပါးရော့နဲ့လဲ ချက်ကစားပြန်ပြီတဲ့
ခက်ပြီ
ဒီကောင်တွေ
တော်တော်ဖျံကျတဲ့ ကောင်တွေပါလား
အေးလေ … ဒီကောင်တတွေက ဖျံတွေပဲကိုး

ဒါနဲ့ငါလေ
လိုက်မောရှာမော အမောကျောပိုးအိတ်နဲ့
ရထားစီးပြီး မြို့ပြန်ခဲ့တယ်။
ဟာ … ကြည့်စမ်း
တွေ့ပြီ တွေ့ပြီ
ဒက်ထိကို တွေ့တော့တာပဲကိုး
ကြည့်စမ်း … တွေ့မယ့်တွေ့တော့
ခေါင်းမွေးစုတ်ဖွားနဲ့ လယ်ဝေးပျဉ်းမနားက
ပျော်ဘွယ်ကြံခင်းထဲမှာ
ဇပ် ဇပ် ဇပ် ဇပ်
ဂတ် ဂတ် ဂတ် ဂတ်နဲ့
ဘဲတွေ မစင်နင်းသလိုနင်းပြီး
နှုတ်သီးချွန်ချွန်ကလေးပေါ်မှာ
ဘောလုံးကို မြှောက်မြှောက်ပြီး ကစားလို့
အား ပါး ပါး
ဒီလိုပါ
ဖျံဖမ်းသမား အောင်မြင်ခဲ့တယ်ဆိုတာ
ပြောပြတာပါ။ ။


မောင်ချောနွယ်

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်သူငယ်လေးပါ
နေ့ စဉ် နေ့ စဉ် ငါ့ဝပ်ကျင်းကလေးကနေ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်တွေကို ကိုက်ကိုက်ပြီး ငါထွက်လာမြဲ
ခု လူတွေ နဲ့ ခွေးတွေ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်းပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာ တရားက ငါ့အသက်ကို ယူသွားကြပေါ့

(မောင်ချောနွယ်)

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်

ဟိုး ခပ်ဝေးဝေး
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ

အကုသိုလ်ပန်းတွေ ဝေပုံကလဲ
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘ၀ဟာ
မြေငွေ့ပျံညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်၊

အမေရယ်
လေတွေ ထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျ စောမယ်ဆိုတာလဲ
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေ သိပ်ပြီးရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့၊
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ၊

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့။

တကယ်တော့လဲ အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ၊

အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သားကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလားအမေ
သားရဲ့အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူးအမေရယ်

ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို သားရခဲ့ပါတယ်

အမေမသိဘူးလား
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့သဘောထားကို
သားတူးတူးခါးခါး မုန်းတယ်အမေ။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ။

သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ညရယ်လို့ မရခဲ့ဖူးဘူး

သားရဲ့ “ဘီး” ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ်အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ်ခုန်ခုန်ချနေရတဲ့ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာတစ်ယောက်ပါ
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလဲပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက်မေးရင်းပေါ့
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုလ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကို ဖျစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အို.....
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်

ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်၀၀ တိုက်ရိုက်မြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖ၀ါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
တစ်ဆတ်ဆတ်တုန်နေတဲ့ သားဘ၀လေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ယာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့်သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်မိပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ

အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေအမေရဲ့။
ကျွန်တော် ရိုးသားခဲ့ပါတယ်အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။

ကြေးစား

အဲဒါ .....
မနေ့ကတင် ဖြစ်ခဲ့တာပါ
___
( ၁ )
ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက
ငါနဲ့လက်ထပ်မလား..လို့ ကမ်းလှမ်းလာတယ် ....
ငါ့ကို လာကြိုတဲ့ ဖယ်ရီကားကလည်း
ငါမပါဘဲ ထွက်ခွါသွားခဲ့ပြီ ..
ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရီ(ရယ်)ခွင့်ပြုပါ။

( ၂ )
ရေကန်က အသင့်ဖြစ်နေပြီလေ ..
ကြာတွေက မပွင့်သေးတာပါ။
မေးခွန်းကိုသာ ရွေးချယ်ခွင့်ရမယ့်ဆိုရင်
ငါလည်း စာမေးပွဲဝင်ဖြေချင်တယ်.....။

( ၃ )
တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ
တစ်ချို့လူတွေက ကောက်ရကြ
တစ်ချို့လူတွေက စုဆောင်းကြ.....
တစ်ချို့လူတွေက ရှေ့ကဆက်လျှောက်ကြ...။

