Saturday, 24 December 2011

သူပုန်ချစ်စိတ်လရောင်ရိပ်ဝယ်

လခြမ်းဖွေးဖွေး၊ တံစဉ်ကွေးလည်း
မှေးမှေးသွင်သွင်၊ ရေးရေးထင်သော်
ယခင်ရှေးခါ၊ သူနှင့်ငါတို့
စန္ဒာရိပ်ဆွယ်၊ ချစ်တုံ့လှယ်သည်
ရည်ရွယ်သစ္စာ ပန်တော့သည်။

ပန်ပင်ပန်လည်း၊ ချစ်မငြီးအား
စွန့်ပြီးတထွေ၊ သည်စစ်မြေသို့
မသွေမှုထမ်း၊ ချီတက်လှမ်းသည်
လွတ်လမ်းကြောင့်သာ မှန်တော့သည်။

မှန်ပင်မှန်လည်း၊ လွတ်ခရီးကား
မနီးမလွယ်၊ ရန်သွယ်သွယ်ကြောင့်
တို့ဝယ်မနှေး၊ ဇာနည်သွေးဖြင့်
သက်ပေး၍သာ ဖန်တော့သည်။

ဖန်ပင်ဖန်လည်း၊ တစ်ခုတည်းဟု
ဆုကြီးသဖွယ်၊ သွေးနှင့်လှယ်သည့်
တို့ဝယ်မျှော်မှန်း၊ လွတ်လပ်ပန်းကား
မလန်းရောင်မှိန်၊ ရွှေရည်စိမ်မို့
လူလိမ်ငပု၊ သူ့ရန်စုကို
အန်တု၍သာ လှန်တော့သည်။

လှန်ပင်လှန်လည်း၊ တို့မြေကြီးကား
ဝဋ်မီးကြမ္မာ၊ မကုန်ရှာခဲ့
ဇာတာချွတ်ယွင်း၊ နယ်ချဲ့မင်း၏
ထန်ပြင်းနှိပ်ကြောက်၊ ဖိနှိပ်အောက်၌
ပြားမှောက်ဝပ်စင်း၊ မလွတ်ကင်းသည်
ဒုံရင်းကိုသာ ပြန်တော့သည်။

ပြန်ပင်ပြန်လည်း၊ အချည်းနှီးဟု
မြို့ကြီးမခို၊ တောရပ်လျှို၍
ထိုထိုတစ်စု၊ သင်းဗိုလ်ထုဖြင့်
လွတ်ဆုကိုသာ၊ ကြိုးပမ်းရှာမည်
သည်မှာင့ါစိတ် သန်တော့သည်။

သန်ပင်သန်လည်း၊ ငါ့ခရီးကား
ခက်ကြီးရင်ဆိုင်၊ တွန်းမနိုင်ခဲ့
မြဲခိုင်စိတ်ထား၊ ဇွဲအင်အားနှင့်
တိုက်ငြားရန်မှုန်၊ ငါတို့ 'ဂုဏ်'ကို
သူပုန်ဓားပြ၊ ထပ်တူဆ၍
တိုင်းမပြည်စိုး၊ သူနှိမ်ချိုးသည်
ရန်မျိုးထွေကာ လျှံတော့သည်။

လျှံပင်လျှံလည်း၊ မှုမကြီးခဲ့
ရန်မီးရန်စွယ်၊ တွန်းလှန်ပယ်၍
ရည်ရွယ်ရင်းမှု၊ သည်လွတ်ဆုကို
လွယ်နုကြမ်းခက်၊ လမ်းနှစ်ဖက်နှင့်
နေ့ရက်မကြာ၊ ဆွတ်မည်သာဟု
ထပ်ကာဇောကြွေ့၊ သည်တောကွေ့၏
တဲရှေ့သာသာ၊ မြေ၀ါဝါတွင်
ထိုင်ကာမျှော်ငေး၊ ဖန်ဖန်တွေးသည်
လွတ်ရေးစိတ်သာ ထန်တော့သည်။

လခြမ်းရေးရေး၊ တံစဉ်ကွေးလည်း
အသွေးကြည်ကြည်၊ မိုးယံဆီမှ
ငွေရည်ဆင်းကြွ၊ ၀င်းဝင်းပလျက်
ရွယ်လှပျိုမျစ်၊ ငါ့အချစ်ကား
ရက်နှစ်လကြာ၊ ငါနှင့်ကွာ၍
ခန်းသာရိပ်လယ်၊ ဆွေးစိတ်ကြွယ်လိမ့်
သို့နှယ်မလွမ်း၊ သို့မတမ်းဘဲ
စိတ်ဝမ်းမာန်ခု၊ 'သူပုန်'သူ့ကို
ဘယ်မှုကြောင့်တမ်း၊ တို့မလွမ်းဟု
ချစ်ခန်းကိုရပ်၊ ချစ်စိတ်ဖြတ်က
ဘယ်တတ်နိုင်ပါ၊ နယ်ကျွန်ငါသည်
သည်မှာဆွေးရစ်.... ကျန်တော့မည်။

ငွေတာရီ (၁၉၄၇)

No comments:

Post a Comment