Saturday, 24 December 2011

ဗေဒါလမ်း(၃၈) ဒီရေသမီး

ဒီချောင်းမှာနေ၊ ဒီရေမှာ သူကြီး။
ပီပေသည် ဒီရေ သမီး၊ ချောင်းကောက်ကွေ့ခရီး။

ဒီတက်ချိန်တန်၊ မဆန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေဦးမှာ၊ မြူးတတ်လေခြင်း။

ဒီတက်ချိန်ကုန်၊ မစုန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေကျမှာ၊ လှတတ်လေခြင်း။

မတွေ့ချင် မမြင်ချင်၊ မဝင်ချင်သော်လဲ။
ဝင်လိုက်တယ် မယ်မလွှဲ၊ ချောင်းဒီဆိုင်ဝဲ။

မကွဲချင် မကွာချင်၊ မခွာချင်သော်လဲ။
ခွာလိုက်တယ် မယ်မစွဲ၊ ချောင်းရေဆိပ်တဲ။

ဆန်သူလဲမဗေဒါ။
စုန်လိုက် သူဆိုလျှင်လဲ၊ သင်းပဲဗေဒါ။
အဆန်ရဲ အမြဲသာ၊ စုန်ချိန်ခါ စုန်သည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ ခရီး။

ဝင်သူလဲ မဗေဒါ။
ခွာလိုက် သူဆိုလျှင်လဲ၊ သင်းပဲဗေဒါ။
အဝင်ရဲ အမြဲသာ၊ အစဉ်ခွာ ခွာသည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ ခရီး။ ။

ဇော်ဂျီ

No comments:

Post a Comment