Saturday, 24 December 2011

ဗေဒါလမ်း( ၃ ) ဘယ်ရွာဆိပ်ကမ်း

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ။
ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း။
သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။

ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာထိုင်။
ဘုတ်မက တိုင်၊ ကျူတိုင်ကအေး။
ရေစီးနဲ့လာ၊ ရေသာမှာပြန်လို့မြန်းတဲ့။
မဗေဒါစုန်ဆန်လမ်းကို၊ လွမ်းတယ်တဲ့လေး။

စုန်ပါတဲ့ဆန်ပါ
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့သာ။
ဘယ်မြို့ကလာ၊ ဘယ်ရွာဆိပ်ကမ်း။
အပွင့်အပြာရောင်နဲ့
ဘယ်သောင်မှာ နေချိုအေးလျင်၊ မှေးအိပ်မယ်မှန်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)

No comments:

Post a Comment