အားလုံးမှာ တံခါး နှစ်ပေါက်စီရှိတယ်... လှေခါး နှစ်စင်းစီရှိတယ်၊
(ထပ်ပြောလိုက်ဦးမယ်..)
အားလုံးရဲ့ နာရေးခရီးကိုလည်း
နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသားရှိတယ်.....။

( ၄ )
ငါက
အမှန်တရားရဲ့ မျက်နှာကို တစ်ရွာထင်ခဲ့သူပါ.....။

( ၅ )
ကလေးဘ၀....
လက်ရေးလှ စာအုပ်ထဲက ၀လုံးရွဲ့စောင်းစောင်းလေးကို
နဂါးခေါင်းလှည့်တဲ့ နေရာတည့်တည့်မှာမှ
ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။

( ၆ )
စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ
ခြေလှမ်းတွေက ကျဲခဲ့တယ်..
ဘာတတ်နိုင်မှာလဲ ..
ဒါ....“ချိန်းဆိုချက်”တစ်ခုပါ
ငါ ရောက်အောင် လာခဲ့တယ် .....
ဘယ်သူ့မျက်နှာကိုမှာ လျှာနဲ့လျက်ဖို့မဟုတ်
ငါ့ အလုပ်က
လမ်းမှာ တွေ့ရသမျှ မီးအိမ်တွေကို
လိုက်လံ ထွန်းညှိဖို့ပါပဲ.....။

(၇)
လူတွေ.. လူတွေ.....လမ်းလျှောက်ရင်း သေနေကြ
မြင်မြင်သမျှ အရာအားလုံးဟာ
သားဆိုးမအေ ဆန်လို့။
“ဘာဖြစ်တာလဲ...? ဘာဖြစ်တာလဲ.. ?
အဲဒါ ဘာဖြစ်နေကြတာလဲ....?”
အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်လို
ငါ.....စပ်စုမိ။

နောက် တစ်နာရီလောက်အထိ ဖြစ်ဖြစ်တော့
လူတန်းစေ့အောင် အသက်ရှုလိုက်ကြစမ်းပါ..
ဘာကို စိုးရိမ်နေကြတာလဲ.....?

ဟစ်တလာတောင်မှ သူ့ရဲ့စစ်ပွဲခရာကို
ခုထိ မမှုတ်ရသေးဘူးလေ..
ဒုတိယကမ္ဘာစစ်မဖြစ်ခင်
မိနစ်(၆၀)လောက်တော့
ငါတို့ ကော်ဖီသောက်ချိန်ရပါသေးတယ်။

(၈)
မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား
___

တစ်ခါတရံ
ငါ.....ကြေးစားဆန်ပစ်လိုက်တယ်
ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ .....။

ဒါပေမယ့် ..
အိပ်ယာကသာ အကြိမ်ကြိမ် ထခဲ့ရတယ်
နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး၊
အဲဒီလို....သိပ်အကြောင်းမထူးတဲ့အခါ
ကြေးစားဘ၀ကို ငါ ငြီးငွေ့လာပြန်ရော..... ။

အရှုံးတွေကို
တံဆိပ်ခေါင်းလို တယုတယ
စုနေခဲ့တုန်းကတော့
ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ်..

ကြည့်စမ်း !!
ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက
လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။

(၉)
“ဘ၀ပေးပြီး ရွေးရမယ်...”တဲ့
နိုဝင်ဘာရဲ့ ကြေးက ကြီးတယ်....
(လဲပြီးသေလိုက်ကြပါလား အမျိုးကောင်းသားတို့ရေ..)
“အမှန်တရား”ဆိုတဲ့ ငနဲကလည်း
ပြဇာတ်မင်းသား ဆန်နေလိုက်တာ....

သူ့ကို လူပြောသူပြောများတာ တစ်ခုတည်းနဲ့ပဲ
အကျေနပ်ကြီး ကျေနပ်
ကိစ္စပြတ်နေတော့တာပဲ။

(၁၀)
နာကျည်းစရာ မကောင်းပါဘူး....
ပျင်းစရာပဲ ကောင်းနေသေးတော့ရဲ့.....။

(၁၁)
ငါ့ မွေးနေ့ကို ခရီးဦးကြိုပြုဖို့မလို
ငါ့ ဈာပနကိုလည်း ကျင်းတူးပေးဖို့ အကြောင်းမရှိ
ငါ့မျက်လုံးတွေ ပျင်းရိပျင်းတွဲ အေးစက်တတ်ဖို့နဲ့
သွေးမပျက်တတ်သူတွေသာ
နောက်ဆုံးမှာ အသက်ရှင်ကျန်မယ့်အကြောင်း
ကြေးစားဘ၀က
ငါ့ကို ကောင်းကောင်းသင်ကြားပေးခဲ့ပြီ.....။

(၁၂)
မီးကုန်ယမ်းကုန် အိပ်စက်ခဲ့တာတောင်မှ
အိပ်မက်တွေက မစို့မပို့နဲ့ကောင်....။
(ကိုယ့်ကိုယ်ကိုယ် လှောင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့်....)
အသံထွက်အောင်ကို ငါ ရယ်လိုက်မိတော့တယ် ..

