အိပ်လို့ မရ
ညကြီးမင်းကြီး ထပြီးထိုင်နေ
မွေ့ ရာတွေလဲ ကြေမွတွန့် လိပ်
သိပ်စိတ်ညစ်တယ် သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မရ။
အပြင်ဘက်မှာ
သစ်ရွက်တွေကြာ ကြယ်လေးငါးပွင့်
စကားပင်အို ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ မြက်ချုံတွေထဲ
တစ္ဆေငါကိုယ်တိုင်ပါပဲ။
ခုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ် မတ်တတ်ထလိုက်
ခန်းဝကိုလာ ဝရန်တာမှာ
သည်မှာတစ်ယောက် တစေခြောက်လှန့် 
ကြောက်ကြောက်နှင့်ကြည့် မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် အော်ငိုချင်မိ
တဆင်ထဲပဲသူနဲ့ ငါ။
မြစ်နက်ထဲမှာ
ငါရေနစ်မြုပ် ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ငါနေနားလိုက်
ဘုရားရှေ့ မှောက် ဒူးထောက်ရောက်ပြန်။
မောပန်းလျနှင့်
တစ်ယောက်သောငါ ငါများစွာမှ
ထလာလွင့်ပါး မောင့်အနားကို
စကားထွေရာ ငိုသံပါနှင့်
ဘာမှမကြား မောင့်အနားမှာ
ထသွားစို့ ဆို မေ့ကိုအိပ်မက်
မမက်ဘူးလား တစေဖြားယောင်း
မှုန်မွှားစိတ်ဝယ်အရိပ်ထင်။
No comments:
Post a Comment