(၁၃)
ငါ .. ပုံပျက်ပန်းပျက်
ငါ .. ပြောင်းတိပြောင်းဆန်
ငါ .. ကျွမ်းထိုးမှောက်ခုံ
အဲဒီလိုဖြစ်နေတဲ့ ငါ့ပုံကို
ကော်ဖီခါးခါးတစ်ခွက်ငုံလို့ ငါထိုင်ကြည့်
ပုခုံးလေးတောင် တွန့်ပြခဲ့မိသေးတယ်။

(၁၄ )
နိုဝင်ဘာနဲ့တူတဲ့ ကောင်မလေးရေ..
မင်းရဲ့အနမ်းတွေကို
စာချုပ်စာတမ်းနဲ့ မွေးစားချင်တယ် ..
မင်းဘက်က အဆင်သင့်ဖြစ်ရင်
အကြောင်းကြားလိုက်ပါ၊
ငါစီးမယ့်ရထားက
ပြဿဒါးနေ့မှ ထွက်မှာ ဖြစ်ပါတယ်။

မှော်ဆရာမလေး

(၁)
ငါ့ကို
အလွမ်းဘဏ္ဍာစိုး ခန့်ပါကွယ်။

(၂)
အချစ်ဆိုတာ မျက်လှည့်တစ်မျိုးပါပဲ။
မင်းက... မျက်လှည့်သေတ္တာထဲကနေ
ငါ့ အိပ်မက်တွေကို ဆွဲဆွဲထုတ်ပြတယ်...။
... ပန်းသီးအပုပ်တစ်လုံး ဖြစ်သွားလိုက်
... ဖဲချပ်တွေ ထွက်လာလိုက်
... ပန်းပွင့်တွေ ထွက်လာလိုက်...နဲ့
ဟော... နောက်ဆုံး
ငှက်အဖြူလေးတစ်ကောင် ဖြစ်သွားပြီး
ဟိုး... အဝေးကြီးကို ပျံသန်းပျောက်ကွယ်သွားတယ်။

(၃)
ဘာမှ မကျန်ခဲ့တော့ဘူး။

(၄)
အစကတည်းကလည်း
ဘာမှ ရှိနေခဲ့တာ မဟုတ်ပါဘူး။

(၅)
မလိမ်မိုး မလိမ္မာနဲ့... ငါကသာ
မင်းကို အခါခါ ယုံခဲ့တယ်...။
စုန်းသွင်းခံထားရသူတစ်ယောက်လိုကို
ယုံခဲ့တယ်။

ငါ့ အိပ်မက်တောင်ယာကို ခုတ်လှဲ
အလွမ်းတွေကိုမှ ပျိုးကြဲသွားခဲ့တဲ့
လူကြီးလူကောင်း ငနဲမလေးရေ...
ဟောဒီမှာ ... ငါဆိုတဲ့ကောင်က
မီးကျွမ်းခံထားရတဲ့ စာရွက်တစ်ရွက်လို
လေတစ်ချက် တိုက်ခတ်လိုက်ရုံနဲ့
စိပ်စိပ်မြွာမြွာ ပဲ့ကြွေလွင့်စင်သွားရတော့မယ်။

(၆)
မင်းရဲ့ မျက်လှည့်သေတ္တာထဲက
နောက်ထပ်...ဘာတွေများ ဆွဲထုတ်ပြဦးမှာလဲ...?

(ရ)
ကောင်မလေးရယ်...
ပြောပါ...
ငါ ရပ်နေရမှာလား
ဆက်လျှောက်ရမှာလား ဆိုတာကို။


မင်းခိုက်စိုးစန်

မနက်ဖြန်သစ်ပင်

အမြစ်တွေ ရှည်လျားလွန်းလိုက်တာ...
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။

မျှော်လင့်ချက်တွေကလည်း
သစ်ရွက်တွေလိုပဲ...
တဖွဲဖွဲကြွေ။
ဒီက...
လေပြေလေညင်းတိုက်မှာကိုတောင်
ကြောက်နေရတဲ့ ကောင်ပေါ့။

နေ့ခင်းကြောင်တောင်မှာမှ
အလွမ်းတွေက တောမှောက်ရက်လေတယ်။
တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ တောအုပ်ထဲမှာ
ငါ ဘာလို့ ဆက်ရှင်သန်မှာလဲ?
လူတွေရဲ့ မျက်ဝန်းကိုက ညှီစော်နံတယ်။

ထားလိုက်ပါတော့လေ...
မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်...။

နာကျင်ခြင်းဆိုတဲ့ အမြစ်တွေနဲ့
မြေကြီးနက်နက်ထဲ တွယ်ကုပ်
ဟောဒီမှာ
မျက်ရည်တွေနဲ့ ငုတ်တုတ်ခြောက်ခဲ့ရတဲ့ သစ်ပင်ဟာ
ငါပါပဲ....။

သေချာသထက် သေချာချင်လို့
တက်ခဲ့ရတဲ့ လှေခါးတစ်တွေသာ များလာတယ်
ကမ်းဝေးသွားတဲ့ လရောင်ကတော့
ရွက်လွှင့်ထွက်သွားလိုက်တာ...
ပြန်ကို..မလာတော့ဘူး။

မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ ဖြစ်တော့မယ်။
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။


မင်းခိုက်စိုးစန်

အိပ်မက်ထဲမှာ ရွာတဲ့မိုး

ကောင်မလေးရေ...
ငါ့အလွမ်းတွေစိုထိုင်း
မိုးငွေ့သယ်တဲ့တိမ်တွေလို မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့ ငိုတော့မယ်....

ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဖက်ဆီက သတိရခြင်းတွေတက်လာတယ်....
ဟောဒီတစ်သက်မှာ
ဘယ်တော့မှ အိမ်မက်မမက်ဘူးတဲ့ကောင်
အခုတော့ အလွမ်းတွေနဲ့ မှောင်လို့
ကယောင် ကတမ်း ညဉ်းရင်းလန့်နိုး
မုန်တိုင်းက မင်းနာမည်ကို ခိုးသွားတယ်...

အဲ့သည် တစ်စုံတစ်ရာသောမိုးလေ
ငါ့ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိမ်မက်တစ်ခုလုံးစွန်းသွားတယ်၊၊

မင်းခိုက်စိုးစန် 

ဘီလူးမရဲ့ဆောင်း

ပန်းကြွေရင် မြေပေါ်ကျပေမယ့်
ကြယ်ကြွေတဲ့အခါ
ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ ...။

ငါကတော့
ဘီလူးမရဲ့ ရင်ခွင်မှာမှ
ဆောင်းခိုခဲ့မိသူပါ ...။

မနေ့ကတင် အကောင်းကြီးရှိသေးတယ်
ငါ ဘာကြောင့် အရောင်ကန်းသွားရတာလဲ ?

ဘီလူးမရေ ...
အိမ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့

မင်းရဲ့လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက်
ငါဟာ ဆိုးဆေးတစ်ပုလင်း ဖြစ်ခဲ့ပါသလား။

ငါ့ကို (လက်သည်းဆိုးဆေးလို)
ဆိုးလွယ် ဖျက်လွယ် သဘောမထားပါနဲ့၊
ငါ့အိပ်မက်တွေက
မင်းကို ကျိန်ဆဲကြလိမ့်မယ်။

မင်းခိုက်စိုးစန် Dec 1991

သေချင်းဆိုးမလေး

ကြည့်ကြ!!! ဟောဒါ. . .
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘ၀ကို ...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ ...
မြင်လား!!! “သူမ” တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲဒီ သေချင်းဆိုးမလေးက)
“မျှော်လင့်ချက်”ဆိုတာကိုလည်း အယုံအကြည် မရှိပေဘူး။
နောက်ပြီး... သူမက
“အရူး”နဲ့ “နတ်ဘုရား”တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဘ၀ဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏ ပြုံးပြနေတတ်သူတွေကိုလည်း
“အာရုံကြောရောဂါ ရနေတယ်”လို့ လှောင်တတ်သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
လောကကြီးရဲ့ အယုယခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ
ခြေမနဲ့ ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံရှာ
“မင်္ဂလာ နံနက်ပါ”လို့ နှုတ်ဆက်ခံရတာကို မုန်း၊
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့အထိ အိပ်တတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
တစ်နေ့ တစ်နေ့... ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က...)
“ဘ၀”ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။
သူမရဲ့ ဘ၀မှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...။
မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။
(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)
“ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ” လို့လည်း မေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
“နစ်ရှေး”ရဲ့ အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီစက္ကူနဲ့ သုတ်ပြီး ထိုင်တဲ့သူ...။
“ကျွန်မက...
ဘယ်သူ့ကို လက်ဆွဲနှုတ်ဆက်ရမှာလဲ
ဒါမှမဟုတ်.. ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ..”
ကဲ!!!
အဲဒီသေချင်းဆိုးမလေးပေါ့
သူမက စိတ်အလိုမကျရင်လည်း
“ဆဲ”တတ်သေးတယ်...။
အဲဒီ သေချင်းဆိုးမလေးပေါ့...။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
...ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဘို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ
အဲဒီ သေချင်းဆိုးမလေးပေါ့...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ဘ၀မှာ...
ကျွန်မက... ကိုယ့်ကိုကိုယ်တောင်
သိမ်းမထားချင်တဲ့...ကောင်”လို့ ပြောခဲ့။
တကယ့်သေချင်းဆိုးမလေးပေါ့...
ဟောဒီမှာ ... မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့အတိုင်းပါပဲ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...။
နားလည်ပေးလိုက်ပါ... လောကကြီးရေ။
“ဘာများ အရေးကြီးလို့လဲ”ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့ မိန်းမ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ .. လောကကြီးရေ
ဒါမှမဟုတ်.. သူမကို ခွင့်လွှတ်ပါ..။
လောကကြီးရေ...
ဒါမှမဟုတ် ... သူမကို ဦးညွှတ်ဂုဏ်ပြုပါ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမှမဟုတ် ...
လောကကြီးရေ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ။
“သူမ”ပေါ့...
...........
နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်းဖြစ်၊
(အဲဒီ သေချင်းဆိုးမလေးကိုမှ)
ငါက...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။

မင်းခိုက်စိုးစန်

အိပ်မက်

(၁)
သံယောဇဉ် အပူတွေနဲ့
(ငါ့ကို) နောက်သလို ပြောင်သလို
လာမလောင်ကျွမ်းပါနဲ့ကွယ်...။

အငွေ့ပျံပျောက်ကွယ်သွားမှာ
ငါ့ကိုယ်ငါ မစိုးရိမ်ပါဘူး ကောင်မလေးရဲ့
ကောင်းကင်မှာ ငွေ့ရည်ဖွဲ့ပြီး
မိုးအဖြစ်နဲ့ ပြန်ရွာချတဲ့အခါ....
ငါ့ကြောင့်
မင်းတစ်ကိုယ်လုံး စိုစွတ်မှာကိုပဲ စိုးတယ်။

(၂)
အိပ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့၊

ကောင်မလေးရေ....
မင်းရဲ့ လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက်
ငါဟာ ဆိုးဆေးတစ်ပုလင်း မဟုတ်ခဲ့ပါဘူး
(ငါ့ကို...)
ဆိုးလွယ်ဖျက်လွယ် သဘောမထားပါနဲ့
ငါ့အိပ်မက်တွေက မင်းကို ကျိန်ဆဲကြလိမ့်မယ်

မင်းခိုက်စိုးစန်

ဂျစ်ပစီတစ်ယောက်ရဲ့ရင်ကွဲပက်လက်

လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်...
..... ..... .....
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား... လို့။

ကောင်မလေးရယ်...
ငါဟာ “တေလေ” ပါ။
ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။

သန့်စင်ချင်လို့
အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။
အပြစ်က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။

မင်းအတွက်တော့ ငါဟာ..
...ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။

ငါ့ကို
“ပြဿနာကောင်” လို့ မပြောပါနဲ့...။
ဖြစ်သမျှတွေ အားလုံးအတွက်
ငါ့မှာ ဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်။
(လောကကြီးကို ပခုံးတစ်ချက်တွန့်ပြီး ပြုံးပြလိုက်ရဲ့)

လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။

ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။

ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။

ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလဲကွယ်..။
ဘာရယ် မဟုတ်ပါဘူး (ငါကတော့ နောက်တာပါ)

ငါဆိုတဲ့ တေလေက
မိန်းမတွေကို ချစ်ရတာ
ဂျင်းဘောင်းဘီ ၀တ်ရတာလောက်တောင်
သက်တောင့်သက်သာ မရှိဘူးလို့ ထင်တဲ့ကောင်။

ငါ့ကို နားလည်တယ်လို့ ထင်တဲ့သူတွေအားလုံးကို
ငါ ရယ်တယ်။
အသုဘချပြီးစ အိမ်လို့.. ငြိမ်ဆိတ်
ဟောဒီမှာ.. တေလေတစ်ယောက်ပေါ့။
သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး
(လောကကြီးကို) ပြုံးတယ်။

ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။

မင်းခိုက်စိုးစန်
(ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ စာအုပ်မှ)

လွမ်းလို့သေသွားတဲ့သစ်ပင်

ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။

မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။

ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော...။

ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်...။

ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်...
အသိဥာဏ်တွေ မှောင်ခဲ့။

(အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)

နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ...
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ...” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်...။

မင်းခိုက်စိုးစန်

ချစ်သူပျောက်ကိုလိုက်ရှာနေတဲ့မှတ်ပုံတင်

(၁)
စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတလေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး....

(၂)
သူမရဲ့ နဖူးကို ထိတယ်ဆိုရုံကလေး ငါနမ်းခဲ့တာပါ...။

(၃)
ဒါနဲ့များ...
အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလက
ရှည်လျားလှချည်လားကွယ်.....
ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာ
ငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်....

(၄)
ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊
ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ....
(မှတ်ပုံတင်တစ်ခုက
သူ့ပိုင်ရှင်ကို လိုက်ရှာနေပုံ
အို....လူတွေကို ပြောပြရင်တောင်
ယုံနိုင်စရာ မရှိပါဘူးကွဲ့)
ငါဆိုတဲ့ကောင်ကလည်း၊ မင်းအတွက်နဲ့
သူများတံတွေးခွက်ထဲ ရောက်ရင်တောင်
ပက်လက်တော့ အမျောခံမှာ မဟုတ်ဘူး၊
မင်းဆီကို လက်ပစ်ကူးပြီး လာခဲ့မယ်

(၅)
စံပယ်ပွင့်ရေ...
အချစ်တွေ ဖျားနာသွားတဲ့အထိ
ငါ့အပေါ်ရွာချလိုက်ပါကွယ်
နှင်းဆီအဖြူတစ်ပွင့် ထိုးစိုက်ထားတဲ့ နံနက်ခင်းနဲ့အတူ
ချစ်သူပြန်လာမယ်.....တဲ့
ရွာလှည့်ပါ......လာခဲ့ပါ......
အချစ်ရေ...
မင်း နောင်တ မရစေရပါဘူးကွယ်။

မင်းခိုက်စိုးစန် (၁၉၉၈)

ခွဲခွါချိန်

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...

သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...
အခုတော့...

နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း...သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။

မင်းခိုက်စိုးစန်

ကံဆိုးကောင်

သည့်ထက်ပိုပြီးမှောင်စရာ...
ဘာကျန်သေးလို့လဲ
လျှပ်စီးတွေ လက်လက်ပြနေတာကိုပဲ
ယုံကြည်ပစ်လိုက်ရတော့မယ်။

ကောင်...မ...လေး...ရေ...
စပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်က
ရနံ့ တစ်ခုတစ်လေတောင်
စိုစွတ်ခွင့် မရပါဘူး။

စိတ်ကူးတွေ အအေးပတ်တာပဲ
အဖတ်တင်တော့ရဲ့...

အရောင်းပြခန်းတစ်ခုရဲ့ နံရံမှာ
ကိုယ့်ကိုကိုယ် ချိတ်ဆွဲပြသထားတာလည်း
၂၆ နှစ်သာ ကြာသွားတယ်
တစ်ခါမှ ဈေးကောင်းပေးဝယ်တာ မခံရပါဘူး။

အခုတော့ ... ဟောဒီ ကောင်မလေးကိုပဲ
ကျေးဇူးတွေ တင်ပစ်လိုက်ရတော့မယ်...
ဝယ်သူမရှိတဲ့ ငါ့ကို
နံရံပေါ်က ဖြုတ်ချ ခိုးယူသွားလို့...

ငါ့ရဲ့ မွတ်သိပ်ခြင်းတွေကို သယ်ပိုးသွားတဲ့
ချစ်လှစွာသော သူခိုးမလေးရေ...
ပေးပါ... ပေးခဲ့ပါ...

ငါ့ရဲ့ လက်နက်ချခွင့်ကို
သနားသဖြင့် ပေးခဲ့ပါ။
ငါ့ရဲ့ အမည်နာမ မရှိတဲ့အဖြစ်နဲ့
မင်းစတိုခန်းရဲ့ ထောင့်ကျဉ်းမှာ
ဟောင်းဟောင်းမြင်းမြင်း လွှင့်ပစ်ခံထားရာက
တရားဝင် သေဆုံးခွင့် ပေးပါ။
ဝေးကွာပြီ ဆိုမှတော့
ငါ့ တနင်္ဂနွေကို ငါ ဖန်ဆင်း
တစ်နေ့ခင်းလုံးပဲ အိပ်ပစ်လိုက်တော့မယ်။

အဲဒါပါပဲ... ကောင်မလေးရယ်
သည့်ထက်ပိုပြီး မှောင်စရာ
ဘာကျန်သေးလို့လဲ !

မတန်ပါဘူးကွယ်...
အဲဒီ...ကံကြမ္မာဆိုတဲ့ တစ္ဆေတစ်ကောင်က
(ငါ့ကို) သေအောင်ပဲ ခြောက်လှန့်နေရော့တယ်။

မင်းခိုက်စိုးစန်

ဖယောင်းတိုင်များ

တစ်စုံတစ်ရာက ဖန်ဆင်းတဲ့အမှောင်ထဲမှာ...
နှင်းဆီပန်းတစ်ခင်းစာ အာရုံခံစားမှုတွေကို
တန်ဘိုးအဖြစ်ပေးချေလို့
ထောင်ချောက်တွေရဲ့ပါးစပ်ကို
ဇက်ကြိုးတပ် ပါးချပ်ဆင်
ငါတို့..စီးနှင်လိုက်ကြမယ်..
တစ်ခြားသူတွေရဲ့အမြင်မှာ..
အသက်ငင်နေတယ်လို့ ထင်ချင်လည်းထင်ရော့
ငါတို့ရဲ့အိပ်မက်တွေကိုတော့
ဆေးပေါ့လိပ် ခပ်ညံ့ညံ့လို
ခဏခဏ မီးသေနေမှာ မလိုလားပါဘူး
ဘုရားသခင်ကို ဖဲယှဉ်ရိုက်ဖို့ ငါတို့စိန်ခေါ်ပစ်လိုက်တယ်
မိုက်ရဲလိုက်ပုံများ....နှလုံးသားကောင်ရေတစ်သန်းအားနဲ့ပဲ
တဖုန်းဖုန်း...လဲကျ..လဲကျ
ကိုယ့်ဘ၀ကိုယ် ပြန်ခွထိုင်ပြီး
စက်ဘီးစီးသင်နေလိုက်ကြတာ...
ကံကြမ္မာကို အလျော့ပေးတတ်ဘို့ ပညာကို
ဘယ်တက္ကသိုလ်မှာမှ မသင်လာခဲ့တဲ့ကောင်တွေလေ...
အဲဒီကောင်တွေက၊ အမှောင်ကိုစီးချင်ထိုးဘို့တဲ့
ကိုယ့်ကိုကိုယ်မီးရှို့ပစ်
ပြီးတော့...အဲဒီသွေးသားဖြစ် အလင်းရောင်ကို
လက်နက်လိုကိုင်ဆောင်လို့
ရာဇသံ တစ်စောင်ပို့လိုက်တယ်
ဟေ့ -အမှောင်!!!!!
မင်းအတွက်ကြိုးမိန့်ကို ငါတို့ယူဆောင်လာခဲ့ပြီ...။

မင်းခိုက်စိုးစန်
(၁၉၉၅)
ရာစုသစ်မြစ်ကျဉ်း(အမှတ်၎)

ကျွန်တော်

ကျွန်တော်လား
တစ်ခါက ကျွန်တော် ရေးခြစ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်လိုပေါ့။

အဖေ....
အသက်(၄၀) ကျော် အမျိုးသား
ဦးနှောက်နဲ့ စကားပြောတယ်။

အမေ....
အသက်(၄၀) ကျော် အမျိုးသမီး
နှလုံးသားနဲ့ သိမ်းဆည်းတယ်။

ကျွန်တော်....
အသက်(၂၀) ကျော် ကောင်လေး
(ဘာကိုမှ မတွေးဘူး)
အိပ်တယ် စားတယ်၊ အိပ်တယ် စားတယ်။
အိပ်တယ် စားတယ်၊ အိပ်တယ် စားတယ်။
အိပ်တာနဲ့ စားတာကြားမှာ
မကြာမကြာ သန်းဝေတယ်။

စိုမှာစိုးလို့ မိုးမိတယ်

ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့. . .
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့.... “ရွာသူ”ရေ
ရင်ခုန်သံတွေကို “ခေါစာပစ်” လိုက်တယ်......
သခင်မ.....
ပျော်ပါ...၊ ပါးပါ...၊ စားပါ...၊ သောက်ပါ...
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း အပြစ်က လွှတ်တော်မှုပါ....။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မှုပါ....။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်း.....အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ....။

မင်းခိုက်စိုးစန်
စိုမှာစိုးလို့ မိုးမိတယ် စာအုပ်မှ

တစ်ကိုယ်တော်

ဘ၀ကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်...။

ဖျားနာမှုကိုမှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ...?

မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။

ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ၀ယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်...။

လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။

“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ”
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။

လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ

မင်းခိုက်စိုးစန်

ကာလနဂါး

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။

“ဘ၀..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
“စောက်ရူး..” လို့ ခေါ်ပါ ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး ။

အို ... မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး ။

မင်းခိုက်စိုးစန်

ဘူတာရုံနဲ့တူတဲ့ ကောင်မလေး

-ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ ခုတ်မောင်ထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ ဘူတာရုံကလေးရေ...လွမ်းတယ်....။
-အရမ်းကြီး မဟုတ်ပေမယ့် ...တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။
-ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်....
ပြောပါ...မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ။
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ....
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ...။
-ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံကလေးဆီ...
....လာမယ်.......။
မင်းရဲ့ ဘူတာရုံကလေးဆီ....
....လာမယ်.......။
- ဟောဒီကောင်.....ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ...။
....နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့ အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့် ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ်

ငါး

(၁)
ငါးတွေဟာ သွေးအေးတယ်
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီ့ရင်ခုန်သံကို
မင်းကြားရလိမ့်မယ် မဟုတ်ပေဘူး။

(၂)
ကြယ်တွေကို ခူးခူးပြီး
မင်းကိုပန်ပေးချင်ခဲ့တာပါ
ဒါပေမယ့်
အိပ်မက်တွေက ဖိတ်တစ်ဝက်စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့်မရလိုက်ဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ ကျတော့ နည်းလွန်းနေခဲ့တယ်။

(၃)
တစ်နေ့ ခင်းလုံး
ကိုယ့်လက်ဖ၀ါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့  အိမ်ဆောက်ကြည့်နေခဲ့တယ်
ငါ ဘာကိုစားသောက်ခဲ့ပြီးပြီလဲ။

(၄)
တစ်ဘ၀စာ
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ
(ဒိပြင်ဘာမှမပိုခဲ့ဘူး)

ကောင်မလေးရေ
ငါဆိုတဲ့ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ
လွမ်းတယ်။

မင်းခိုက်စိုးစန်

ချာတိတ်ကလေးတစ်ယောက်အကြောင်း

ကျွန်တော်ဟာ “မမ” ရဲ့ နွားကလေးတစ်ကောင်ပေါ့။
နစ်ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။

(၂)
အဝေးပြေး လမ်းမကြီးတစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော် .. အိမ်ကို ဘယ်လိုပြန်ရမှာလဲ

(၃)
ငယ်ငယ်တုန်းက အတန်းထဲမှာ
လက်လှဲပြိုင်ရင်
အနိုင်ရချင်တဲ့ ကလေးလေးတစ်ယောက်ဟာ
……… ကျွန်တော်ပေါ့။
အခုတော့ ………
နွေရောက်ရင် သိမ်းဆည်းထားရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကို လုံးထွေးပြီးတော့သာ
ထိုးထည့်လိုက်ရတော့တယ်။

(၄)
အလွမ်းတွေကို ဂြိုလ်စာကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။

(၅)
ကျွန်တော့်ကို အပြစ်မတင်လိုက်ကြပါနဲ့ဗျာ … ၊
မမြင်ဖူးတဲ့ လူအတွက်တော့
“မူး” ကိုလည်း “မြစ်” လို့ထင်ခွင့်ရှိတယ် မဟုတ်လား။



မင်းခိုက်စိုးစန်

တယ်လီဖုန်း

“ချစ်တယ်” လို့ ခဏခဏ ပြောဖို့
မနှမြောစမ်းပါနဲ့၊
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး ...။

ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ ...?
(တစ်ယောက်ကို တစ်ယောက်) နားမလည်တာလည်း
မဟုတ်ဘဲနဲ့ ...။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက်
သံသယတွေ ဖြစ်နေကြတာလဲ ...?
“ယုံကြည်ပါ” လို့ ပြောစရာ မလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့သားနဲ့။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ ...?
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ် ...။

ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့် အကဲခတ် နေကြပုံမျိုး ...။
ဒါ ... စစ်တုရင် ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ် ...။

မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ၊
ငါ လွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်၊
“ချစ်တယ်” ဆိုတဲ့ စကားလုံးကို မကြာခဏပြောဖို့
... မနှမြောစမ်းပါနဲ့။

အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပဲ
မင်းက ဘာစကားမှ မပြောဘဲ ဖုန်းကိုပိတ်ထားရင်
ဘာမှ အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
... ဘာထူးတော့မှာလဲ။